သမ္မာဝါယာမ မှန်ကန်သောကြိုးစားမှုရှိခြင်း၊ သမ္မာသတိ မှန်ကန်သော သတိရှိခြင်း၊ သမ္မာသမာဓိ မှန်ကန်သော စိတ်တည်ငြိမ်မှုရှိခြင်း ဆိုရာဝယ်

Type

 

မောင်မောင်လင်း (သံအမတ်ကြီး) 
 

 

လူတိုင်းဟာ နေ့စဉ်ဘဝမှာ နေထိုင်စဉ်မှာပဲ ကိုယ်ကျင့်တရားကောင်းမွန်အောင်၊ လုံ့လဝီရိယနဲ့ အသိပညာရအောင် ကြိုးစားအားထုတ်နေမှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီထဲမှာမှ လူတွေရဲ့အခြေခံသဘောဟာ ကိုယ်ကျင့်သီလကောင်းဖို့ လိုအပ်သလို အရာရာမှာ ကြိုးစားအားထုတ်ဖို့၊ အထူးသဖြင့် အသိပညာ၊ အတတ်ပညာရရှိအောင် ကြိုးစားအားထုတ်နေဖို့ လိုအပ်ပါတယ်။ 

 


တစ်ခါတလေ မိမိ ကြိုးစားသလောက် မအောင်မြင် တာမျိုးလည်း  ရှိတတ်တာကြောင့်  တချို့ကိစ္စတွေမှာ အတိတ်ဘဝက    မကောင်းတဲ့အပြုအမူ ပြုလုပ်ခဲ့ဖူး တဲ့   အကြောင်းတရားနဲ့     ဆက်စပ်မှုရှိနိုင်ပါတယ်။ ဘဝဆိုတာကိုက   ကံက   ထုတ်လုပ်လိုက်တာဖြစ်ပြီး ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ရာမှ ဘဝဆိုတာဖြစ်ပေါ် လာတာဖြစ်လို့ ဘယ်ဘဝပဲဖြစ်ဖြစ် ကံရဲ့အကျိုးသာ ဖြစ်ပါတယ်။ 

 


ဒါ့ကြောင့်မို့     လက်ရှိရလာတဲ့   ဘဝထဲမှာပဲ ကောင်းတဲ့အရာတွေကို မပြတ်လုပ်ကိုင်ခြင်းမျိုးဖြင့် ယခင် မကောင်းတဲ့ကံတွေကို   မပြုပြင်နိုင်ရင်တောင်မှ မကောင်းတဲ့ကံ  အကျိုးပေးခွင့်  အခွင့်မရအောင်၊ ကုသိုလ်တရားတိုးပွားအောင်လုပ်ပြီး ဟန့်တားထားလို့ ရပါတယ်။ အခု ဘဝမှာလည်း အဲဒီလို မကောင်းတဲ့ကံမျိုး မလုပ်မိအောင်၊ ကောင်းတာတွေကိုသာ လုပ်မိအောင် ကြိုးစားအားထုတ်ပြီး   နေထိုင်ဖို့   လိုအပ်တယ်လို့ ပါမောက္ခချုပ် ဆရာတော်ကြီးက မှန်ကန်သောကြိုးစားမှု  ရှိခြင်း၊ သမ္မာဝါယာမ    (Right Effort)   နဲ့  စပ်လျဉ်းပြီး ဆုံးမခဲ့တာကို နာယူမှတ်သားခဲ့ဖူးပါတယ်။ 

 


ဒါ့အပြင်   မိမိကိုယ်တိုင်   ကြိုးစားရုံသာမက  သူတစ်ပါးကိုလည်း တိုက်တွန်းမှု (Encouragement) လုပ်ပေးသင့်တယ်၊ ကြိုးစားအားထုတ်တဲ့ အခါမှာလည်း သတိဆိုတဲ့ Mindfulness လည်းရှိရမယ်၊ ဆင်ခြင်တုံ တရားလို့ဆိုတဲ့ ပညာလည်းရှိရမယ်၊ ဒါမှကြိုးစားမှု ဟာ အကျိုးသက်ရောက်မှုဖြစ်မှာဖြစ်တယ်။ အသိပညာ မပါဘဲ ကြိုးစားအားထုတ်နေရင်  အောင်မြင်နိုင်တဲ့ကြိုးစားမှုဖြစ်မှာမဟုတ်လို့ နည်းလမ်းတကျကြိုးစားမှု၊ သမ္မာ သတိ (Right Mindfulness) ဖြစ်စေဖို့ လိုအပ် တယ်လို့လည်း ဆရာတော်ကြီးက ဆုံးမခဲ့ပါတယ်။

 


