အားကစားစိတ်ဓာတ်အကြောင်း သိကောင်းစရာ

Type
1

 

ကိုဌေး (ကနောင်)
 

 

ကမ္ဘာပေါ်၌  ကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲအသီးသီးတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်လျက် ရှိကြသည့် အားကစားသမား များအနေဖြင့် မိမိတို့ ပါဝင်ယှဉ်ပြိုင်သည့် အားကစားနည်းများ၏ စည်းမျဉ်းစည်းကမ်းဥပဒေများကို သိရှိထားကြရန် လိုအပ်သကဲ့သို့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ တွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်လည်း အထူးလိုအပ်လှပါသည်။

 

အားကစားပြိုင်ပွဲများတွင် အားကစားနည်း အလိုက်   သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို အားကစားသမားများ    ကိုယ်တိုင်သော်လည်း ကောင်း၊     ပွဲကြည့်ပရိသတ်များ      အနေဖြင့် သော်လည်းကောင်း သိရှိနားလည်မှု အားနည်း၍ ဖြစ်စေ၊   အားကစားစိတ်ဓာတ်ကင်းမဲ့စွာ     ယှဉ်ပြိုင် ခြင်းကြောင့်ဖြစ်စေ၊ သတ်မှတ်စည်းကမ်းများ၏ ဥပဒေ ပြင်ပယှဉ်ပြိုင်မှုများကြောင့်ဖြစ်စေ၊ ဒိုင်လူကြီးများ ၏ ဆုံးဖြတ်ချက်အား မကျေနပ်၍ဖြစ်စေ၊ ပရိသတ် များ၏   လွန်ကဲစွာ    အားပေးမှုကြောင့်ဖြစ်စေ အားကစားပြိုင်ပွဲများတွင် မကြာခဏအငြင်းပွားမှု များ၊ ကွင်းအတွင်း   ခိုက်ရန်ဖြစ်ပွားမှုများမှသည် ကွင်းပြင်ပ  ပရိသတ်များအထိပါ    တစ်ဖက်နှင့် တစ်ဖက်ပဋိပက္ခရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားမှု များကြောင့်   ဖြစ်ပေါ်ခဲ့သည့်    ဖြစ်စဉ်များရှိခဲ့ပြီး ထိုဖြစ်စဉ်များကြောင့် လူပေါင်းရာချီ၍ သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် သာဓကများ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ သို့ဖြစ်၍  အားကစားပြိုင်ပွဲတိုင်းတွင်   အားကစား သမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့် ဖြင့်   ယှဉ်ပြိုင်ခြင်းမပြုသရွေ့   အလားတူဖြစ်စဉ် ဖြစ်ရပ်မျိုး မကြာခဏဆိုသလို   ဖြစ်ပေါ်နေမည်ဟု ယူဆမိပါသည်။

 


အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ 
အဓိပ္ပာယ်ဖွင့်ဆိုချက်များ


အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုထားရှိသည်ကို မှတ်သားဖူးပါသည်။ မှတ်သားမိသလောက်    အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား တင်ပြရ လျှင်-


