နေပြည်တော်မှ တိမ်ပင်လယ်

Type

 

ယဉ်လာဒ်
 

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ဟာ သွားလာလည်ပတ်စရာ နေရာအများအပြားရှိတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့ မြို့တော်ရှုခင်းတွေ၊ ရှမ်းရိုးမနဲ့ အလယ်ရိုးမ တောင်တန်းကြီးတွေအကြားမှာတည်ရှိတဲ့ နေပြည်တော်က ရာသီဥတု မပြင်းထန်သလို သွားလာလည်ပတ်တဲ့အခါမှာလည်း ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအားလုံးကနေ   အလွယ်တကူ   သွားလာလို့ရတဲ့မြို့တော်ကြီးဖြစ်တယ်။ ဒီတစ်ပတ်မှာတော့    နာမည်ကျော်   နေပြည်တော်တိမ်ပင်လယ်အကြောင်းကို မိတ်ဆက် ပြောပြချင်ပါတယ်။

 


နေပြည်တော်ရဲ့ အိုအေစစ်


အေးချမ်းသာယာပြီး    သဘာဝ အလှ အပတွေကို  ခံစားဖို့အတွက်   ဒါမှမဟုတ်   နွေအပူကိုရှောင်ရင်း   မိတ်ဆွေအပေါင်း အသင်း၊မိသားစုတွေနဲ့ Hiking  လုပ်ချင်သူ တွေအတွက်တော့        နေပြည်တော်  တိမ်ပင်လယ်က  အတော်လေး ကျေနပ် စရာကောင်းလှပါတယ်။   တိမ်ပင်လယ် ရှိတဲ့နေရာက နေပြည်တော်ရဲ့   အရှေ့ခြမ်း    ပျဉ်းမနားမြို့နယ်မှာပါ။ တောင်တန်းကြီး ပေါ်မှာ      တည်ရှိပြီး    အဲဒီနေရာမှာ ရှေးနှစ်ပေါင်း           များစွာကတည်းက ကယန်း၊  ကရင်၊ ပအိုဝ်း၊ ကရင်ဖြူ စတဲ့ တိုင်းရင်းသားတွေက    အခြေချနေထိုင်ခဲ့ ကြတာပါ။      အရင်က    ဒီနေရာမှာ တိုင်းရင်းသားတွေ          နေထိုင်ကြတယ် ဆိုတာကို သိရှိသူနည်းပါးပေမယ့် အခု အချိန်မှာတော့                 နေပြည်တော် တိမ်ပင်လယ်ကြောင့်    တစ်စတစ်စနဲ့ လူသိများလာပြီဖြစ်ပါတယ်။

 


တောင်ပေါ်ဒေသမှ တိုင်းရင်းသား ကျေးရွာလေးများ


လမ်းပန်းဆက်သွယ်ရေး      လွယ်ကူ လာတဲ့အခါ တောင်ပေါ်ဒေသက   ပြဒါး ချောင်းကျေးရွာအပါအဝင် အခြားကျေးရွာ အတော်များများဟာ   တောင်ပေါ်ဒေသ လမ်းကြောင်းကြီးပေါ်က ရွာတွေဖြစ်လာ ခဲ့ပါတယ်။  တောင်ပေါ်တိုင်းရင်းသားတွေ ရဲ့ ကျေးရွာလေးတွေကတော့  မြသီတာ၊ ဝေသာလီ၊      နန့်လွင်စန်း၊    မိုင်းကုန်း၊ ပြဒါးချောင်း စတဲ့ ကျေးရွာလေးတွေဖြစ်ပြီး တောင်ပေါ်ကျေးရွာ ၁၂  ရွာ ဝန်းကျင်ရှိပါ တယ်။ ရိုးသားဖြူစင်တဲ့   တိုင်းရင်းသား တွေဟာ သူတို့ဒေသဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူမှုစီးပွားဘဝ   မြင့်မားလာခဲ့ တာကိုလည်း မြင်တွေ့ရပါတယ်။

 


