ရန်ကုန်မြို့၌ မိုက်ခရို မာရသွန်ပြိုင်ပွဲ အားကစားသမား ၁၆၀၀ ကျော် ပါဝင်ဆင်နွှဲ

 

ရန်ကုန်    မတ်   ၂၅


ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့်  ၂၀၂၃ ခုနှစ် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် မိုက်ခရို မာရသွန်နှင့်  ၅ ကီလိုအမျိုးသား  / အမျိုးသမီးအပြေးပြိုင်ပွဲကို  ယနေ့ နံနက် ၆ နာရီတွင်   ရန်ကုန်မြို့   သင်္ဃန်းကျွန်းမြို့နယ်​   ဝေဇယန္တာလမ်းရှိ  သုဝဏ္ဏအားကစားပြိုင်ပွဲရုံ (၁)ရှေ့၌ ကျင်းပသည်။ 

 


အဆိုပါ မိုက်ခရို  မာရသွန်ပြိုင်ပွဲကို  ရန်ကုန်တိုင်း ဒေသကြီး    စီးပွား​​ရေးရာဝန်ကြီး  ဦးမျိုး​မြင့်အောင်  နှင့်  တိုင်းဒေသကြီး   တိုင်းရင်းသားရေးရာ     ဝန်ကြီး ဦးစောဂျက်​ကော့ထူးတို့က​  သေနတ်ပစ်ဖောက် တာ လွှတ်ပေးပြီး  သုဝဏ္ဏအားကစားပြိုင်ပွဲရုံ  (၁)ရှေ့မှ ဝေဇယန္တာလမ်း၊​​ လေးထောင့်ကန်လမ်း၊ ရတနာလမ်း၊   မေတ္တာလမ်း၊   သစ္စာလမ်း၊  ပါရမီလမ်း၊ သုဓမ္မာလမ်း မြောက်ဥက္ကလာအဝိုင်းအတိုင်း  ၎င်းမှလာရာလမ်း အတိုင်း သုဝဏ္ဏအားကစားပြိုင်ပွဲရုံ   (၁) သို့လည်း​​​ကောင်း၊ (၅)ကီလို​ တန်းပြိုင်ပွဲကို  သုဝဏ္ဏအားကစား ပြိုင်ပွဲရုံ(၁)ရှေ့မှ  ရတနာလမ်းမေတ္တာလမ်း၊   သစ္စာ လမ်း၊   ပါရမီလမ်း အတိုင်း ၎င်းမှလာရာလမ်းအတိုင်း သုဝဏ္ဏအားကစား  ပြိုင်ပွဲရုံ(၁)သို့လည်းကောင်း    အားကစားသမားများ ပြန်လည်ပန်းဝင်ကြသည်။

 


ထို့နောက်    ပြိုင်ပွဲများအပြီးတွင်  ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ   အသက် ၁၂ နှစ်အောက်  အမျိုးသား / အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို လည်းကောင်း၊ အသက် ၁၈ နှစ်အောက်  အမျိုးသား  အမျိုးသမီး  ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊  တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း၊  အသက် ၁၈  နှစ်နှင့် အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊    တတိယနှင့်    နှစ်သိမ့်ဆုရရှိသူများကို လည်းကောင်း တိုင်းဒေသကြီး  စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊  မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း နှင့်  တာဝန်ရှိသူများက  ဆုများ     ချီးမြှင့်ပေးကြသည်။  အဆိုပါပြိုင်ပွဲတွင် ကစားသမား    ၁၆၀၀ ကျော်   ပါဝင်ဆင်နွှဲကြပြီး ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ်​လေးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်းနှင့်   စတုတ္ထဆု   ငွေကျပ်နှစ်သိန်း၊ ပဉ္စမမှ  ဒဿမအထိ ငွေကျပ်တစ်သိန်းစီ၊ နှစ်သိမ့်ဆု ၂၀ ဦးတို့အား  ငွေကျပ်သုံးသောင်းစီနှင့် ပန်းဝင်လာသူ ပြိုင်ပွဲဝင်ကစားသမားများအား တစ်ဦးလျှင်  ငွေကျပ် နှစ်သောင်းစီ   ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။                                    

အာကာစိုး