အစားအသောက်ဖူလုံဘေးကင်းဖို့ MSMEs များကို အားပေးကူညီစို့

Type
၅

 

ဒေါက်တာဝင်းလဲ့ဖြူ ဒုတိယညွှန်ကြားရေးမှူး (ပြည်တွင်း/ဈေးကွက်) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
 

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော      (မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂) ၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က    “နိုင်ငံတော် အစိုးရအနေဖြင့်   တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာဖူလုံရေးဆိုသည့်    အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်ကို    ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု နေကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော   နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရကလည်း နိုင်ငံသူ နိုင်ငံသားများအားလုံး စားရေရိက္ခာဖူလုံ ရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို   ဦးစားပေး ဆောင်ရွက် ပေးလျက်ရှိကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် အပေါ်၌ ကျန်းမာရေးဝန်ကြီးဌာန  အစားအသောက် နှင့်      ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် စိုက်ခင်းမှသည်  စားသုံးသည်အထိ အစားအသောက် ကွင်းဆက်တစ်လျှောက်      အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး   (Food Safety) အတွက်   အဓိက   ပါဝင်ဆောင်ရွက်လျက်ရှိရာ အသင့်ထုပ်ပိုးထားသော အစားအသောက်များနှင့် ပတ်သက်၍ ပြည်ပမှ တင်သွင်းလာသော အစား အသောက်များအားလုံးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင်     သွင်းကုန် ထောက်ခံချက်၊ သွင်းကုန်ကျန်းမာရေးထောက်ခံချက်များ မဖြစ်မနေ လျှောက်ထားရမည်ဖြစ်သည်။ ပြည်တွင်းအစားအသောက်လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ     အစားအသောက်နှင့်   ဆေးဝါး အာဏာပိုင်အဖွဲ့၏   အမိန့်ကြော်ငြာစာအမှတ် (၅၂၄/၂၀၂၁) ဖြင့် သတ်မှတ်ခဲ့သည့် ထိန်းချုပ် အစားအသောက်များဖြစ်သော   အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့်     အမှတ်တံဆိပ်ပါ စားသုံးဆီတို့မှာ အမျိုးသားအစားအသောက်ဥပဒေ အရ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိပြီးမှသာ     ထုတ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။ ပြည်တွင်း      အစားအသောက်လုပ်ငန်းများကို    ဈေးကွက်မတင်မီ စိစစ်ခြင်းအတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ စိစစ်ခြင်း၊ ထုတ်ကုန်အရည်အသွေး စစ်ဆေးခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါ က ထောက်ခံချက်များ ထုတ်ပေးခြင်း၊ ဈေးကွက်‌ တင်ပြီးနောက် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသည့်    အစားအသောက်များရရှိနိုင်မှု အတွက် ပြည်တွင်း သွင်းကုန်အစားအသောက်များ ကို ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ 

 


ဈေးကွက်မတင်မီ     စိစစ်ရာတွင်    အစား အသောက်  ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရည်အသွေးကိုက်ညီမှုဆိုင်ရာ   အကဲဖြတ်ခြင်း (Conformity Assessment)  လုပ်ဆောင်ရာ၌ ထုတ်လုပ်မှုနည်းစဉ်    စိစစ်ခြင်းနှင့်    ထုတ်ကုန် စိစစ်ခြင်းများကို    ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာက  လက်ခံကျင့်သုံးလျက်ရှိသော ကိုဒက် စံချိန်စံညွှန်းကော်မရှင်ပါ       စံချိန်စံညွှန်းများအရ ထုတ်လုပ်မှုနည်းစဉ်များ စိစစ်ရာ၌ အစားအသောက် လုပ်ငန်းနှင့်သက်ဆိုင်သည့် မြေနေရာ၊ ပတ်ဝန်းကျင်၊   အဆောက်အအုံဒီဇိုင်း၊ လုပ်ငန်းဥပစာနှင့် ထုတ်လုပ်မှု အခန်းများ၊    အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် စီမံထားရှိမှုများ၊  လုပ်ငန်းကို ပြုပြင်ထိန်းသိမ်းမှုနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊          အစားအသောက် ကိုင်တွယ်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်  ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ အစားအသောက်   သယ်ယူ ပို့ဆောင်မှုများ၊ စားသောက်ကုန် အမှတ်တံဆိပ်များ၊   အချက်အလက်များနှင့် စားသုံးသူအား အသိပညာ ပေးရန် ဆောင်ရွက်ထားရှိမှုများ၊   ဝန်ထမ်းများအား   အစားအသောက်သန့်ရှင်းရေးဆိုင်ရာ    အခြေခံ သင်တန်းများနှင့်     လေ့ကျင့်ရေးအစီအစဉ်များ ပံ့ပိုးပေးမှု ရှိ/မရှိ စသည့်အချက်များကို  အခြေခံ စိစစ်လျက်ရှိသည်။ 

