
ရန်ကုန် မတ် ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်း များ လွယ်ကူလျင်မြန်စေရေးကို အထောက်အကူဖြစ် စေရန် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ကို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော Tradenet 2.0 စနစ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုများကို လုပ်ငန်းရှင် များသိရှိနိုင်ရန် အသိပညာပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ လမ်းမတော်မြို့ နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လိုင်စင်စနစ်အားလုံးကို နေရာဒေသမရွေး စနစ်တစ်ခုတည်းအသုံးပြုနိုင်ရေး၊ လက်ရှိ ခေတ်စနစ်၊ မူဝါဒလုပ်ထုံးလုပ်နည်းများ၊ WTO,ASEAN အဖွဲ့အစည်းများမှ ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် Inline ဖြစ်စေရေး၊ National Single Window စနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် လိုင်စင်စနစ်အား Re-engineering ပြုလုပ်ရန်အတွက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းနှင့် Myanmar Tradenet 2.0 စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝက UMFCCI အနေဖြင့် ဌာနနှင့်ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ပို့ကုန်/သွင်းကုန်ကဏ္ဍ၌ လိုင်စင်လျှောက်ထားခြင်း အရေးပါမှုတို့ကိုလည်း ကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ချိုသက်မူက HS 2022 Version တွင် Automatic, Non-Automatic သတ်မှတ်ထားမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ရည်ရည်မွန်က Tradenet 2.0 စနစ်မှ အလိုအလျောက် ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေး ခြင်း နှင့်ပတ်သက်၍ စနစ်အသုံးပြုမှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
မေးမြန်းဖြေကြား
ယင်းနောက် တက်ရောက်လာကြသော လုပ်ငန်း ရှင်များနှင့် အွန်လိုင်းမှတက်ရောက်သူများက သိရှိလို သည်တို့ကို မေးမြန်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ပို့ကုန်လိုင်စင်လျှောက်ထားရမည်
Tradenet 2.0 စနစ် အဆင့်မြှင့်တင်ခြင်း၏ ပထမအဆင့်တွင် လက်ရှိအသုံးပြုလျက်ရှိသည့် HS 2017 Version မှ 2022 Version သို့ ပြောင်းလဲသုံးစွဲ သွားမည်ဖြစ်ပြီး ယခင်ကလိုင်စင်လျှောက်ထားရန် မလိုဘဲ ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်၍ တင်ပို့ နေသော ကုန်ပစ္စည်းများအားလုံး ပို့ကုန်လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ Automatic ကုန်စည်အဖြစ် သတ်မှတ်ထားသော ကုန်စည်များကို ပို့ကုန်လိုင်စင်လျှောက်ရာ၌ ဌာန၏ဝန်ထမ်းမှ စိစစ် ရန်မလိုဘဲ စနစ်မှအလိုအလျောက်စစ်ဆေး၍ ခွင့်ပြု သွားမည်ဖြစ်ပြီး Non-Automatic ကုန်စည်အဖြစ် သတ်မှတ်ထားသော ကုန်စည်များကို ယခင် Tradenet 2.0 တွင် လိုင်စင်လျှောက်ထားသကဲသို့ ပုံမှန်အတိုင်းဆောင်ရွက်ကာ သက်ဆိုင်ရာ ဝန်ထမ်း များမှ သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပို့ကုန်ပိုင်း၌ ပင်လယ်ရေကြောင်းနှင့် နယ်စပ်နေရာနှစ်နေရာလုံးတွင် လိုင်စင်လျှောက်ထား ရမည်ဖြစ်ပြီး မြန်မာ့အကောက်ခွန်နှုန်းထားစာရင်း ၂၀၂၂ အရ ကုန်စည်လိုင်းပေါင်း ၁၁၈၄၉ လိုင်းတွင် ၁၀၂၉၃ လိုင်းကို Automatic ကုန်စည်များအဖြစ် ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဒုတိယအဆင့်အနေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားမှုအပိုင်းကို ခွဲတမ်း (Quota) နှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီအလိုက် ခွင့်ပြုချက် ရရှိထားသော Quota အရေအတွက်နှင့် လိုင်စင် လျှောက်ထားမှုကို စနစ်မှအလိုအလျောက်စစ်ဆေး ပြီး လက်ကျန်စိစစ်ထုတ်ပေးနိုင်သည့်အဆင့်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် ထုတ်ပေးမှုကိုလည်း စနစ်မှအလိုအလျောက်ထုတ်ပေးနိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ၏ ထောက်ခံချက်ဖြင့်ထုတ်ပေးသည့် CMP လိုင်စင် များနှင့်ပတ်သက်၍ MIA အသင်း၏ Online စနစ်ဖြင့် Tradenet 2.0 စနစ်တို့ကို စနစ်အချင်းချင်းချိတ်ဆက် နိုင်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ခွင့်ပြုသည့်အချိန်တွင် အခွန်ထမ်းမှတ်ပုံ တင်ထားခြင်းရှိ/ မရှိစစ်ဆေး၍ ခွင့်ပြုနိုင်ရေးအတွက် ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့်လည်း ချိတ်ဆက်နိုင်ရေးတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လိုင်စင်ဆိုင်ရာ ထောက်ခံချက်ပေးသော အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ e-Submission စနစ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ Myanmar Agricultural Imports Registration (MAIRS)စနစ်တို့နှင့် စနစ် အချင်းချင်းချိတ်ဆက်၍ လိုင်စင်ဆိုင်ရာ ထောက်ခံ ချက်များကို အပြန်အလှန်ချိတ်ဆက်ရယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကာ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးချေမှုတွင် MPU e-Commerce Pay စနစ်အပြင် လုပ်ငန်းရှင်များအနေဖြင့် မည်သည့် ငွေပေးချေမှုနှင့်မဆို ဆောင်ရွက်နိုင်ရန် MCB Citizen Pay စနစ်ဖြင့် ပေးချေနိုင်ရေးတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှစ၍ စတင်အသုံးပြုနိုင် ရေးကို လျာထားဆောင်ရွက်လျက်ရှိကြောင်း။
Automatic လိုင်စင်ထုတ်ပေးခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရေးအတွက် Automatic လိုင်စင်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ခွင့်ပြုပါက သတ်မှတ်ရက်အတွင်း လိုင်စင်ထုတ်ယူရ မည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း မထုတ်ယူပါက ဆတိုးဒဏ်ကြေးများကုန်ကျမည့်အပြင် သုံးလအတွင်း လိုင်စင်ထုတ်ယူမှုမရှိသော ငါးကြိမ်ဖြစ်ပေါ်သည့် ကုမ္ပဏီများအား အမိန့်ကြော်ငြာချက် (၂၀/၂၀၂၂)ပါအတိုင်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခြောက်လယာယီ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ-ကနူး