-    “အားကစားယှဉ်ပြိုင်ရာ၌    အားကစား သမားတိုင်းသည်   သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုသာမက နည်းပြ ဆရာ၊ အုပ်ချုပ်သူ၊ အားကစားဆေးပညာရှင် စသော ပြိုင်ပွဲတာဝန်ရှိသူများ၏ လမ်းညွှန် မှုနှင့် အဆုံးအဖြတ်တို့အား တိကျလေးစား စွာလိုက်နာရမည်” ဟူ၍လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမား တိုင်းသည်    ပွဲကြည့်ပရိသတ်များအား စော်ကားသည့်    ရိုင်းပြညစ်ညမ်းသော အပြုအမူ အပြောအဆိုများကို မပြုမိစေရန် ဆင်ခြင်ရပါမည်။       တစ်နည်းအားဖြင့် ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို စောင့်ထိန်း ရမည်” ဟူ၍ လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌  မိမိလူမျိုး၊ မိမိ နိုင်ငံတော်၏ကျေးဇူးကို   စောင့်သိလျက် အမျိုးဂုဏ်ဆောင်၊    နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် အားသွန် ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်ရမည်”    ဟူ၍ လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌    ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဆိုသကဲ့သို့ မလျှော့ သော  ဇွဲ၊ သတ္တိ၊ ပြင်းပြသောလုံ့လတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်” ဟူ၍လည်းကောင်း
-    “အားကစား ယှဉ်ပြိုင်ရာ၌ ရွှေတံဆိပ်ဆု ရရှိရေးထက်    ပို၍အရေးကြီးသည်မှာ ယှဉ်ပြိုင်ဘက်    အားကစားသမားတစ်ဦး ဘေးဒုက္ခကြုံတွေ့နေခြင်းအား ကိုယ်ကျိုး စွန့်ပြီး ကူညီမှုဖြစ်သည်”ဟူ၍ လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌ အနိုင်ရသူအပေါ် မနာလိုမှု(ဣဿာ)၊ ဝန်တိုမှု(မစ္ဆရိယ) စိတ် များ   မထားရပါ။    အနိုင်ရလောက်သော အားကစားစွမ်းရည်ရှိ၍   အနိုင်ရခြင်းဖြစ် ကြောင်းနှင့် သူ့နည်းတူဖြစ်ဖို့ မိမိဘက်မှ ဆတက်ထမ်းပိုး    ကြိုးစားရဦးမည်ဖြစ် ကြောင်းတို့ကို အမှန်အတိုင်းနားလည်လျက် အနိုင်ရသူနှင့် ထပ်တူထပ်မျှ  ဝမ်းသာနိုင် အောင် ကြိုးစားရမည်” ဟူ၍လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌  သာမန်ပွဲသေး ဖြစ်၍ ရေသာခိုပြီး ကစားခြင်းနှင့် ထိပ်တန်း ပွဲကြီးဖြစ်၍ အားသွန်ပြီးကစားခြင်းတို့ကို မပြုသင့်ပါ၊ ပြိုင်ပွဲအပေါ်မူတည်၍ အလျှော့ အတင်းဖြင့် ကစားခြင်းသည် ယှဉ်ပြိုင်မှု အလေ့အကျင့်ကို    ထိခိုက်ပျက်စီးစေပါ သည်”  ဟူ၍ လည်းကောင်း 
-    “အားကစားယှဉ်ပြိုင်ရာ၌ အသက်အရွယ် သည် ပဓာနမဟုတ်ပါ၊ ပါဝင်ဆင်နွှဲခြင်းသည် သာ ပဓာနဖြစ်ပါသည်” ဟူ၍လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌   တားမြစ်ဆေး စသည်တို့၏ အကူအညီကိုယူပြီး မရိုးဖြောင့် သည့်နည်းဖြင့် မယှဉ်ပြိုင်ရပါ၊ အပြစ်ကင်း သည့်အလုပ်ကို   ပြုလုပ်မိပါစေ”   ဟူ၍ လည်းကောင်း
-    “အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်  လေးစား ခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်း ခြင်းတို့နှင့်သာ   ယှဉ်ပြိုင်ရမည်”   ဟူ၍ လည်းကောင်း
-    “အားကစားလေ့ကျင့်ရာ၌ လည်းကောင်း၊ အားကစားယှဉ်ပြိုင်ရာ၌  လည်းကောင်း ပွင့်လင်းမှု၊ ရိုးသားမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှု အစရှိသည်တို့ကို အမြဲရှိထားရပါမည်” ဟူ၍ လည်းကောင်း
-    “အားကစားသမားချင်း တစ်ဦးကိုတစ်ဦးရဲ့ ရဲဘော်ရဲဘက်စိတ်  ထားရှိရမည်”  ဟူ၍ လည်းကောင်း  အယူအဆအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း   တွေ့ရှိရပါ သည်။ 

 