နေ့ချင်းပြန်ခရီး


တောင်ပေါ်ရွာလေးတွေကို ရောက်ရှိ ဖို့အတွက် နေပြည်တော်ကနေ မော်တော် ကားနဲ့ သွားရောက်မယ်ဆိုရင် နှစ်နာရီခန့် နဲ့   ရောက်ရှိနိုင်တဲ့အတွက်    ရန်ကုန်၊ မန္တလေးတို့ကနေ နေ့ချင်းပြန်ခရီးအဖြစ် လာရောက်လည်ပတ်နိုင်မှာပါ။ ခရီးစဉ်ကို ရေနီလမ်းဆုံကနေ    သွားရောက်နိုင်ပြီး တောင်ဖီလာ   ဘိလပ်မြေစက်ရုံသွားရာ လမ်းကနေ ဆက်လက်ခွဲထွက်သွားရမှာ ဖြစ်ပါတယ်။ ရေနီလမ်းဆုံကနေ မြေပြန့် ရွာကလေးတွေကို       မိနစ်   ၂၀  ကျော် ဖြတ်သန်းမောင်းနှင်ပြီးလျှင်      ပထမဆုံး တောင်ပေါ်ရွာဖြစ်တဲ့ ဆိတ်ဖူးတောင်ရွာ ကလေးကို         စတင်မြင်တွေ့ရမှာပါ။ တောင်တက်လမ်းဖြစ်တဲ့အတွက် အကွေ့ အကောက်များတဲ့အတွက်    ဖြစ်နိုင်မယ် ဆိုရင်   ကားကြံ့ခိုင်ရေးကို   စစ်ဆေးပြီးမှ လာရောက်သင့်သလို         တောင်တက် တောင်ဆင်းလိုက်နာရမယ့်     စည်းကမ်း တွေကိုလည်း       သတိထားဖို့လိုပါတယ်။  နောက်တစ်လမ်းကတော့        ရန်ကုန်-မန္တလေးလမ်းဟောင်းကနေ         ရေနီ မရောက်ခင်    တောင်စဉ်အေး   ဘေးလမ်း ဖြစ်တဲ့        Max     ဘိလပ်မြေစက်ရုံလမ်း အတိုင်းဝင်ရောက်ပြီး   ဘိလပ်မြေစက်ရုံ ဘက်ကို မရွေးဘဲ စည်ပင်စက်ရုံဘက်လမ်း ကို  ရွေးချယ်ပြီး တောင်ပေါ်တက်ရောက် တဲ့လမ်းအတိုင်း   လာရောက်နိုင်ပါတယ်။ အဲဒီလမ်းကတော့ ပြဒါးချောင်းကျေးရွာကို ရောက်ပါတယ်။  

 


တိမ်ပင်လယ်မြင်ကွင်းကို   ကြည့်ရှုခံစားနိုင်


လမ်းတစ်လျှောက်            လမ်းညွှန် ဆိုင်းဘုတ်တွေ           တပ်ဆင်ထားလို့ အလွယ်တကူ           လာရောက်နိုင်ပါပြီ။ ဆက်လက်ပြီး    တောင်ပေါ်ကျေးရွာလေး တွေ   တစ်ရွာပြီး  တစ်ရွာ   ဖြတ်ရင်း တောင်တန်းတွေအကြားမှာ တိမ်ပင်လယ် ကြည့်ရှုဖို့ View Point တွေကို ထားရှိတဲ့ အတွက်   အသွားခရီးမှာ   နေထွက်ချိန် တိမ်ပင်လယ်မြင်ကွင်းကို   ကြည့်ရှုခံစား နိုင်ပါတယ်။

 