 မိစ္ဆာအာဇီဝ မဖြစ်ဖို့ လိုအပ်


မိမိရဲ့နေ့စဉ်ဘဝမှာ ဝစီဒုစရိုက်တွေဖြစ်တဲ့ “လိမ် တာ၊   တစ်ဦးနဲ့  တစ်ဦးမတည့်အောင်  လုပ်တာ၊ ရိုင်းပြတဲ့စကားပြောတာ၊ အကျိုးမဲ့တဲ့စကားပြောတာ”။  ကာယဒုစရိုက်တွေဖြစ်တဲ့    “သူများအသက်ကို သတ်တာ၊ သူများပစ္စည်းဥစ္စာကို   ခိုးတာ၊   သူများ သားမယားကို  ပြစ်မှားတာ”။ မနောကံဒုစရိုက်တွေ ဖြစ်တဲ့ “အဘိဇ္စျာ (လွန်ကဲစွာ  အလိုရှိခြင်း)၊   ဗျာပါဒ (ပျက်စီးစေရန်ကြိမ်ဆဲခြင်း) နဲ့ မိစ္ဆာဒိဋ္ဌိ(အယူမှားခြင်း)” စတဲ့ ဒုစရိုက်မှု ၁၀ မျိုးကို မလုပ်မိအောင် ကြိုးစားနေဖို့ လိုအပ်ပါတယ်။ 

 


အဲဒီ ဆယ်မျိုးမှာပဲ  “ကိုယ်တိုင်၊  တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ” ဆိုတဲ့လေးမျိုးနဲ့  ငြိစွန်းသွားခဲ့ရင် စုစုပေါင်း အမျိုး ၄၀ အထိ ဖြစ်သွားမှာ ဖြစ်တယ်လို့ လည်း နာယူခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ဆောင်ပြုမူ မိသွားခဲ့ရင်  မိမိဟာ သမ္မာဝါစာ (Right Speech) မဂ္ဂင်နဲ့ သမ္မာကမ္မန္တ (Right Action) မဂ္ဂင် ပျက်စီး သွားပြီဆိုတာ   သတိပြုမိဖို့   လိုအပ်ပါတယ်။ အဲဒီ ဒုစရိုက်မှုမျိုးတွေနဲ့         ငွေကြေးရယူခဲ့ရင်တော့ မိစ္ဆာအာဇီဝနဲ့ အသက်မွေးမိသလိုဖြစ်သွားမှာပါ။

 


သမ္မာဝါယာမ(Right Effort)နဲ့ သမ္မာသတိ     (Right Mindfulness) မဂ္ဂင်


ဒီနေရာမှာ အဲဒီဒုစရိုက်အပြုအမူတွေနဲ့ ဆန့်ကျင် တဲ့ ကောင်းမွန်တဲ့အလုပ်တွေကို  ကိုယ်တိုင်လုပ်ဆောင် ရမယ်၊   မဟုတ်ရင်တောင်မှ   “တိုက်တွန်း၊   ချီးမွမ်း၊ စိတ်တူ”   ဖြစ်နေဖို့တော့    လိုအပ်မှာ   ဖြစ်တယ်လို့ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတော်တွေမှာ နာယူရဖူးပါတယ်။   နောက်တစ်ခါ  ကောင်းတာကို မလုပ်နိုင်ခဲ့ရင်တောင်မှ  မကောင်းမှန်းသိနေတဲ့ အရာ တွေကို မလုပ်မိစေဖို့ အနည်းဆုံးတော့ “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ” ဆိုတဲ့ လေးမျိုးအတိုင်း နေ့စဉ်   ပြောဆို၊   ပြုမူ၊   ကျင့်ကြံ၊   နေထိုင်သွားနိုင်ဖို့ အားထုတ်လုပ်ဆောင်နေခြင်းမျိုးဟာ   ကောင်းမွန် မှန်ကန်တဲ့  ကိုယ်ကျင့်တရားနဲ့   ညီညွတ်တဲ့   သီလ မဂ္ဂင်လမ်းမပေါ်မှာ လျှောက်လှမ်းနေတာပဲဖြစ်တယ် လို့ မှတ်ယူနိုင်ပါတယ်။ 

 


တချို့သော   ပုဂ္ဂိုလ်တွေဟာ   အဲဒီဒုစရိုက်မှုမျိုး မဖြစ်ပွားစေရေးအတွက် ကာကွယ်တားဆီး အရေးယူ ရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရပါတယ်။ Law Enforcement Person ကဲ့သို့ သော    ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။    အမှန်ကတော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်လျက်ရှိတဲ့ နိုင်ငံသားတိုင်းဟာ        ဒီလိုအပြုအမူမျိုးအပေါ် ကာကွယ်တားဆီးပေးရမယ့်        တာဝန်ရှိပါတယ်။ Whistle Blowing  လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အဲဒီဒုစရိုက်မှု ၁၀ မျိုးနဲ့ ငြိစွန်း နေတဲ့ လုပ်ငန်းမျိုးတွေနဲ့  ငွေရှာတဲ့သူတွေ အများကြီး ရှိလာပြီး    လူမှုကွန်ရက်နဲ့   သတင်းမီဒီယာတွေကို အသုံးချပြီး အွန်လိုင်းကတစ်ဆင့် ကိုယ်တိုင်ငွေရှာနေ ကြသလို “တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ”နဲ့  ငြိစွန်း နေတဲ့အပြုအမူတွေကို သိသိချည်းနဲ့ ပျော်ပျော်ပါးပါးကြီး လုပ်ဆောင်နေကြတဲ့သူတွေလည်း   ရှိနေပါတယ်။ လူသားတစ်ဦးအနေနဲ့      လူ့အသိုင်းအဝိုင်းထဲမှာ ပုံမှန်နေထိုင်နေရင်းနဲ့ပင်       သီလမဂ္ဂင်တရားတွေနဲ့ ညီညွတ်တဲ့      ကိုယ်ကျင့်သီလ    မပျက်ယွင်းအောင် ကြိုးစားပြီး ပြုမူနေထိုင်လုပ်ကိုင်ခြင်းမျိုးဟာ  သမ္မာ ဝါယာမ (Right Effort) မဂ္ဂင်ကို ကျင့်သုံးစောင့်ထိန်း နေတာပဲဖြစ်တယ်လို့    နာယူမှတ်သားမိပါတယ်။ အဲဒီလို ကျင့်သုံးဆောက်တည်နိုင်အောင် အမြဲမပြတ် မိမိကိုယ်ကိုသတိပေးနေခြင်း၊ သတိရှိရှိနဲ့ နေထိုင်ခြင်း ဟာ သမ္မာသတိ(Right Mindfulness) မဂ္ဂင်ကိုကျင့်သုံး စောင့်ထိန်းနေတာပဲဖြစ်တယ်လို့   နာယူမှတ်သား မိပါတယ်။