ကျောင်းသားလူငယ်ဘောလုံးပွဲတော်မှ အစိမ်းကတ်


အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အတွေ့ အကြုံတစ်ခုအား  တင်ပြရလျှင်   အာရှဘောလုံး အဖွဲ့ချုပ်၏ အစီအမံဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က  စတင်ကျင်းပသည့်   အရှေ့တောင်အာရှ နိုင်ငံများ၏ ကျောင်းသားလူငယ်ဘောလုံးပွဲတော် ကို တက်ရောက်လေ့လာခွင့် ရရှိခဲ့ပါသည်။ အချိန်မှာ ၂၀၀၄ ခုနှစ် ဇွန်လအတွင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ အသက် ၁၄ နှစ်အောက် ကျောင်းသား အားကစားပွဲတော် ကျင်းပခဲ့သည်။   ဘောလုံးပြိုင်ပွဲ စည်းကမ်းသတ်မှတ်ချက်များတွင် အဝါကတ်၊ အနီ ကတ်များအပြင်  ဘောလုံးအားကစားဆောင်ပုဒ်ဖြစ် သည့် Fair Play  ဆောင်ပုဒ်ကို   မျိုးဆက်သစ်များ အတုယူ လိုက်နာတတ်စေရေးအတွက် Green Card (အစိမ်းကတ်)ကို ထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ခဲ့ရသည်။ 

 


ကစားသမားနှစ်ဦး   ယှဉ်ပြိုင်နေစဉ်အတွင်း တစ်ဦး လဲကျသွားပါက ကျန်အားကစားသမားတစ်ဦး က ဘောလုံးကို ဆက်မကစားဘဲ လဲကျသွားသည့် ကစားသမားအား ဆွဲထူပေးခြင်း၊ တောင်းပန်ခြင်း၊ ရှေ့တန်းကစားသမားနှင့် နောက်တန်းကစားသမား ဘောလုံးယှဉ်ပြိုင်လုရင်း နောက်တန်းကစားသမား လဲကျကျန်ခဲ့ပြီး ပြိုင်ဘက်ရှေ့တန်းကစားသမားက ဂိုးသွင်းခွင့် အခွင့်အရေးရရှိသွားသော်လည်း ဂိုးသွင်း ခြင်းမပြုဘဲ  လဲကျသွားသည့်  ကစားသမားအား ဆွဲထူပေးခြင်း၊ တောင်းပန်ခြင်းများ  ပြုလုပ်လျှင် ဆွဲထူပေးသည့်  ကစားသမားကို   အားကစား စိတ်ဓာတ်ရှိသူအဖြစ် ဒိုင်လူကြီးက ဂုဏ်ပြုသတ်မှတ် သည့်အနေဖြင့် အစိမ်းကတ်ကို ပြသပါသည်။ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အဝါကတ်၊ အနီကတ် လုံးဝပြသခံရ ခြင်း မရှိသည့် အသင်းအား ကွင်းလယ်ဒိုင်လူကြီးက  တစ်သင်းလုံးအား အစိမ်းကတ်ပြသပြီး အားကစား စိတ်ဓာတ်ပြည့်ဝသော  အသင်းအဖြစ်   ဂုဏ်ပြုပါ သည်။

 


ပြိုင်ပွဲကြီး ပြီးဆုံးချိန်တွင်လည်း ပထမရရှိသော အသင်းအား ဆုဖလား၊ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ် သလို ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်သည့် အစိမ်း ကတ်အများဆုံးရရှိသည့်အသင်းကို ပထမရရှိသည့် အသင်းနှင့်တန်းတူ ဆုဖလားနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။  ဤ   ကျောင်းသား အားကစားပွဲတော်မှ ဆုချီးမြှင့်သည့် အခမ်းအနား တွင် ပထမရရှိသောအသင်းထက် အသန့်ရှင်းဆုံးဆု နှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သည့် အသင်းအား ပရိသတ်က ပိုမိုအားပေးဂုဏ်ပြုကြသည် ကို ဂုဏ်ယူဖွယ်မြင်တွေ့ခဲ့ရပါသည်။ 