 


အကျိုးကျေးဇူးများရရှိ


ယင်းသို့ စိစစ်ရာတွင်  ၂၀၂၂ ခုနှစ် ဇွန်လမှ စ၍ ပြည်တွင်း အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များကို E-submission System ဖြင့် www.fda.gov.mm တွင် လျှောက်ထားနိုင်ခြင်း အားဖြင့် လုပ်ငန်းရှင်များ၏ လူကိုယ်တိုင်လာရောက် လျှောက်ထားခြင်းကို လျှော့ချနိုင်ခြင်း၊ လျှောက်ထား ချိန်၌ လျှောက်ထားမှုလမ်းညွှန် (Applicants User Guide) ကို သေချာစွာဖတ်ရှု၍ လိုအပ်ချက်များကို သေချာသိရှိပြီး လျင်မြန်စွာ လျှောက်ထားနိုင်ခြင်း၊ လိုအပ်ချက်များ အကြောင်းပြန်ကြားရာ၌ အွန်လိုင်း မှတစ်ဆင့်    အကြောင်းပြန်ကြားခြင်းဖြစ်၍   ရုံး လုပ်ငန်းကို  အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခြင်း၊ စာရွက်အသုံးပြုမှု လျှော့ချနိုင်ခြင်းနှင့် လုပ်ငန်းရှင်/ လျှောက်ထားသူများထံသို့  အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ခြင်းကြောင့် မလိုလားအပ်သော ကြန့်ကြာမှုများ   လျှော့ချနိုင်ခြင်း၊   စိစစ်ခများ ပေးသွင်းရာတွင်လည်း အွန်လိုင်းစနစ်ဖြင့် အချိန် မရွေး၊    နေရာမရွေး    ပေးသွင်းနိုင်ခြင်းကြောင့် အချိန်ကုန်လူပန်း အခြေအနေများ လျှော့ချနိုင်ခြင်း၊ စက်ရုံ/ အလုပ်ရုံစစ်ဆေးရာတွင်လည်း မည်သည့် စနစ်ကို အခြေခံစစ်ဆေးမည်  သိရှိရ၍ လုပ်ငန်း များမှ မိမိလုပ်ငန်းနှင့် ကိုက်ညီသည့် ထုတ်လုပ်မှု နည်းစဉ်တစ်လျှောက်    အလေ့အကျင့်ကောင်းများ ကျင့်သုံးနိုင်ခြင်းနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက် နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။ 

 


ထုတ်လုပ်မှုနည်းစဉ်များ သတ်မှတ်ချက်နှင့် ကိုက်ညီပါက    ထုတ်ကုန်စစ်ဆေးခြင်းအတွက် နမူနာကောက်ယူခြင်း ဆောင်ရွက်သည်။   ထိုသို့ ဆောင်ရွက်ရာတွင်လည်း       သင့်တင့်မျှတသော ဓာတ်ခွဲစိစစ်ခနှုန်းထားများကို  အွန်လိုင်းစနစ်ဖြင့် အချိန်မရွေး၊ နေရာမရွေး ပေးသွင်းနိုင်ပြီး မလိုလား အပ်သည့် ကြန့်ကြာမှုများကို  လျှော့ချနိုင်ခဲ့သော ကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနသို့ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံ ချက်    လျှောက်ထားခြင်းအား    ယခင်ကထက် ပိုမိုလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်လျက်ရှိသည်။ 
စီမံထုတ်လုပ်ရန် အရေးကြီး
“အစားအသောက်ထုတ်ကုန်များနှင့် ပတ်သက် ၍   FDA စည်းကမ်းများ၊  ခွင့်ပြုချက်များရရှိရန် သတ်မှတ်အရည်အသွေးများပြည့်မီရန် လိုကြောင်း၊ မိမိထုတ်လုပ်သည့် စားသောက်ကုန်များ၏ အရည် အသွေးမပြည့်မီမှုကြောင့်         စားသုံးသူများ ဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး လိုအပ်သည့် စစ်ဆေးမှုများကို စနစ်တကျခံယူပြီးမှသာ ဈေးကွက် အတွင်းသို့       ဖြန့်ဖြူးကြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့်ရက်၊ ကုန်ဆုံးရက်များ ကိုလည်း စနစ်တကျ ရိုက်နှိပ်ထားပေးရန် လိုအပ် ကြောင်း”    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏    (၇-၃-၂၀၂၃)  ရက်နေ့တွင် ရှမ်းပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ မှာကြား ထားသကဲ့သို့ပင်      အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ရရှိစေရန်သည် ထုတ်လုပ်သူ များအပေါ်တွင် အဓိကမူတည်နေသဖြင့် ထုတ်လုပ် သူများအနေဖြင့်       မိမိတို့   ထုတ်ကုန်အလိုက် ထုတ်လုပ်မှုနည်းစဉ်များတစ်လျှောက်  ရှိသင့်သည့် အစားအသောက်   ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာစီမံခန့်ခွဲမှုစနစ် (Food Safety Management System) များ စနစ်တကျချမှတ်၍ စီမံထုတ်လုပ် ဆောင်ရွက်ရန် အရေးကြီးသည်။ 