 


ပစ္စုပ္ပန်မှာ အာရုံမရောက်


Cognitive Exit ဆိုတာ  ပစ္စုပ္ပန်မှာ  အာရုံမရောက် ဖြစ်နေတာမျိုး၊   စိတ်နဲ့လူ  မကပ်ဖြစ်နေတာမျိုး၊ မသက်ဆိုင်တာလုပ်နေတာမျိုးလို့လည်း အဓိပ္ပာယ်ရပါ တယ်။ ဥပမာအားဖြင့် စာသင်ခန်းတစ်ခုထဲမှာ ဆရာ က ရှေ့ကအားကြိုးမာန်တက် သင်ကြားနေချိန်မျိုးမှာ ကျောင်းသားက Ipad/ Laptop/ Telephone ပွတ်နေ တာမျိုးပါ။   ဒီလိုမျိုးလုပ်နေတာကတော့    သိသိနဲ့ လုပ်ဆောင်တာဖြစ်ပေမယ့်     ယေဘုယျအားဖြင့် တော့  မိမိရဲ့ စိတ်ပျံ့လွင့်နေတာ၊ Cognitive Exit ဖြစ်နေတာကို သိနိုင်ဖို့ခဲယဉ်းလှပါတယ်။ လူကတော့ တစ်ခုခုအပေါ်     အာရုံစိုက်ပြီး၊      စိတ်ထဲနှစ်ပြီး လုပ်နေတဲ့ အခိုက်အတန့်မျိုးမှာပင် အာရုံက တခြား တစ်နေနေရာကို ရောက်သွားတတ်တာကို သိလိုက်ပြီး အာရုံကို အချိန်မီပြန်ထိန်းသိမ်းနိုင်တဲ့    ပုဂ္ဂိုလ်မျိုး တွေကတော့  Cognitive Exit  ရဲ့ သဘောသဘာဝကို လွယ်ကူစွာ သိရှိသဘောပေါက်ကြမယ်လို့ ယူဆ ပါတယ်။ 

 


ဒါဆိုရင် အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ သတိ(Mindfulness) ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါပြီ။ သူဟာ ကောင်းမွန်၊ မှန်ကန်တဲ့ “အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်” ဆိုတဲ့ သီလ မဂ္ဂင်ကျိုးပေါက်မသွားအောင်၊ တိမ်းစောင်းသွားခြင်း မရှိအောင် အမြဲဂရုတစိုက် ထိန်းသိမ်းလုပ်ဆောင်နေမှာ ဖြစ်တဲ့အပြင် အကယ်၍ သူ့ရဲ့သီလကို ညစ်နွမ်းစေနိုင်တဲ့ အာရုံမျိုး မတော်တဆဝင်လာခဲ့ရင်တောင်မှ ချက်ချင်း သတိကပ်ပြီး ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ သမ္မာသတိလို့ခေါ်တဲ့ Right Mindfulness မဂ္ဂင်ကို ကျင့်သုံးပြီးနေထိုင်နေတာဖြစ်လို့  အဲဒီလိုပုဂ္ဂိလ်မျိုးဟာ ကုသိုလ်တရား     မပွားများနိုင်တောင်မှ     အကုသိုလ် တွေကိုတော့   သေချာပေါက်    ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

 