 


Fair Play ဖြစ်စေရန်


အားကစားပြိုင်ပွဲတိုင်းတွင် ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့် ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် လိုအပ်သကဲ့သို့ ပြိုင်ပွဲတိုင်း သည် Fair Play ဖြစ်စေရန်လည်း အထူးလိုအပ်လှပါ သည်။ Fair Play ဆိုသည်မှာ အားကစားသမားများ နှင့်သာ သက်ဆိုင်နေခြင်းမျိုးမဟုတ်ဘဲ ပြိုင်ပွဲတစ်ခု ကျင်းပလျှင် မဖြစ်မနေ ပါဝင်ပတ်သက်နေသူများ ဖြစ်သည့် (၁) အားကစားသမား၊ (၂) ဒိုင်လူကြီး၊ (၃) ပွဲကြည့်ပရိသတ်၊ (၄) ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် (၅) ပြိုင်ပွဲကျင်းပမည့် အားကစားကွင်း/အားကစားရုံ အခြေအနေတို့ကိုလည်း   မဖြစ်မနေ   ထည့်သွင်း စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ 

 


အားကစားပြိုင်ပွဲများ အထူးသဖြင့် ဘောလုံး ပြိုင်ပွဲများကို   အကျည်းတန်အရုပ်ဆိုးစေသည့် ဖြစ်ရပ်များမှာ ပြိုင်ပွဲပွဲစဉ်များ   ယှဉ်ပြိုင်ကစားရာ တွင် ပြဿနာများပေါ်ပေါက်ပြီး  ပွဲရပ်ဆိုင်းလိုက် ရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၊ ပြိုင်ပွဲကြီးကြပ်သူ ဒိုင်လူကြီးများအား  မချေမငံ   ပြုမူပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ပရိသတ်များ၏ ဆူပူအကြမ်းဖက်ရမ်းကားခြင်းပင် ဖြစ်သည်။ 

 


သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုး၏ 
ဂုဏ်သိက္ခာကိုပင် ထိခိုက်


ယခုခေတ်တွင်     အားကစားနည်းအလိုက် နိုင်ငံတကာ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အနေဖြင့် မကြာခဏဆိုသလို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိရာ အထက်ပါဖြစ်စဉ်များ ဖြစ်ပွားပါ က သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ အားကစားအဖွဲ့ချုပ် များအား အရေးယူမှုများ ပြုလုပ်လာသည်အထိပင် ဖြစ်သည်ဟု ကြားသိရခြင်းမှာ မနှစ်မြို့စရာဖြစ်သည့် အပြင် သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်သိက္ခာ ကိုပင် ထိခိုက်လာစေပါသည်။ သို့ဖြစ်၍ ပြိုင်ပွဲတစ်ခု ကျင်းပရာတွင် ပါဝင်ပတ်သက်နေသူများ၏ အခန်း ကဏ္ဍကို  ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရမည်  ဖြစ်ပါ သည်။    

 


