
မိုင်ယာမီအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၆၄ ဦးအဆင့်တွင် ချက်တင်းနစ်မယ် ပီထရက်ခ်ကေဗီတိုဗာသည် တစ်နိုင်ငံတည်းသူ ပြိုင်ဘက် လင်ဒါ နော့စ်ကိုဗာကို အနိုင်ယူကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် ကေဗီတိုဗာသည် နော့စ်ကိုဗာကို ၆-၃၊ ၆-၀ ဖြင့် အနိုင်ရရှိကာ ၃၂ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကေဗီတိုဗာသည် မိုင်ယာမီအိုးပင်းအမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် ခရိုအေးရှားတင်းနစ်မယ် ဒွန်နာ ဗီကစ်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဗီကစ်သည် ၆၄ ဦးအဆင့်တွင် အမေရိကန်တင်းနစ်မယ် ဘရင်ဂလ်နှင့် တွေ့ဆုံခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရကာ ၄-၆၊ ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ၃၂ ဦးအဆင့်သို့ တက်လှမ်းလာခြင်း ဖြစ်သည်။
မိုင်ယာမီအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့်သို့ ကေဗီတိုဗာနှင့်အတူ အခြားသော နာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ဘင်းဆစ်၊ စဘယ်လင်ကာ၊ အက်ဒရစ်ကူ၊ ပီလစ်ကိုဗာတို့ တက်လှမ်း နိုင်ခဲ့သည်။
မိုးဇက် - စုစည်းသည်