သမ္မာသမာဓိ  (Right Concentration)  မဂ္ဂင်


လူပုဂ္ဂိုလ်တစ်ဦးဟာ ကံနဲ့စပ်လျဉ်းတဲ့ ယုံကြည် ချက်ရှိလာပြီးရင်  ခိုင်မာတဲ့  ဇွဲ၊  ဝီရိယလည်း  ရှိဖို့ လိုအပ်ပါတယ်။   ဝီရိယမရှိရင်တော့  လောကမှာ အောင်မြင်မှု မရနိုင်ပါ၊ ဝီရိယဟာ အောင်မြင်ခြင်းရဲ့ တစ်စိတ်တစ်ဒေသပါဝင်တဲ့ အချက်ဖြစ်နေတာကြောင့် လုံ့လ၊ ဝီရိယရှိမှသာ အောင်မြင်မှုရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မှာဖြစ်ကြောင်း နာယူမှတ်သားခဲ့ဖူးပါတယ်။ ကြိုးစားတဲ့အခါမှာလည်း ကြိုးစားရုံမျှနဲ့ မရနိုင်ဘဲ သတိနဲ့ကြိုးစားမှသာ အောင်မြင်မှုကိုရရှိနိုင်မှာဖြစ် ပါတယ်။ သတိဆိုတာ Mindfulness ဖြစ်ပြီး ကိုယ်လုပ် နေရမယ့် အလုပ်အပေါ်မှာ သတိထားရှိပြီး လုပ်ရမှာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကနေ့လုပ်တယ်၊ မနက်ဖြန် လုပ်ချင်မှ     လုပ်မယ်ဆိုတာမျိုး   မဟုတ်ဘူးလို့ ဆရာတော်ကြီးထံမှ နာယူခဲ့ဖူးပါတယ်။ 

 


အလုပ်လုပ်တဲ့ အခါမျိုးမှာ စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိရှိနေဖို့လည်း  လိုအပ်ပါတယ်။ လူတစ်ယောက် ဟာ စိတ်မတည်ငြိမ်ဘူး၊  ဂနာမငြိမ်ဘူးဆိုရင်လည်း အောင်မြင်မှုမရနိုင်လို့  စိတ်တည်ငြိမ်မှုဟာ  အလွန် အရေးကြီးတယ်၊ တရားအားထုတ်မှ သမာဓိလိုတာ မဟုတ်၊  ဘာအလုပ်မျိုးလုပ်လုပ်  စိတ်တည်ငြိမ်မှု၊ သမာဓိရှိရမှာဖြစ်တယ်။   စိတ်တည်ငြိမ်မှု   မရှိရင် ဘယ်လိုကိစ္စမျိုးမှ အောင်မြင်မှာ မဟုတ်ဘူး။  သမာဓိ ဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ စိတ်တည်ငြိမ်နေတာ မျိုးကို   ခေါ်တာဖြစ်တယ်၊   စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေဖို့ အရေးကြီးလို့ စိတ်တည်ငြိမ်ပြီး သမာဓိ ရှိမှသာ   မိမိလုပ်ဆောင်နေတဲ့   လုပ်ငန်းကိစ္စအဝဝ အောင်မြင်မှာဖြစ်တယ်လို့   ဟောကြားခဲ့ပါတယ်။ ဒါဟာ မှန်ကန်သောစိတ်တည်ငြိမ်မှုရှိခြင်း၊ သမ္မာသမာဓိ  (Right Concentration)  မဂ္ဂင်ကို လိုက်နာကျင့်သုံး နေတာပဲဖြစ်တယ်လို့ နာယူမှတ်သားမိပါတယ်။

 


အောင်မြင်မှု၊  ရှုံးနိမ့်မှုတို့နဲ့ ဆက်နွှယ်တဲ့ ဖော်မြူလာများ


ဆရာတော်ကြီးရဲ့   တရားတော်များကို   နာယူ မှတ်သားနေစဉ်မှာပဲ ကျွန်တော်ဟာ MBA ဘွဲ့အတွက် သင်ကြားရေးမှာပါရှိတဲ့       အဖွဲ့အစည်းသီအိုရီ   (Organizational Theory)  နဲ့    အဖွဲ့အစည်းများမှ သင်ယူလေ့လာမှု  (Learning from Organization) ဘာသာရပ်ထဲက “အတွေ့အကြုံများမှ လေ့လာမှု” (Learning  from  Experience)  သင်ခန်းစာမှာ “Success=Function(Talent, Chance)” အောင်မြင်မှု ဆိုတာ   အရည်အချင်းနဲ့    အခွင့်အလမ်းအကြား ဆက်နွှယ်ပတ်သက်နေမှု၊    “Failure=Function (Lack of Talent, Chance)” ရှုံးနိမ့်မှုဆိုတာ အရည် အချင်းကင်းမဲ့မှုနဲ့ အခွင့်အလမ်းအကြား ဆက်နွှယ် ပတ်သက်နေမှုဆိုတဲ့  နာမည်ကျော်စိတ်ပညာရှင်တစ်ဦး ဖြစ်ပြီး   စီးပွားရေးဘာသာရပ်နဲ့   နိုဘယ်ဆုရခဲ့သူ Daniel Kahneman ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတို့နဲ့ ဆက်နွှယ်တဲ့  ဖော်မြူလာတွေကို    သွားသတိရမိခဲ့ ပါတယ်။ 

 


သူကထပ်ပြီး “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ စွမ်းဆောင်ရည် (Performance) ဟာ ကျွမ်းကျင်မှု (Skill) နဲ့ ကံကောင်းခြင်း (Luck) အပေါ်မှာလည်း မူတည်တယ်” လို့   ဆိုခဲ့ပါသေးတယ်။   ဝီရိယရှိမှု၊ ကြိုးစားအားထုတ်မှုနဲ့စပ်လျဉ်းပြီး  အနောက်တိုင်း ပညာရှင်တွေ ဖော်ထုတ်ထားတဲ့ သီအိုရီတစ်ခုလည်း ရှိပါသေးတယ်။ Regression to the mean ဆိုတဲ့ သီအိုရီပါ။ Mean ဆိုတဲ့ စကားလုံးက စာရင်းအင်းပညာ (Staticstics) မှာ သုံးလေ့ရှိပါတယ်။ အလွယ်ပြော ရင်တော့ (Average) ပျမ်းမျှပေါ့။

