
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁၉ /၂၀၂၃)
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်
(၂ဝ၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အပိုင်း ၁
အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်
၁။ (က) ဤဥပဒေကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။
( ခ ) ဤဥပဒေသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။
အပိုင်း ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ
အခန်း(၁)
ရငွေများနှင့်သုံးငွေများ
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ပြည်ထောင်စု ၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု ၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၃။ (က) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော် ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃)နှင့် (၄)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ခ ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင် ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။
( ဂ ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း များ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၄။ (က) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော် ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသော ရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။
( ခ ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း ၍လည်းကောင်း၊ ပုဒ်မ ၁၁ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
( ဂ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြုချက် ရယူရမည်။
၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအရ လိုအပ်သည့်ငွေကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ် ထောက်ပံ့ခြင်း၊ လိုအပ်သည့် ချေးငွေများထုတ်ချေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အခန်း(၂)
ငွေချေးယူခြင်း
၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုက တာဝန်ယူရသော ချေးငွေစာချုပ် များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ငွေချေးယူ နိုင်သည်။ ထိုသို့ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင်သည့် အတိုးနှုန်းများ သတ်မှတ်နိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းအတွက် အတိုးနှုန်းနှင့် လိုအပ်သော စည်းကမ်း ချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်။
၇။ ပြည်ထောင်စုအစိုးရအဖွဲ့က ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အာမခံစာချုပ် များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်း ကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။
၈။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။
၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် လုပ်ငန်း စီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း ပြည်ပမှ ငွေချေးယူနိုင်သည်။ ပြည်ပမှရရှိသောချေးငွေများကို နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်နေသော လုပ်ငန်းများသို့ သင့်လျော်သော စည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။
၁၀။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤအခန်းပါ ကိစ္စရပ်များအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။
( ခ ) ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအခန်း(၁၀)နှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဤအခန်းပါ ငွေချေးယူသော ကိစ္စများအတွက် နိုင်ငံတော် ကိုယ်စား အာမခံချက်ပေးနိုင်သည်။
၁၁။ ဇယား(၁)၊ (၃)နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ချေးငွေစာချုပ် ချုပ်ဆိုပြီးသည့် ပြည်ပချေးယူရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသော ငွေများဖြင့် ဆက်နွှယ်ထား သည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား(၂)၊ (၄)နှင့် (၈)တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများ ထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်း သုံးစွဲခြင်းဖြင့်ဖြစ်စေ၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေ ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုခဲ့သည့်သုံးငွေများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့ သည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
၁၂။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာ ရေးနှစ်အတွင်း ဤအခန်းအရ ငွေချေးစာချုပ်များချုပ်ဆိုပြီးနောက် အမှန်တကယ်ချေးယူရရှိသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်းတစ်ရာသိန်းထက်မပိုစေရ။ ယင်းတွင် ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပ ချေးငွေ၌ အမှန်တကယ်ထုတ်ယူသုံးစွဲငွေနှင့် ပြည်တွင်းချေးငွေ၌ အသားတင်ဖြည့်ဆည်းငွေတို့ အကျုံးဝင် သည်။
အခန်း(၃)
ပြည်ပအကူအညီရယူခြင်း
၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်း အတွက်သော်လည်းကောင်း ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခွင့်ပြု နိုင်သည်။
၁၄။ ဇယား(၁)၊ (၃)နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပအကူအညီ ရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်း အသုံးစရိတ်များကြောင့် ဇယား(၂) ၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်း နည်းလမ်း၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့် နည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် သုံးငွေများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့သည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော
ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ
၁၅။ လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေ တို့အပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
၁၆။ (က) လူမှုဖူလုံရေးအဖွဲ့၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီး သည် ဇယား(၅)နှင့် (၆)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ခ ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင် ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက် စေနိုင်သည်။
( ဂ ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၁၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့၏ ဇယား(၅) နှင့် (၆)တို့တွင် ဖော်ပြထား သော ငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရ အဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့် စပ်လျဉ်း ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့အား လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့် ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြု နိုင်သည်။
၁၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး ယင်းရန်ပုံငွေမှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှု မရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လိုအပ်သည့် ချေးငွေများ ထုတ်ချေးခြင်း၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အပိုင်း ၃
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
အခန်း(၁)
ရငွေများနှင့်သုံးငွေများ
၁၉။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူ သုံးစွဲရမည်။
၂၀။ (က) ဇယား(၇)နှင့် (၈)တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသော ငွေများဖြစ်သည်။
( ခ ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၇)နှင့် (၈)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ဂ ) ပုဒ်မခွဲ(ခ)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင် သည်။
(ဃ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
အခန်း(၂)
ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်
၂၁။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် စီးပွားရေးဆန်ဆန် ဆောင်ရွက်ရမည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၇) တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲ ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
( ဂ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၈) အရ ခွင့်ပြုထားသော သုံးငွေများကို လုပ်ငန်းအရ လိုအပ်လျှင် စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင် သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် သုံးငွေများကို အောက်ပါအတိုင်းပြောင်းလဲပေးခြင်း နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်–
(၁) အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲခြင်း၊
(၂) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း၊