အားကစားစိတ်ဓာတ်


 “အားကစားသမား” ဟုဆိုရာတွင် လေ့ကျင့်မှု ပြည့်ဝသည့်   အားကစားသမားတစ်ဦးသည်  မိမိ ကစားမည့် အားကစားနည်းအား ယှဉ်ပြိုင်နိုင်သည် အထိ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန်လည်း  အရေးကြီးပေသည်။ မိမိပါဝင်ယှဉ်ပြိုင်ကစားမည့်   အားကစားနည်း၏ စည်းမျဉ်းစည်းကမ်းဥပဒေများကိုလည်း သိရှိအောင် လေ့လာထားရန် လိုအပ်သည်။ လေ့ကျင့်မှုမပြည့်ဝ သော အားကစားသမားတစ်ဦးသည် မောပန်းလာ သည့်အခါ မိမိ၏နဂိုရှိသည့် အားကစားဆောင်ရွက်မှု များ လျော့နည်းလာပြီး မလိုလားအပ်သော ထိခိုက်မှု များ ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ အားကစား စိတ်ဓာတ်ကင်းမဲ့သည့် အားကစားသမားဖြစ်ပါက မိမိထက် ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှုကောင်း သော ပြိုင်ဘက်ကစားသမားအား   ထိခိုက်စေလို သော စိတ်ဆန္ဒဖြင့်   ပြစ်မှုကျူးလွန်တတ်ပါသည်။ ဤကဲ့သို့ ပြစ်မှု ကျူးလွန်သော အားကစားသမားအား ဒိုင်လူကြီးများက အပြစ်ပေးပြန်လျှင်လည်း မချေမငံ ဆက်ဆံခြင်းမျိုးများ ဖြစ်လာစေပါသည်။ နောက် ဆက်တွဲပြဿနာများအနေဖြင့် မိမိကစားသမား၏ ပကတိအခြေအနေကို   နားမလည်နိုင်ဘဲ   နိုင်လိုမှု တစ်ခုတည်းကို  ဦးတည်လာသော   ပရိသတ်များ ပါဝင်လာပြီး ဆူပူမှုကို ဖြစ်ပေါ်လာနိုင်ပါသည်။ 

 


အားကစားသမားတစ်ဦးသည် မိမိ၏ ပြုမူချက် ကြောင့် ဒိုင်လူကြီးကအပြစ်ပေးလျှင် နာခံတတ်ရပေ မည်။ မိမိတစ်ဦးကြောင့် မိမိအသင်းထိခိုက်မှုမရှိစေ ရန် လိုအပ်ပါသည်။ ဒိုင်လူကြီးအား လေးစားသကဲ့သို့ ဘောလုံးပွဲ (သို့) အားကစားပြိုင်ပွဲအား လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်နှင့် မိမိအသင်း၏ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း    လေးစားရန် လိုအပ်ပါသည်။ မိမိကြောင့်၊ မိမိ၏ အားနည်းချက် ကြောင့် အပြစ်ပေးခံရခြင်းကို ဖြေဖျောက်ရန် ပရိသတ် နှင့် ဒိုင်လူကြီးကို ရန်တိုက်ပေးခြင်းမျိုး မဖြစ်သင့်ပါ။ 

 


ကမ္ဘာ့ဖလားနှင့် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့်   အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ  အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းများ၏   အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်မှု အခြေအနေတို့မှာ အထူးအတုယူသင့်လှပေသည်။   ပြိုင်ပွဲတိုင်းတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အား လေးစားလိုက်နာ သည့် အကျင့်စရိုက်နှင့်  မိမိထက်  သာလွန်သည့် အသင်းများကို အားကစားစိတ်ဓာတ်  အပြည့်အဝ ဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်အနိုင်ယူသွားကြသည် များကို လေးစားဂုဏ်ယူ အားကျဖွယ်တွေ့ရပါ သည်။ 

 


ဒိုင်လူကြီးများအတွက် ‘သ’ ခြောက်လုံး


အလားတူပြိုင်ပွဲအား တာဝန်ယူကြီးကြပ်ရသည့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားခွင်မှ တရား သူကြီးကဲ့သို့  အဆုံးအဖြတ်ပေးရမည့်သူဖြစ်ခြင်း ကြောင့် အထူးအရေးကြီးပါသည်။ အားကစားပြိုင်ပွဲ ကောင်းတစ်ခုဖြစ်ဖို့ဆိုလျှင်   အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်နှင့်  ပြိုင်ပွဲကျင်းပရေး ကော်မတီတို့  “လေးပွင့်ဆိုင်” ကောင်းမှသာလျှင် ပြိုင်ပွဲကောင်းတစ်ခု ဖြစ်ပေသည်။ ထိုလေးပွင့်ဆိုင် တွင် အချက်တစ်ခုခု ချွတ်ယွင်းဖောက်ဖျက်ပါက ပွဲပျက်ရပြီး ပြဿနာများစွာ၊ အဓိကရုဏ်းများစွာ ဖြစ်ပေါ်စေပါသည်။   ထို့ကြောင့်   ဒိုင်လူကြီး တစ်ယောက်သည် “သ” ခြောက်လုံးဟူသော “သစ္စာ၊ သိက္ခာ၊ သမာဓိ၊ သတ္တိ၊ သမ္မစိတ္တ၊ သုတေသန” ဟူသော  အချက်များပြည့်စုံရန်   လိုအပ်ကြောင်း မှတ်သားဖူးပါသည်။ 

