
မြိတ် မတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်အဖွဲ့ဝင်များသည် မတ် ၂၈ ရက်က မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ပြည်သူလူထု၏ ကျောက်ကပ်နှင့် သက်ဆိုင်သည့် ရောဂါဝေဒနာများကို ကြည့်ရှု စစ်ဆေးကုသပေးမည့် ကျောက်ကပ်သန့်စင်ခန်း အဆောက်အအုံ တည်ဆောက်ရန် စေတနာရှင် အလှူရှင်များက ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းပွဲသို့ တက်ရောက်သည်။
လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောက်ကပ်သန့်စင်ခန်း အဆောက်အအုံကို သီးခြား တည်ဆောက်သည်က ပိုမိုကောင်းမွန်သည့်အပြင် ကူးစက်နိုင်မည့်ကိစ္စများအပါအဝင် ကျောက်ကပ်ဆေး ရမည့် ဝေဒနာရှင်များ နားနေနိုင်ရန်နှင့် အဘက်ဘက် မှ ဆေးကုသမှုအဆင်ပြေစေမည် ဖြစ်ကြောင်း၊ ကျောက်ကပ်သန့်စင်ခန်း အဆောက်အအုံ တည်ဆောက်ပြီးပါက မြိတ်ဒေသဝန်းကျင်တွင် ရှိသည့် ပြည်သူများစွာ အဆင်ပြေကြမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောက်ကပ်သန့်စင်သည့် စက်များ ထားမည့် အဆောက်အအုံဆောက်ရန်အတွက် လှူဒါန်းပေးကြသည့် အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ကပ်သန့်စင်ခန်း အဆောက် အအုံနှင့် ကျောက်ကပ်သန့်စင်ခန်းတွင် အသုံးပြုရန် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် မတည်အလှူငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ရှင်းလင်း တင်ပြပြီး စေတနာရှင်အလှူရှင် ၁၂ ဦးက ကျောက်ကပ်သန့်စင်ခန်းတွင် အသုံးပြုရန် လိုအပ် သော ပစ္စည်းများဝယ်ယူနိုင်ရန် ကျပ်သိန်း ၁၀၀ နှင့် ကျောက်ကပ်သန့်စင်ခန်း အဆောက်အအုံ တည်ဆောက်ရန် ကျပ်သိန်း ၉၀၀ ကို လှူဒါန်းပေးအပ် ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြား သည်။
ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်မည့် ကျောက်ကပ်သန့်စင်ခန်း အဆောက်အအုံသည် အလျား ၈၃ ပေ၊ အနံ ၃၅ ပေ အာရ်စီတစ်ထပ်အဆောက် အအုံဖြစ် ပြီး ကျပ်သိန်း ၂၀၀၀ ခန့် ကုန်ကျနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါအဆောက်အအုံတွင် လူနာစမ်းသပ် ခန်း၊ ကျောက်ကပ်သန့်စင်ခန်း၊ ရေသန့်စင်စက်အခန်း၊ ပြင်ပလူနာကြည့်ရှုအခန်းများ ပါဝင်မည်ဖြစ်ပြီး မကြာမီ တည်ဆောက်ရေးလုပ်ငန်းကို စတင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံ ကျောက်ကပ်သန့်စင်ခန်း အဆောက်အအုံ တည် ဆောက်ရေးကော်မတီမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)