သဘာဝ          အလှအပတွေကြောင့် လူစိတ်ဝင်စားမှုရှိလာခဲ့တဲ့အတွက် လွန်ခဲ့ တဲ့ သုံးနှစ်ခန့်က  သက်ဆိုင်ရာဝန်ကြီးဌာန တွေကနေ တာဝန်ရှိသူတွေက ကွင်းဆင်း လေ့လာခဲ့ကြပြီး          နေပြည်တော် တိမ်ပင်လယ်ရှုခင်းကြည့်စရာ နေရာတစ်ခု ကို    ဖော်ဆောင်ခဲ့ကြတာ   ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ    အေးမြတဲ့    သဘာဝအလှ တရား    အိုအေစစ်တစ်ခုလို   ဖြစ်နေတဲ့ နေပြည်တော်                 တိမ်ပင်လယ်က သွားရောက်လေ့လာ    အပန်းဖြေနိုင်တဲ့ နေရာတစ်ခုဖြစ်လို့လာခဲ့ပါပြီ။

 


မြသီတာ ကျေးရွာ   
 ခုနစ်ဆင့် ရေတံခွန်


“ဝေသာလီကျေးရွာ   ရောက်တာနဲ့ တိမ်ပင်လယ်ကို        လှမ်းတွေ့ရနိုင်ပါပြီ။ ပြဒါးချောင်းရွာကနေကြည့်ရင် အနီးဆုံး မြင်တွေ့ရပါတယ်။  ဒီကျေးရွာသုံးရွာက လည်း   ကပ်လျက်ရှိနေတဲ့   ရွာတွေပါ။  ရွာထဲမှာ စားသောက်နားနေပြီး မြသီတာ ကျေးရွာမှာရှိတဲ့     ခုနစ်ဆင့်ရေတံခွန်မှာ ရေကစားနိုင်ပါတယ်”ဟု နေပြည်တော် ဟိုတယ်ခရီး   တာဝန်ခံ    ဒေါက်တာ သန်းဇော်က ပြောပါတယ်။ 

 


မြသီတာရေတံခွန်ကတော့       မြသီတာကျေးရွာအနားမှာရှိပြီး ကျေးရွာဘေးလမ်းကနေ သွားရောက်ရမှာဖြစ်ပါတယ်။ လမ်းလျှောက် ခရီးဖြစ်ပြီး  ပထမဆုံး   ရေတံခွန်အပေါ်ဆုံးအဆင့်ကို    ရောက်မှာပါ။ ရေတံခွန်အောက်ခြေအထိ ဆင်းသက်နိုင်ပြီး နွေရာသီက သွားလာရ အကောင်းဆုံးဖြစ်ပါတယ်။  မြေသားမာတဲ့အတွက် အခြားရေတံခွန်တွေ  လို   ပင်ပန်းကြီးစွာ   အားစိုက်ဆင်းရတာမျိုးမဟုတ်ဘဲ   အနည်းငယ် ပင်ပန်းရုံနဲ့ ရောက်ရှိအမောပြေစေမှာ ဖြစ်ပါတယ်။

 


မြသီတာထွန်း သဘာဝအပန်းဖြေစခန်း


ဝေသာလီကျေးရွာနဲ့     မြသီတာကျေးရွာလေးကို   အမှီပြုပြီး ပြည်တွင်းခရီးသွားဧည့်သည်တွေ ညအိပ်တည်းခို အပန်းဖြေ အနားယူ နိုင်ဖို့ Eco Resort တစ်ခုကိုလည်း မြင်တွေ့ရပါတယ်။ လက်ရှိမှာတော့ နှစ်ထပ်ဘန်ဂလို နှစ်လုံး၊ ဝါးတဲအိမ်ငါးလုံး တည်ဆောက်ထားတယ်လို့ ဖော်ဆောင်သူ ဆရာကောင်းထံက သိရှိရပြီး ထပ်မံပြီးတော့ နှစ်ထပ် ဘန်ဂလို သုံးလုံးတည်ဆောက်နေတယ်လို့ သိရပါတယ်။

 


“တောင်ပေါ်ဒေသဖြစ်လို့  ရာသီဥတုက နေလို့  အဆင်ပြေပါတယ်။ ညနေ   ၆ နာရီနောက်ပိုင်းမှာ    အအေးဓာတ်ပိုလာတတ်တယ်။ နေ့ခင်းပိုင်းကတော့ နေလို့အတော်အဆင်ပြေတယ်” လို့ မြသီတာထွန်း အီကိုရီဆော့ပိုင်ရှင်က ဆိုပါတယ်။