 


စားသောက်ကုန်များ၏ အမှတ်တံဆိပ်များ တွင် ဖော်ပြရမည့် အချက်များကိုလည်း မြန်မာနိုင်ငံ အစားအသောက်နှင့်  ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့်    “အသင့်ထုပ်ပိုးထားသော အစားအသောက်များ    အမှတ်တံဆိပ်ကပ်ခြင်း ဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂)”နှင့် အညီ    လိုက်နာဖော်ပြရမည်ဖြစ်သည်။   ယင်း အမိန့်ကြော်ငြာစာပါ   အခန်း(၃)  အပိုဒ် (၅)အရ အစားအသောက်၏    အမှတ်တံဆိပ်ပေါ်တွင် အစားအသောက်အမျိုးအမည်၊ ပါဝင်ပစ္စည်းစာရင်း၊ အသားတင် ပမာဏ၊ အရေအတွက်နှင့် အရည်စစ် အလေးချိန်၊ အမည်နှင့် လိပ်စာ၊  ထုတ်လုပ်သည့် နိုင်ငံ၊  မျိုးတူစုအထောက်အထား၊   ရက်စွဲအမှတ် အသားနှင့်  သုံးစွဲရန်အညွှန်း   စသည့်   အချက်  ရှစ်ချက်ကို မဖြစ်မနေဖော်ပြရမည်ဖြစ်သည်။

 


စားသုံးသူပြည်သူများအနေဖြင့်   အာဟာရ ပြည့်ဝစွာရရှိရေးအတွက် စားသောက်ကုန်ရှိ အမှတ် တံဆိပ်ပေါ်တွင် ပါဝင်သည့် အာဟာရတန်ဖိုးဇယား (Nutrition Facts Table) ကို ကြည့်ရှုရုံဖြင့် အာဟာရ တန်ဖိုး တွက်ချက်ပြီး ရွေးချယ်ဝယ်ယူစားသောက် နိုင်ရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရဌာနခွဲနှင့် ပူးပေါင်းကာ “အသင့် ထုပ်ပိုးထားသော အစားအသောက်များ အာဟာရ တန်ဖိုး ဖော်ပြခြင်းဆိုင်ရာ လမ်းညွှန်ချက်” ထုတ်ပြန် နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၁၂) ရပ်အနက်    စီးပွားရေးဦးတည်ချက်ပါ “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို         အခြေခံသည့် အသေးစား၊  အငယ်စား၊  အလတ်စားစီးပွားရေး လုပ်ငန်း (MSMEs) များကို   ရေရှည်အာမခံချက်ရှိ အောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန် များစွာ     ထုတ်လုပ်နိုင်သည့်    အလုပ်အကိုင်အခွင့် အလမ်းများ     ဆောင်ရွက်ဖော်ဆောင်နိုင်ရေး” အတွက် ၂၀၂၂ ခုနှစ် ဧပြီလတွင်   ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့် “အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ (National Food Safety Policy )”နှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သည် အစိုးရအဖွဲ့အစည်းများ အချင်းချင်းလိုက်လျော ညီထွေဖြစ်ပြီး    တစ်သမတ်တည်း    ထိရောက်သော နည်းနာကျ     စည်းမျဉ်း၊    စည်းကမ်းများဖြင့် ထိန်းကျောင်းကွပ်ကဲနိုင်ရေး ရှေးရှု၍ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။  

 