 

ဘာသာရပ်စကား ကတော့ “သမတ်ကိန်း”၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့နေရာ(ကိုယ်နဲ့တန်တဲ့နေရာ)ဆိုရင်  ပိုနားလည်မယ် ထင်ပါတယ်။ ဒါကြောင့်   ကျွန်တော့်အနေနဲ့   အဲဒီ သီအိုရီကို         “ဖြစ်သင့်ဖြစ်ထိုက်တဲ့       နေရာမှာသာ ဖြစ်တည်မှု” လို့  အမည်တပ်လိုက်ပါ့မယ်။ သူတို့က  ဖန်ဆင်းရှင်ဝါဒီတွေဆိုတော့ အရာရာကို ဘုရားသခင်က ဖန်ဆင်းပေးထားတယ်။  အားလုံးရဲ့ဖြစ်တည်မှုကို ဘုရားသခင်က   ပြဋ္ဌာန်းပေးပြီးသားမို့လို့   မင်းဟာဘယ်လောက်ကြိုးစားအားထုတ်မှုလုပ်လုပ် နောက်ဆုံး ရလဒ်ကတော့  “မင်းရဲ့ဖြစ်သင့်တဲ့နေရာ    (မင်းနဲ့ တန်တဲ့နေရာ)မှာပဲ   ရှိနေမှာပါ”၊  “ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ ရလိမ့်မယ်” ဆိုတဲ့ သီအိုရီမျိုးပါ။ ဥပမာအားဖြင့် မောင်ဖြူဆိုတဲ့ ကျောင်းသားလေးရဲ့ ပညာရည် ထူးချွန်မှုဟာ အမှတ်  ၈၀  လောက်ပဲရှိ တယ်ဆိုကြပါစို့။  စာမေးပွဲတစ်ကြိမ်မှာ   သူဟာ ကံကောင်းစွာ  ကျက်ထားတဲ့မေးခွန်း    တိုးတာနဲ့ အမှတ် ၉၀ ရခဲ့ပါတယ်။ ဒါဟာသူ့အတွက် အမြင့်ဆုံး ရရှိနိုင်တဲ့   အမှတ်ဖြစ်နေခဲ့ရင်   နောက်တစ်ကြိမ် စာမေးပွဲမှာ အမှတ် ၉၀ အောက်ပဲရပြီး သူ့အတွက် ဘုရားသခင်က ပြဋ္ဌာန်းပေးပြီးသားဖြစ်တဲ့   အမှတ်  ၈၀  အနီးကို ပြန်ချဉ်းကပ်သွားလိမ့်မယ်။  အဲဒီလိုမျိုးပဲ ကံဆိုးခဲ့ လို့ သူ့အတွက်   ပြဋ္ဌာန်းပေးထားတဲ့   အမှတ်ဖြစ်တဲ့  အမှတ်  ၈၀  အောက်က  အနည်းဆုံးဖြစ်တဲ့ အမှတ် ၆၀ ရခဲ့ရင်လည်း  နောက်တစ်ကြိမ်မှာ ပြန်များကို များလာပြီး  သူ့အတွက်  ပြဋ္ဌာန်းအမှတ် ၈၀ အနား ပြန်ကိုရောက်လာလိမ့်မယ်လို့ ဆိုပါတယ်။

 