(ဃ) ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း များတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ် သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်း ဖော်ပြရမည်။
( င ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
အခန်း(၃)
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်
၂၂။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား(၇)နှင့် (၈)တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏ လုပ်ငန်းများကို စီမံခန့်ခွဲ ရမည်။
( ခ ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းလိုအပ်ချက်အရ ဇယား(၇)တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဇယား(၈)အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီ သုံးငွေများ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ သာမန်သုံးငွေ၊ ငွေလုံး ငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်လွှဲအပ်ချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ ပြောင်းလဲနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင် ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
၂၃။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက် သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ် ပေးခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။
( ခ ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အား အပေါ် မိမိတို့ရပ်တည် ဆောင်ရွက်ကြရမည်။
( ဂ ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။
၂၄။ (က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီး သည် ဇယား(၉)နှင့် (၁၀)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ခ ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင် သည်။
( ဂ ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက် သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
၂၅။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက် သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၉) နှင့် (၁၀) တို့တွင် ဖော်ပြထား သော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများ နှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက် သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းများလုပ်ကိုင်ရန် ကနဦးရင်းနှီး မြှုပ်နှံငွေကို သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်နိုင်သည်။
( ဂ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက် သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကို မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထားသော ဘဏ်များမှ သတ်မှတ်ချက်များနှင့် အညီ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။
အပိုင်း ၄
အရေးပေါ်ရန်ပုံငွေ
၂၆။ (က) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နေပြည်တော် ကောင်စီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား(၄)တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို အောက်ပါစည်းကမ်းချက်များနှင့်အညီသာလျှင် ဆောင်ရွက်ခွင့်ရှိသည်-
(၁) ကြိုတင်မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် လာသည့်ကိစ္စရပ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊
(၂) ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ခြင်း၊
(၃) တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ် လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်းကျခံရန်အတွက် ရန်ပုံငွေမရှိခြင်း။
( ခ ) ပုဒ်မခွဲ(က)အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ် ချက်အရသာ ခွင့်ပြုရမည်။
( ဂ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲ သည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်းအကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်။
(ဃ) နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄) နှင့် (၁၄) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ ဤပုဒ်မခွဲပါ အရေးပေါ်ရန်ပုံငွေဟူသော စကားရပ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြပါ အရေးပေါ်ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိစေရ။
( င ) ပုဒ်မခွဲ(ဃ)အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို နေပြည်တော်ကောင်စီ အစည်းအဝေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။
( စ ) နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ပုဒ်မခွဲ (ဃ) နှင့် (င) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။
အပိုင်း ၅
တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ
၂၇။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။
၂၈။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၁)နှင့် (၁၂)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ခ ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင် ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။
( ဂ ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၂၉။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား (၁၁) နှင့် (၁၂) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ငွေများပြောင်းလဲခြင်း နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန် စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား လုပ်ငန်းလုပ်ကိုင် ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။
၃၀။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြု ထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။
အပိုင်း ၆
နေပြည်တော်ကောင်စီ
၃၁။ နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၃၂။ (က) နေပြည်တော်ကောင်စီ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၁၃)နှင့် (၁၄)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ခ ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။
( ဂ ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီ၏ ဇယား (၁၃) နှင့် (၁၄) တို့တွင် ဖော်ပြထား သောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန် စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
အပိုင်း ၇
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
၃၄။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိ၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
၃၅။ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၅)နှင့် (၁၆)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
( ခ ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင် ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။
( ဂ ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာ တွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၆။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဇယား (၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့် ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။
၃၇။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။
အပိုင်း ၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
၃၈။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ရယူရမည်။
( ခ ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။
၃၉။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၁၇)နှင့် (၁၈)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ခ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များ ကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၄၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား(၁၇) နှင့် (၁၈)တို့တွင် ဖော်ပြထား သော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်း များနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
၄၁။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ အသားတင် အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းသို့ ပေးသွင်းပြီး၊ အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များကို ရွေးယူရန် အသုံးပြုပြီးနောက် ကျန်ရှိသော အသားတင်အမြတ်လက်ကျန်ငွေကို နိုင်ငံတော်သို့ ထည့်ဝင်ရမည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သို့ ထည့်ဝင်ရ မည့်ငွေကို သတ်မှတ်ပေးရမည်။
(ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါအရှုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။
(ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြု ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေးနိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