၂၀၂၂ ခုနှစ်   ဒီဇင်ဘာ ၂  ရက်တွင်   ကျန်းမာရေး ဝန်ကြီးဌာနက  ဦးဆောင်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ   အစားအသောက် ဓာတ်ခွဲခန်းများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရှိ    Commodity   Testing   and Quality Management (CTQM)   ဓာတ်ခွဲခန်း၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်    ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော   ပြင်ပ ဓာတ်ခွဲခန်းဖြစ်သည့် Myanmar Inspection and Testing Services Ltd (MITS) ဓာတ်ခွဲခန်း၊ သမဝါယမ နှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ    အစား အသောက်စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊  မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း      (UMFCCI) ရှိ     Food Industries Development Supporting Laboratory (FIDSL) ဓာတ်ခွဲခန်းများနှင့်  မြန်မာနိုင်ငံအစားအသောက် ဓာတ်ခွဲခန်းကွန်ရက် (Myanmar Food Laboratory Network) တွင်    ပါဝင်သည့်  ဓာတ်ခွဲခန်းများတွင် စားသုံးဆီအရည်အသွေး  စစ်ဆေးတိုင်းတာမှုများ တစ်ပြေးညီ ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ “စားသုံး ဆီအရည်အသွေး စစ်ဆေးမှုဆိုင်ရာ သင်တန်း” ကို နှစ်ပတ်တိုင်ပို့ချပေးခဲ့ပြီး ယခုကဲ့သို့ အစားအသောက် အရည်အသွေး စစ်ဆေးမှုဆိုင်ရာသင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင်   မြန်မာနိုင်ငံ အစားအသောက်   ဓာတ်ခွဲခန်းကွန်ရက်မှ   အသိ အမှတ်ပြုထားသော အစားအသောက်စစ်ဆေးသည့် ဓာတ်ခွဲခန်းများမှ စစ်ဆေးချက်များကိုလည်း အစား အသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေး ရာ၌ လက်ခံအသိအမှတ်ပြုသွားရန်  စီစဉ်ဆောင်ရွက် လျက်ရှိသည်။

 


ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် သမဝါယမ နှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း   ဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့နှင့်  ပူးပေါင်း၍  အသေးစား၊ အငယ်စား၊ အလတ်စား  စားသောက်ကုန်လုပ်ငန်း များကို အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံ ချက် လျှောက်ထားမှုဆိုင်ရာ သိကောင်းစရာများ မျှဝေခြင်း၊ အစားအသောက် အရည်အသွေးစစ်ဆေး မှုဆိုင်ရာ   အသိပညာပေးခြင်း၊   အစားအသောက် ထုတ်လုပ်သည့် ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်  အစားအသောက်  ဘေးအန္တရာယ်ဖြစ်မှု အနည်းဆုံး ဖြစ်စေရန်  လိုအပ်သည့်  ထုတ်လုပ်မှုကျင့်စဉ်များ လိုက်နာ     ဆောင်ရွက်နိုင်စေရန်အတွက်လည်း သင်တန်းများပို့ချလျက်ရှိသည်။
ထို့ပြင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ပြုလုပ်သည့်   အသိပညာပေးသင်တန်း များ၌  အစားအသောက်တွင်  သုံးစွဲခွင့်မပြုသည့် ဓာတုတာရှည်ခံဆေးများ (ဥပမာ- ပဲပြား/အမဲသွေး များတွင်  ကြာရှည်ခံစေရန်  မှားယွင်းအသုံးပြုသည့် ဖော်မလင်)၊ သတ်မှတ်ပမာဏအတွင်းသာ သုံးစွဲခွင့် ပြုသည့် ဓာတုတာရှည်ခံဆေးများ (ဥပမာ- ဆိုဒီယမ် ဘန်ဇိုရိတ်)၊ အစားအသောက်တွင် သုံးစွဲခွင့်ပြုသည့် သဘာဝဆိုးဆေးများ (ဥပမာ- အနီရောင် ‘မုန်လာ ဥနီမှရသည့်အရောင် (Carotene)’၊  အဝါရောင် ‘နနွင်းမှရသည့်အရောင် (Turmeric)’နှင့် သုံးစွဲခွင့် ပြုသည့် ဓာတုဆိုးဆေးများ၊ ( အနီရောင် ‘ပေါ်စီဖိုး အာ (Ponceau 4R)’၊ အဝါရောင် (‘Sunset Yellow’)၊ သုံးစွဲ ခွင့်မပြုသည့် ဓာတုဆိုးဆေးများ (ဥပမာ - လက်ဖက်နှင့် ငါးပိတွင် အရောင်လှစေရန် မှားယွင်း အသုံးပြုလေ့ရှိသည့် အဝတ်အထည်ဆိုးဆေးများဖြစ် သော   အော်ရာမင်အို (Auramin O)၊  ရိုဒါမင်ဘီ (Rodamin B)စသည့် အစားအသောက်တွင် သုံးစွဲရန် မသင့်သည့် ဓာတုဆေးများ/ဆိုးဆေးများ၊ သုံးစွဲသင့် သည့်       နည်းလမ်းများနှင့်   အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ  စသည်တို့ကိုလည်း      သင်ကြားပို့ချ ပေးလျက်ရှိသည်။