ကံကြမ္မာရဲ့ မျက်နှာသာပေးမှု


အဲဒီသီအိုရီနဲ့စပ်လျဉ်းပြီး Daniel Kahneman ဟာ လေတပ်က တိုက်လေယာဉ်မောင်းနှင်သူတစ်ဦးနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ လေသူရဲတစ်ဦးရဲ့ စွမ်းဆောင် နိုင်မှု အဆင့်ဟာ ယေဘုယျအားဖြင့် အမြင့်ဆုံး ၁၀ မှတ်မှာ ၆ မှတ်လောက်ရနေပြီး တစ်ခါတလေတော့ လည်း ၇ မှတ်ရလိုက်၊ ၉ မှတ်ရလိုက် ဖြစ်နေရာက ၃ မှတ်အထိတောင် ဆိုးရွားတဲ့ ရလဒ်ဖြစ်ရခြင်းမျိုး အတွက် ပျံသန်းမှုပြုလုပ်ချိန်မှာ ရာသီဥတု မကောင်း တာမျိုး၊ ပျံသန်းရမယ့်ညက အိပ်ရေးမဝခဲ့တာမျိုးစတဲ့ ပြင်ပရဲ့  အကျိုးသက်ရောက်မှုတွေကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ စိတ်ပညာရှုထောင့်အရ လူတစ်ဦးရဲ့ သင်ယူလေ့လာမှုအပေါ် ချီးမွမ်းမှုပြုလုပ်ပေးခြင်းဟာ အပြစ်ပေးခြင်းထက်  ပိုမိုထိရောက်အကျိုးရှိနိုင်တယ် လို့   တွေ့ရှိရပါကြောင်း  သူကအဆိုပြုခဲ့ပါတယ်။ အဲဒီအပေါ် လေတပ်ဦးစီးချုပ်က သဘောမတူခဲ့ပါ။ သူ့ရဲ့အတွေ့အကြုံအရ    သင်တန်းသားတစ်ဦးရဲ့ ပျံသန်းလေ့ကျင့်မှု   ရလဒ်ဆိုးထွက်နေမှုအတွက် အပြစ်ပေးလိုက်မှသာ နောက်ပျံသန်းမှုမှာ ပြန်ကောင်း လာတာကို    တွေ့ရှိခဲ့ရပေမယ့်၊   ကောင်းတယ်လို့ ချီးမွမ်း လိုက်ခဲ့မိပြန်တော့လည်း နောက်တစ်ခေါက် မှာ ညံ့သွားတတ်တယ်လို့ တုံ့ပြန်ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် သူက “Regression  to the mean သာ ဖြစ်ကြောင်း၊ လေသူရဲ၏ ပျမ်းမျှစွမ်းဆောင်နိုင်မှုဟာ ၆  မှတ်သာရှိခဲ့လျှင်    ၎င်းအမှတ်အနီးအနားမှာပဲ တက်လိုက်ကျလိုက်ဖြစ်နေမှာဖြစ်လို့ သီအိုရီနဲ့ကိုက်ညီ ကြောင်း” ဖော်ထုတ်ပြသပေးနိုင်ခဲ့ပါတယ်။ Mean နဲ့မတူဘဲ ဖြစ်ပေါ်နေတဲ့  ကိန်းဂဏန်းကို  ကွဲလွဲမှု (Variation) လို့ သုံးနှုန်းပါတယ်။ ဘာကြောင့် အဲဒီလို Variation တွေ ဖြစ်ရတာလဲဆိုတာကို ဖော်ထုတ်တယ်။ ဒါကို ဖော်ထုတ်ပြီးအကျိုးရှိအောင်  လုပ်သွားနိုင်တဲ့ သူဟာ ကျွမ်းကျင်မှု (Talent) ကောင်းသူတွေဖြစ်ပြီး Chance ဆိုတဲ့   အခွင့်အလမ်းပေါ်လာချိန်၊  (Luck) ကံလေးကလည်း လိုက်လာလို့ကတော့ Performance ကောင်းတွေ   ထုတ်ပြနိုင်မှာဖြစ်လို့    ကံကြမ္မာရဲ့ မျက်နှာသာပေးမှုခံစားရရှိပြီး     အကြီးအကျယ် အောင်မြင်သွားမှာ ဖြစ်ပါတယ်။ Mark Zuckerberg အောင်မြင်ခဲ့မှုရဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့် လိုက်ရင်   သူဟာထူးချွန်တဲ့   ပုဂ္ဂိုလ်တစ်ဦးဖြစ်ရုံ မျှမက ကံကြမ္မာရဲ့ မျက်နှာသာပေးမှု (Chance and Luck) အမြောက်အမြား ရရှိခဲ့လို့လည်းဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရပါတယ်။ အောင်မြင်ကြီးပွားလာ ကြတဲ့  စွန့်ဦးတီထွင်လုပ်ငန်းသစ် (Startups)ပိုင်ရှင်  တွေရဲ့      နောက်ကွယ်က     အကြောင်းရင်းခံတွေကို သုတေသနပြုလုပ်လိုက်ရင် အသင်းစိတ်ဓာတ်(Team work)၊ တည်ထောင်သူရဲ့ အရည်အချင်း(Founder)၊ စိတ်ကူးစိတ်သန်း(Idea)၊ ငွေကြေးအထောက်အပံ့ (Funding) နဲ့ အချိန်ကိုက်ဖြစ်မှု (Timing) စတဲ့ အကြောင်းတရားများစွာ  ကွဲပြားစွာတွေ့ရှိရပေမယ့် အခွင့်အလမ်း (Chance) ရရှိခဲ့မှုကြောင့်ဆိုတဲ့ အချက် မှာတော့   အားလုံးတူညီခဲ့ကြပါတယ်။   ဒါပေမယ့် အပြေးအားကစားသမားနဲ့ စစ်တုရင်ကစားသမားတွေ ကဲ့သို့သော  ကျွမ်းကျင်မှုအပေါ်   လုံးဝအခြေခံတဲ့ သူတွေအတွက်ကတော့ အောင်မြင်မှု၊ ရှုံးနိမ့်မှုဆိုတာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ ဆက်နွှယ်ပတ်သက်မှု နည်းပါးပါတယ်။ သူတို့ရဲ့ အရည်အချင်းဟာ ယှဉ်ပြိုင် ဘက်များထက် မြင့်မားနေသရွေ့ သူတို့နိုင်နေမှာပဲ ဖြစ်ပါတယ်။   ဒါပေမယ့်  သူတို့ရဲ့  Regression to the mean ဂရပ်ဖ်ကလည်း အနိမ့်အမြင့်အတက်အကျ သိပ်မများဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

 