 


“သစ္စာ” ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက် သည် မိမိပါဝင်ပတ်သက်နေသော အားကစားအပေါ် တွင်  သစ္စာရှိရပါမည်။   တစ်နည်းအားဖြင့်ဆိုသော် အဂတိလိုက်စားမှုကင်းခြင်း၊ ငါဟူသော အစွဲအလမ်း ဖြစ်သည့် ငါ့တပည့်၊ ငါ့ဆွေမျိုး၊ ငါ့သား၊ ငါ့သမီး ဟူသော အစွဲအလမ်းမရှိဘဲ မှန်မှန်ကန်ကန် သစ္စာ ရှိရှိ ဆုံးဖြတ်ဖို့လိုပါသည်။

 


“သိက္ခာ”   ဟူသည်       ဒိုင်လူကြီးကောင်း တစ်ယောက် သည် မိမိရရှိထားသော နေရာ၊ ရာထူး နှင့် လိုက်ဖက်စွာ မိမိဂုဏ်သိက္ခာကို စောင့်ထိန်း၍ တစ်ဖက်စောင်းနင်း မဆုံးဖြတ်ဖို့ လိုပါသည်။  မိမိ ဒေသအစွဲ၊ မြို့အစွဲများကို မကြည့်ဘဲ လတ်တလော မြင်ကွင်းပြိုင်ပွဲကို   မှန်မှန်ကန်ကန်   ဆုံးဖြတ်ရန် လိုပါသည်။

 


“သမာဓိ”ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက် သည် စိတ်ဓာတ်ခိုင်မာဖို့ လိုပါသည်။ ဟိုလိုလို၊ ဒီလိုလိုနှင့်   ဝေခွဲမရသော   သံသယဒွိဟစိတ်များ မဖြစ်ရန် လိုပါသည်။

 


“သတ္တိ” ဟူသည်    ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိဆုံးဖြတ်ချက်၊ မိမိထင်မြင် ချက်ကို မမှိတ်မသုန် ဆုံးဖြတ်ချက်ချနိုင်ဖို့  လိုပါ သည်။  တခြားတစ်ဦးတစ်ယောက်၏   သြဇာ လွှမ်းမိုးမှု၊ တိုက်တွန်းမှု၊ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ် မရှိဘဲ ဆုံးဖြတ်နိုင်ရန် လိုပါသည်။

 


“သမ္မစိတ္တ” ဟူသည်     ပြိုင်ပွဲကျင်းပနေစဉ် ပြိုင်ဘက်အသင်းများအပေါ်   (သို့)   ပြိုင်ပွဲဝင် အားကစားသမားများအပေါ် မျှမျှတတ ဝေဖန် ပိုင်းခြားခြင်း၊ ဆုံးဖြတ်တတ်ခြင်းတို့ လိုပါသည်။

 


“သုတေသန”  ဟူသည်    ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိနှင့်ပတ်သက်သော အားကစား အကြောင်း၊  စည်းမျဉ်းစည်းကမ်း၊   ဥပဒေများကို ခေတ်နှင့်အညီ   သိကျွမ်းဖို့   လိုပါသည်။    ထို့ပြင် မိမိအားကစားနှင့် ပတ်သက်သော  အသိုင်းအဝိုင်း၊ အားကစားသမားများအကြောင်းကိုလည်း  တီးမိ ခေါက်မိဖို့ လိုပါသည်။

 