 


မြသီတာထွန်း    သဘာဝအပန်းဖြေစခန်းကို   ဖော်ဆောင်ခဲ့တာ သုံးနှစ်ကျော်ကာလရှိပြီး မြသီတာ Eco Resort မှာ တည်းခိုပြီး ခြေကျင် လမ်းလျှောက်ကြိုက်သူတွေအတွက်  တောလမ်းခရီး လမ်းလျှောက်ပြီး ပေ တစ်ထောင်ကျော် မြင့်တဲ့ ခုနစ်ဆင့် မြသီတာ ရေတံခွန်ကြီးဆီကိုလည်း သွားရောက် လည်ပတ်နိုင်ပါသေးတယ်။ တစ်ခါတစ်ရံမှာ ရေတံခွန်မှာရှိ တဲ့ အင်းဆက်ပိုးမွှားတွေကို စားသောက်နေထိုင်တဲ့ ရေကျီး၊ ငှက်ခေါင်းဝါ၊  အောက်ချင်းငှက်၊ ပအိုဝ်း   အခေါ်   အောင်းလောင်းငှက်တွေကိုလည်း တွေ့ရှိရပါတယ်။ ဒေသအစားအစာတွေကိုလည်း  မှာယူစားသောက်လို့ ရနိုင်ပါတယ်။

 


တိမ်ပင်လယ်ကြည့်ရင်း၊ သဘာဝအစားအစာတွေကို စားသောက် အပန်းဖြေရင်း ရေတံခွန်အလှအပတွေကို ခံစားရင်း ကျေးလက်သဘာဝ တွေကိုလည်း တွေ့ကြုံခွင့်ရမှာဖြစ်ပါတယ်။ တောတောင်ထဲမှာ ဒေသခံ တိုင်းရင်းသားတွေနဲ့အတူ  လက်ဖက်ဆွတ်ခူးလို့ရသလို    ပြည်တွင်း လက်ဖက်ခြောက်လုပ်ငန်းတွေကိုလည်း    သွားရောက်လေ့လာနိုင်ပါ တယ်။   ဒေသခံတွေရဲ့   မိရိုးဖလာ  လှေကားထစ်တောင်ယာတွေမှာ တိုင်းရင်းသားတွေ စိုက်ပျိုးထားကြတဲ့ ဖာလာတောတန်းတွေ၊ ကော်ဖီ စိုက်ခင်းတွေ၊   နနွင်းစိုက်ခင်းတွေကို    လေ့လာနိုင်တဲ့အပြင်    နနွင်း ထုတ်လုပ်ပုံတွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ပြည်ရတနာကျေးရွာ က နှစ်ချို့ညောင်ပင်တောအုပ်တွေနဲ့ အထက်ပေါင်းလောင်းဆည်ကြီးကို မြင်ရမယ့် မြင်ကွင်းတွေကိုလည်း တွေ့ရမှာပါ။

 


နေပြည်တော်ရဲ့ တိမ်ပင်လယ်ဒေသဟာ နေပြည်တော်မြို့တော်ရဲ့ ပထမဆုံး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)ကို အထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး အကောင် အထည်ဖော်ခဲ့တာ   ဖြစ်ပါတယ်။  နံနက်အစောပိုင်း နေထွက်ချိန်မှာ ရှုမျှော်မဆုံးတဲ့ တိမ်ပင်လယ်ကြီးနဲ့ သဘာဝအလှအပတွေကို ခံစားဖို့ အတွက် နေပြည်တော်အနီးတစ်ဝိုက်က တိမ်ပင်လယ်နဲ့ တိုင်းရင်းသားရိုးရာကျေးရွာများဆီ လာရောက်လည်ပတ်နိုင်ပြီဆိုတာကို သတင်းပါး လိုက်ပါရစေ။     ။