ကံ၊ ဉာဏ်၊ ဝီရိယ ဆိုတဲ့ အကြောင်းတရားသုံးရပ်


ကျွန်တော်တို့ရဲ့   မြတ်ဗုဒ္ဓကတော့  ကံ၊  ဉာဏ်၊ ဝီရိယ ဆိုတဲ့အကြောင်းတရား သုံးရပ်တိုက်ဆိုင်မှုကနေ အောင်မြင်မှု၊ ဆုံးရှုံးမှုဆိုတဲ့ အကျိုးတရား ရရှိတာလို့ လွန်ခဲ့တဲ့ နှစ်ပေါင်း   ၂၆၀၀ လောက်ကတည်းက သင်ကြားပြသပေးခဲ့တာပါ။  မြတ်ဗုဒ္ဓအနေနဲ့    ကမ္မ  (Kamma) ကံ၊ ကံ၏ အကျိုးလို့ဟောကြားခဲ့ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာက  လူတစ်ဦးတစ်ယောက်ဟာ ရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရင် ကံကိုပုံချပြီး လုံးဝလက်လျှော့ လိုက်တာမျိုးကို မလိုလားသလို၊ မိမိရဲ့မအောင်မြင်ခဲ့မှု အပေါ် ယူကျုံးမရဖြစ်နေပြီး  တအုံနွေးနွေး ဖြစ်မနေ ဘဲ မိမိရဲ့  စွမ်းဆောင်ရည်နဲ့  ဝီရိယကို   ဆက်လက် စိုက်ထုတ်နေစေဖို့၊ အားမလျှော့စေဖို့  ဆုံးမခဲ့ခြင်းသာဖြစ် ကြောင်း သတိပြုဆင်ခြင်ကြစေလိုပါတယ်။ သံသရာ ကိုပါ လက်ခံယုံကြည်ထားတော့ အတိတ်ဘဝပေါင်း များစွာက  ပြုလာခဲ့တဲ့   ပြီးခဲ့ပြီးသား ကံတရားကို ပြန်ပြင်တာမျိုး၊ ချေဖျက်လိုက်တာမျိုး   လုပ်လို့မရတော့ပါ။ 

 


ပစ္စုပ္ပန်ဖြစ်တဲ့ လက်ရှိဘဝမှာ ကိုယ်ပြုလုပ်နေတဲ့ အလုပ်ကရရှိလာတဲ့  အကျိုးတရားတွေနဲ့   ပြီးခဲ့တဲ့ ကံကြောင့်ဖြစ်လာမယ့် အဆိုးရလဒ်ကို အကျိုးပေး ခွင့်မသာအောင်  ဟန့်တားထားလို့တော့ရတယ်လို့ ဆရာတော်ကြီးရဲ့ တရားမှာနာယူမှတ်သားခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက “ပြင်မရသည့်    အတွက်ကြောင့် ပြုပြင်တာကို  ဘယ်လိုလုပ်ရမလဲဆိုရင် အတိတ်ဘဝက မကောင်းတာတွေလုပ်မိခဲ့ရင် အခုဘဝမှာ ဒီမကောင်း တဲ့ကံမျိုး မလုပ်မိအောင် ကောင်းတာတွေ ကြိုးစား လုပ်မိအောင် သတိထားပြီးတော့ ကောင်းတာတွေ ကို  ကြိုးစားအားထုတ်နေဖို့   လိုအပ်တယ်။   အဲဒီ နည်းလမ်းမျိုးနဲ့    မကောင်းတဲ့   ကံတွေကနေ လွတ်မြောက်ပြီး ကောင်းတဲ့ကံတရားတွေကချည်းပဲ အခွင့်အရေး (Opportunity) ရသွားရင် မကောင်းတဲ့ ကံကဝင်ပြီး အကျိုးမပေးနိုင်ဘူး”လို့ သမ္မာဝါယာမ မဂ္ဂင်နဲ့  သမ္မာသတိမဂ္ဂင်ကျင့်သုံးရင်    နေ့စဉ်လူမှုဘဝမှာ တောင် အကျိုးရှိစေနိုင်မှုအပေါ်    ထောက်ပြပေးခဲ့ ပါတယ်။   သံသရာခရီးသည်တစ်ဦးဖြစ်နေဆဲ   ဖြစ် တာနဲ့အညီ   နောက်ဘဝများစွာအတွက်    ကုသိုလ် ကောင်းမှုတွေကို  စုဆောင်းနိုင်ခွင့် ရှိတယ်လို့လည်း ဆရာတော်ကြီးရဲ့ တရားတော်တွေမှာ နာယူမှတ်သားဖူး ပါတယ်။ “ကံမရှိ   ဉာဏ်ရှိတိုင်းမွဲ”   ဆိုတဲ့   မြန်မာ စကားကို  အဓိပ္ပာယ်ဖွင့်ဆိုရာမှာလည်း   “Failure is the pillar of Success” ဆိုတဲ့ အဆိုအမိန့်ပါအတိုင်း ရှုံးနိမ့်ခဲ့မှုမှ   သင်ခန်းစာရယူပြီး  အောင်မြင်မှုအတွက် အကျိုးရှိစေဖို့  အသုံးချစေလိုတဲ့  သဘောမျိုးဖြစ်အောင်   ဖွင့်ဆိုကြဖို့  လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။

 