ထို့ကြောင့် ဒိုင်လူကြီးကောင်းတစ်ဦးဖြစ်ရန် “သ” ခြောက်လုံးကို ဆောင်၍ တည်ကြည်လေးနက် သော အားကစားစိတ်ဓာတ်ဖြင့်   ဆောင်ရွက်မည် ဆိုပါက အမှားအယွင်းနည်းစွာဖြင့် ဆုံးဖြတ်တတ် သော  ဒိုင်လူကြီးကောင်းတစ်ယောက်ဖြစ်မည်ဟု မှတ်သားဖူးပါသည်။

 


တရားသူကြီးတစ်ဦး၏ တရားခွင်၌   ဆုံးဖြတ် ခြင်းသည်  အခန်းကျဉ်းလေးတွင်ဖြစ်သော်လည်း အားကစားပွဲဒိုင်လူကြီးမှာ   မြင်ကွင်းကျယ်သည့် ပရိသတ်အများစု၏  ရှေ့မှောက်တွင်   အချိန်တို အတွင်း ချက်ချင်းဆုံးဖြတ်ရသဖြင့် ပိုမို၍အရေးကြီး လှပါသည်။ အားကစားဒိုင်လူကြီးများအနေဖြင့် တည်ငြိမ်စွာဖြင့် ကုလားထိုင်တွင်ထိုင်ပြီး အချိန်ယူ စဉ်းစားဆုံးဖြတ်ရသည့်  ပုံစံမဟုတ်ဘဲ   လှုပ်ရှား ပြေးလွှားရင်း   ချက်ချင်းဆုံးဖြတ်ချက်ချရသည့် ကိစ္စမှာ ထင်သလောက်မလွယ်ကူပါ။ ပရိသတ်များ အနေဖြင့် မိမိထိုင်ခုံတွင်ထိုင်ပြီး အားပေးရင်း မိမိ ထင်ရာမြင်ရာကို ဆုံးဖြတ်ချက်ချနိုင်ပါသည်။ မိမိ ထင်မြင်ယူဆချက်ကို တရားခွင်မှာကဲ့သို့ မဟုတ်ဘဲ လွတ်လပ်စွာ      အော်ဟစ်ပြောဆိုနိုင်ပါသည်။ ပရိသတ်၏အမြင်နှင့် ဒိုင်လူကြီး၏ အဆုံးအဖြတ် ကိုက်ညီရန် အတော်ခက်ခဲပါသည်။ 

 


ပရိသတ်နှင့် အားကစားသမားများသည်လည်း 
ဥပဒေကို နားလည်ထားရန်လို


ဤအချက်တစ်ချက်တည်းနှင့်ပင် စဉ်းစားမိသည် မှာ ဒိုင်လူကြီးတစ်ဦးသည် ဥပဒေကိုနားလည်ရန်နှင့်  ပရိသတ်နှင့်အားကစားသမားများသည်လည်း ဥပဒေ ကို နားလည်ထားရန်လိုအပ်သည်ဟု သုံးသပ်မိပါသည်။ သို့ဖြစ်၍ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှု အများဆုံး ဖြစ်သော ဘောလုံးအားကစားနည်းအပါအဝင်  အခြား သော အားကစားနည်းအားလုံး၏ ဥပဒေများနှင့် တိုးတက်ပြောင်းလဲလာသည့်     ဥပဒေများကို ကျယ်ပြန့်စွာ အသိပညာပေးရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုလိုပါသည်။

 


ပရိသတ်များမှာ  အားကစားကို   ဝါသနာအရ လာရောက်ကြည့်ရှုအားပေးသူများဖြစ်ရာ ပရိသတ် များ၏   အသိပညာမြင့်မားလာစေရေးအတွက် မီဒီယာများဖြင့် ပူးပေါင်းကာ ပညာပေးခြင်းလုပ်ငန်း များကို   အထက်တွင်   ဖော်ပြခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်သာ လိုအပ်ပါ သည်။ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ် များမှာ အလွှာအသီးသီးမှဖြစ်ပြီး  အသိဉာဏ်နှင့် ပညာမှာလည်း အမျိုးမျိုးရှိကြ၍ ၎င်းတို့အားပေးမှုကို ကြိုဆိုရန်သာ ရှိပါသည်။ 