 


သင်တန်းများ စဉ်ဆက်မပြတ်ပို့ချနိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏  ၁၅-၁-၂၀၂၃ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်းရှိ  အသေးစား၊  အငယ်စား၊ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များ အား    တွေ့ဆုံပွဲနှင့်     ၁၆-၁-၂၀၂၃ ရက်တွင် လဟယ်မြို့၌ ပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌  ဖွံ့ဖြိုးတိုးတက်ရေး   အစည်းအဝေး တို့တွင်      “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စားသောက်ကုန်များထုပ်ပိုးရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေး ပညာပေးဆောင်ရွက်ရန်နှင့် လိုအပ် သည်များ ကူညီပံ့ပိုးပေးရန်” လမ်းညွှန်မှာကြားချက် အပေါ်  ညွှန်ကြားရေးမှူး၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက     ဟုမ္မလင်းခရိုင်၊ လဟယ်ခရိုင်၊ ခန္တီးခရိုင်၊ မုံရွာခရိုင်အတွင်းရှိ ကုသရေး ဦးစီးဌာနမှ တာဝန်ခံများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများမှ  တာဝန်ခံများ၊  အစားအသောက် လုပ်ငန်းရှင်များ  ၆၂  ဦးတို့အား   Zoom ဖြင့်   ၁၃-၂-၂၀၂၃   ရက်မှစ၍     ၁၅-၂-၂၀၂၃ ရက်အထိ သင်တန်းပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ အသေးစား၊ အငယ်စား၊  အလတ်စား  စားသောက်ကုန်လုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်လာစေရေး၊   ထုတ်လုပ်သည့် အစားအသောက်များ အရည်အသွေးပြည့်မီစေရေး နှင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ်ပို့ချနိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 
အသေးစား၊ အငယ်စား၊ အလတ်စား စားသောက် ကုန်လုပ်ငန်းများသည် ဒေသတွင်းထွက်ကုန်များကို အခြေခံထုတ်လုပ်ခြင်းဖြစ်၍  ဒေသထွက်  အစား အသောက်များကို တန်ဖိုးမြှင့်စားသောက်ကုန်များ အဖြစ်   ထုတ်လုပ်နိုင်သည့်အပြင်   ဘေးအန္တရာယ် ကင်းပြီး အရည်အသွေးစိတ်ချရသော စားသောက် ကုန်များ ထုတ်လုပ်လာနိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက   ပို့ချလျက်ရှိသည့်   သင်တန်းများကို တက်ရောက်လေ့လာခြင်း၊    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ official webpage www.fda.gov.mm တွင် ဝင်ရောက်လေ့လာ၍ ချမှတ် ထားသော ဥပဒေ၊ နည်းဥပဒေများ၊ လမ်းညွှန်ချက် များ၊ အမိန့်ကြော်ငြာစာများကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ဘေးအန္တရာယ်ကင်းပြီး အရည် အသွေး    စိတ်ချရသော   စားသောက်ကုန်များ ထုတ်လုပ်လာနိုင်မည်    ဖြစ်သည်။    သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း      အစားအသောက်ဖူလုံ၍ ဘေးကင်းသည့် အစားအသောက်များ ရရှိနိုင်သည့် အတွက် ပြည်သူလူထုအနေဖြင့် သက်ရှည်ကျန်းမာ မည့်အပြင်       ကုန်ထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာ ဈေးကွက် သို့    အရည်အသွေးမီသော    စားသောက်ကုန်များ တင်ပို့ရောင်းချနိုင်ကာ   ကုန်ထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားရေး အရှိန် အဟုန်မြှင့်တိုးတက်လာစေရန်   အထောက်အကူ ပြုမည်ဖြစ်ပါသဖြင့်     အသေးစား၊    အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများကို ဆက်လက် အားပေးကူညီသွားကြပါစို့ဟု တိုက်တွန်းလျက်...။    ။