ခြိုးခြံချွေတာ၊ ဆင်ခြင်ချုပ်တည်း


Attention ထားနိုင်မှုနဲ့  စပ်လျဉ်းပြီး အနောက် တိုင်းရဲ့ သုတေသနပြုလုပ်မှုတစ်ခုမှာ ဘတ်စကက် ဘောလုံးတစ်လုံးကို မြေကြီးနဲ့ ပုတ်နေတဲ့ပြကွက်တစ်ခု ကို    ပြသစေပြီး   ပရိသတ်ကို      လိုက်လံကြည့်ရှု ရေတွက်ခိုင်းထားချိန်မှာပဲ နောက်ခံဘက်ဂရောင်းမှာ ဂေါ်ဇီလာတစ်ကောင်  ဖြတ်သွားစေလိုက်ပါတယ်။ အဲဒါကို    သတိပြုမိသူ    အလွန်နည်းပါးပါတယ်။ နောက်တစ်ကြိမ်ပြန်ပြချိန် ဂေါ်ဇီလာဖြတ်သွားမှုအပေါ် သတိပြုမိပြန်တော့လည်း  ဘက်ဂရောင်းအရောင် ပြောင်းလဲထားလိုက်တာကို သတိမပြုမိတာမျိုးလည်း ရှိနေပြန်ပါတယ်။   ဒါက  ဘာကို   သက်သေပြနေလဲ ဆိုတော့ လူပုဂ္ဂိလ်တစ်ဦးရဲ့ စိတ်အာရုံစူးစိုက်မှုဟာ ကန့်သတ်ချက်ရှိနေပြီး   တစ်ကြိမ်မှာ   တစ်ခုခုကို အာရုံစူးစိုက်မိသွားရင်  ဘေးမှာပေါ်လာတဲ့   အခြား တစ်ခုအပေါ် အာရုံခံစားနိုင်ဖို့ အားနည်းချက်ရှိနေတယ် ဆိုတာပါ။ 

 


အခြေအနေအပေါ် သတိမူတတ်မှု (Situational Awareness) ရနိုင်ဖို့ဆိုရင် အာရုံဖြန့်ကြက်ခံစား တတ်မှု (Attention of Distribution) ပြုလုပ်နိုင်ရမှာဖြစ် ပါတယ်။ ကိစ္စရပ်တစ်ခုကို လေ့လာကြည့်ရှုဆင်ခြင်တဲ့ အချိန် အသေးစိတ်ကြည့်ဖို့လိုအပ်ရင်  မှန်ဘီလူးရဲ့ Lens ကို အနီးကပ်ဆွဲပြီးကြည့်ခြင်း  (Zoom In) လုပ်ရတာမျိုးရှိသလို အားလုံးကို ခြုံငုံသွားအောင်ကြည့် ဖို့ (Holistic View) လိုအပ်လာရင်လည်း  Lens  ကို ချဲ့ပြီး ကြည့်ခြင်း (Zoom Out) လုပ်ရတာမျိုးလည်းရှိပါ တယ်။ ဒီအတွက် မိမိရဲ့စိတ်ကို လိုအပ်သလို စေခိုင်းနိုင် စွမ်းရှိရမှာ ဖြစ်ပါတယ်။ အာရုံစူးစိုက်မှု (Attention) နဲ့အသိဉာဏ် အားစိုက်ထုတ်မှု (Cognetive Effort) တွေဟာ အသုံးပြုလိုက်ပြီးရင် သူ့အလိုလိုပြန်ပြီးပြည့် လာနိုင်ခြင်းမရှိဘဲ   ကုန်ခန်းသွားနိုင်တဲ့   Scare Resources မျိုးဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုအရာတွေကို အကျိုးမဲ့ မဖြုန်းတီးမိစေဖို့နဲ့ မလိုအပ်တဲ့နေရာတွေမှာ အာရုံမထွေပြားစေဖို့၊  ဗုဒ္ဓမြတ်စွာဘုရားက  ကိစ္စ အတော်များများကို ခြိုးခြံချွေတာတတ်စေဖို့၊ အသိနဲ့ ဆင်ခြင်ချုပ်တည်းတတ်စေဖို့ သင်ကြားပြသခဲ့တာပဲ ဖြစ်ပါတယ်။ 

 


သာမန်နိစ္စဓူဝကိစ္စရပ်တွေဖြစ်တဲ့ နေ့စဉ် စားရေး၊  ဝတ်ရေးလိုကိစ္စမျိုးမှာ  ရိုးရှင်းစွာ  နေထိုင်ဆောင်ရွက် တတ်တဲ့  အလေ့အထမျိုး ရအောင်ကျင့်ကြံနေထိုင်ဖို့၊ မိမိရဲ့စိတ်ကိုလည်း ညစ်နွမ်းမှုမရှိစေဖို့၊ အမြဲဖြူစင် စွာ  ရှိနေစေဖို့  လေ့ကျင့်ထားနိုင်မှသာ မိမိရဲ့အာရုံ စူးစိုက်ရမှုနဲ့ အသိဉာဏ်အားစိုက်ထုတ်မှုကို ခြိုးခြံ ချွေတာထိန်းသိမ်းရာ  ရောက်မှာဖြစ်သကဲ့သို့  သမာဓိ အား တည်ကြည်ခိုင်မာနိုင်စေရေးအတွက်လည်း    ပိုမိုအသုံးချနိုင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျား။     ။