 


စည်းကမ်းရှိသော ပရိသတ်များဖြစ်လာစေရန်


သတ်မှတ်စည်းမျဉ်း စည်းကမ်းဥပဒေအတိုင်း တရားမျှတစွာ ဆောင်ရွက်သည့် ဒိုင်လူကြီး၊ ဥပဒေ  နားလည်ပြီး   လေ့ကျင့်သားပြည့်ဝ၍   အားကစား စိတ်ဓာတ်ရှိသော   အားကစားသမားများရှိပါလျှင် ပရိသတ်များ အလိုလိုယဉ်ကျေးလာမည်ဟု ယုံကြည် ပါသည်။ ဥပဒေကို   နားလည်သဘောပေါက်ပြီး နိုင်ငံကြီးသားပီသသူများ ဖြစ်လာစေရန်၊ စည်းကမ်း ရှိသော၊ စည်းကမ်းတန်ဖိုးကိုသိသော ပရိသတ်များ ဖြစ်လာစေရန်အတွက် ကိုယ်ချင်းစာတရား လက်ကိုင် ထားရေးကိုလည်း   စည်းရုံးလှုံ့ဆော်ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။

 


ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် 
အားကစားကွင်းအခြေအနေများ


ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အားကစားကွင်း အခြေအနေများဟု ဆိုရာတွင် ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများကို တာဝန် ယူဆောင်ရွက်နေသူများအနေဖြင့် ပြိုင်ပွဲကျင်းပမည့် ရက် သတ်မှတ်ပေးခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်း ကြိုတင် သတ်မှတ်ခြင်းတို့ကို  တာဝန်ယူဆောင်ရွက်ရပေ သည်။  နိုင်ငံတကာအားကစားပြိုင်ပွဲများဆိုလျှင် ကမ္ဘာ့အိုလံပစ်ကော်မတီ၏   အားကစားပြက္ခဒိန်၊ အာရှ၊  ဥရောပ၊  အာဖရိက၊   အရှေ့တောင်အာရှ စသည့်နေရာဌာနအလိုက် ကျင်းပမည့် အားကစား ပြက္ခဒိန်များကို လေ့လာစိစစ်ပြီးမှသာ ဆောင်ရွက် ရပေသည်။ ပြိုင်ပွဲရက် သတ်မှတ်ပြီးလျှင် ပြိုင်ပွဲဝင် နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း၊ အဖွဲ့အစည်းအသီးသီးသို့ ကြိုတင်ပြင်ဆင် လေ့ကျင့်နိုင်ရန် ကြိုတင်အသိပေး အကြောင်းကြားရပေမည်။ သို့မှသာ  အဆင့်ဆင့် သောအဖွဲ့များက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ခြင်း၊ စခန်းသွင်း လေ့ကျင့်ခြင်း များ ပြုလုပ်နိုင်မည်ဖြစ်ပေသည်။

 


ဤကဲ့သို့ တရားမျှတသော   ပြင်ဆင်မှုများ ညီမျှစွာ ရရှိကြမှသာလျှင် “တရားသော ယှဉ်ပြိုင် ခြင်း” ဟူသော  ဆောင်ပုဒ်အတိုင်း  ဖြစ်လာမည် ဖြစ်ပေသည်။ ထို့ကြောင့်လည်း တရားသော၊ ညီမျှ သော ပြိုင်ပွဲတစ်ခုဖြစ်ရန်မှာ အဓိကဟုဆိုနိုင်သည့် ပြိုင်ပွဲကျင်းပရေးကော်မတီ၏ တာဝန်ဖြစ်ပေသည်။ ၎င်းတို့မှတစ်ဆင့် အဆင့်မီသောအားကစားကွင်း များတွင် ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း၊ ရှာဖွေခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ပြီး အဆင့်မီသောပြိုင်ပွဲများကို   ကျင်းပနိုင်မည်ဖြစ်ပါ သည်။    ။