
ကမ္ဘာ့ရေနေ့ ဆောင်းပါးပြိုင်ပွဲ ပထမဆုရဆောင်းပါး။
စည်တော်မောင် (မကွေး)
ယနေ့ သိပ္ပံနှင့် နည်းပညာ အံ့မခန်းဖွံ့ဖြိုးတိုးတက် နေသော အချိန်အခါတွင် လူသားတို့ လက်လှမ်းမီ လေ့လာနိုင်သမျှ အာကာသစကြဝဠာကြီးတွင် ကမ္ဘာမြေကြီးမှတစ်ပါး မည်သည့်ဂြိုဟ်တွင်မှ ရေကို မတွေ့ရှိကြသေးပါ။ ကျွန်ုပ်တို့ကမ္ဘာမြေကြီး (Earth) သည် သက်ရှိများရှင်သန်နေထိုင်နိုင်သော ရေထု တည်ရှိသော တစ်ခုတည်းသောကမ္ဘာ (Only one Earth) ဖြစ်သည်။ လူသားများနှင့် ကမ္ဘာ့သက်ရှိ အလုံးစုံတို့သည် မိခင်ကမ္ဘာမြေကြီး၏ ရေထုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း မှီခိုရှင်သန်ရပ်တည်နေကြရသည်။ ရေသည် ကျွန်ုပ်တို့ သက်ရှိတိုင်းအတွက် မရှိ မဖြစ်သောအရာဖြစ်သည်။ ရေမရှိလျှင် ကမ္ဘာ့သက်ရှိ များအားလုံး ပျက်စီးသွားကြမည်ဖြစ်သည်။ “ထမင်း အသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဆိုသည့် အတိုင်း ရေ၏အရေးပါပုံကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် ယနေ့ကမ္ဘာ့နိုင်ငံတိုင်းတွင် လူသားတို့ အတွက် မရှိမဖြစ်သော ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့် ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြသည်။
ကမ္ဘာ့ရေနေ့
“ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့် ပြောင်းလဲဆောင်ရွက်မှု” (Accele-rating change to solve the water and Sanitation crises)သည် ယခုနှစ် ၂၀၂၃ ခုနှစ်၏ “ကမ္ဘာ့ရေနေ့” (World Water Day) ဆောင်ပုဒ်ဖြစ် သည်။ ၁၉၉၃ ခုနှစ်တွင် ရေချို၏အရေးပါမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ရေချိုအရင်းအမြစ် စီမံထိန်းသိမ်းခြင်း ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ကုလ သမဂ္ဂက မတ်လ ၂၂ ရက်ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပလာခဲ့သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိကို “ရေဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရန် ဆယ်စုနှစ်” အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ် ထားရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ် ၂၀၂၃ ခုနှစ်၏ ဆောင်ပုဒ်အရ ယနေ့ကမ္ဘာလုံးဆိုင်ရာ ရင်ဆိုင်နေ ကြရသော ရေနှင့် ရေဆိုင်ရာလိုအပ်ချက်များ၊ ရေကောင်းရေသန့်ရရှိစေရေးနှင့် မိလ္လာအညစ် အကြေး အကျပ်အတည်းများကို ဖြေရှင်းကြရန် အတွက် အပြောင်းအလဲဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ပြရန် အထူး သတိပေးဆော်သြထားသည်။ ယနေ့ကမ္ဘာလုံး ဆိုင်ရာ ရေဆိုင်ရာလိုအပ်ချက် အကျပ်အတည်း များကို ကောင်းမွန်စွာမဖြေရှင်းခဲ့ပါက လာမည့်နှစ် များတွင် ရေသံသရာ ကမောက်ကမ ဖြစ်မှုသည် ကျန်းမာရေးမှသည် ငတ်မွတ်မှုအထိ၊ ကျားမ တန်းတူညီမျှမှုမှသည် အလုပ်အကိုင်များအထိ၊ ပညာရေးမှသည် စက်မှုလုပ်ငန်းအထိနှင့် သဘာဝ ဘေးအန္တရာယ်မှ ငြိမ်းချမ်းရေးအထိ တိုးတက်ဖွံ့ဖြိုးမှု များကို ထိခိုက်ပျက်စီးစေနိုင်သည်။
ရေဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်
ယနေ့ ကမ္ဘာ့နိုင်ငံများတွင် တူညီသည့် အရေးကြီးဆုံးသော ရည်မှန်းချက်သည် ဘက်ညီ မျှတသည့်ဖွံ့ဖြိုးမှု ရရှိရေးပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများက နိုင်ငံတစ်ဝန်း “အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးမှု” ရရှိစေရေး ကြိုးပမ်းနေသကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်း ၄င်းတို့ရရှိပြီးဖြစ်သည့်တိုးတက်မှု တည်တံ့စေရေးအားထုတ်ကြိုးပမ်းနေကြသည်။ နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ရေနှင့် မြေသည် အဓိကအရင်းအနှီးဖြစ်သည်။ ရေနှင့်မြေကို အဓိကထားသောစိတ်ဖြင့် အလေး အနက် ကြံစည်လုပ်ဆောင်ခြင်းသည် နိုင်ငံသာယာ ဝပြောရေး၏ အခြေခံပင်ဖြစ်နေသည်။ “ရေကို ရင်းနှီး ပြည်ကြီးသာယာ” ဆိုသလို ယနေ့ကမ္ဘာ့ နိုင်ငံတိုင်းက ရေဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းနေကြပြီး နိုင်ငံသာယာ ဝပြောရေးကို ဆောင်ရွက်နေကြသည်။ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် (၁၇)ခုတွင် ပန်းတိုင် (၆) “ရေ” -လူတိုင်းအတွက် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှု ရရှိနိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသောစီမံခန့်ခွဲမှု သေချာစေရန်” ဆိုသည့်အချက်ကို ၂၀၃၀ ပြည့်နှစ် တွင် ပြည့်မီစေရန် ကမ္ဘာ့နိုင်ငံတိုင်းက ကြိုးစား အားထုတ်နေကြသည်။
ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
ထို့ကြောင့်လည်း ယခုနှစ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ ရေနေ့ဆောင်ပုဒ်အဖြစ် “ရေဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့် ပြောင်းလဲ ဆောင်ရွက်မှု”ကို ချမှတ်ပေးပြီး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု (Global Campaign) “Be the change” ဟုခေါ်သော ကမ္ဘာ့လူသားများအား ၄င်းတို့သုံးစွဲမှု သောက်သုံးမှုနှင့် ရေကိုစီမံခန့်ခွဲသည့် နည်းလမ်း ကို ပြောင်းလဲရန်နှင့် ၄င်းတို့၏ဘဝတွင် လုပ်ဆောင် သွားကြရန် တိုက်တွန်းထားသည်။ ကျွန်ုပ်တို့ ကမ္ဘာမြေကြီးတွင် ကမ္ဘာ့မြေမျက်နှာသွင်ပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေများဖြင့် ဖုံးလွှမ်းထားပြီး ကမ္ဘာပေါ်ရှိရေထုစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်နှင့် သမုဒ္ဒရာများ(ဆားငန်ရေ)များ ဖြစ်ကြ သည်။ ကျန် ၃ ရာခိုင်နှုန်းသည်သာ ရေချိုဖြစ်ပြီး ၄င်းရေချို ၃ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းခန့်သာ သောက်သုံးရန် သင့်လျော်သည်။ ၄င်းရေရှိ သန့်ရှင်း သောရေ သုံးပုံနှစ်ပုံမှာလည်း အလွယ်တကူရရှိရန် မဖြစ်နိုင်ပေ။ ထို့ပြင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ ရေထုညစ်ညမ်းမှု၊ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်များ ကြောင့်လည်း ကမ္ဘာ့ရေချိုရေကောင်း ရေသန့်များ ရှားပါးမှုနှင့် မလောက်ငမှု၊ အထူးသဖြင့် ကျန်းမာရေးကိုထိခိုက်မှု စသည်တို့ ဖြစ်ပွားလျက် ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်း သေဆုံးနေရပြီး ၇၄ သန်းသော လူများသည် ရေသန့် ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်း သော ရောဂါများကြောင့် အသက်ဆုံးရှုံးနိုင်ခြေများ နေသည်။ ယနေ့ ကမ္ဘာတစ်ဝန်းရှိ လူလေးဦးတွင် တစ်ဦး (နှစ်ဘီလီယံခန့်)သည် ဘေးကင်းစိတ်ချ ရသော သောက်သုံးရေ ချိုတဲ့လျက်ရှိနေသည် ဟူ၍ UN-Water၊ WHO နှင့် UNICEF တို့၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာများကိုဖော်ပြသည်။ ထို့ပြင် ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်နီးပါး ၃ ဒသမ ၆ ဘီလီယံခန့် သည် လုံခြုံသောမိလ္လာစနစ် ကင်းမဲ့နေသည်ဟူ၍ လည်း ထုတ်ပြန်ထားသည်။ တစ်ကမ္ဘာလုံးတွင် အိမ်သုံးရေဆိုးများ၏ ၄၄ ရာခိုင်နှုန်းတို့လည်း ဘေးကင်းစွာ (Waste water safely treated) အဖြစ် ကုသခြင်းမပြုလုပ်နိုင်ကြပါဟု UN-Water ၂၀၂၂ ခုနှစ် အစီရင်ခံစာက ထုတ်ပြန်ထားသည်။ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ရေလိုအပ်ချက် (ရေနုတ်ယူမှု) သည် ၅၅ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထား သည်။ ထို့ကြောင့် လာမည့်အနာဂတ်တွင် ကမ္ဘာ့ လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ လာမည့်နောက်ငါးနှစ်မှ ၁၀ နှစ်အတွင်း ရေရှားပါးမှု သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကို ဆိုးရွားစွာ သက်ရောက်နိုင်စေသည်။ အဓိကအားဖြင့် ရေနှင့် ပတ်သက်ပြီး ထိတ်လန့်ဖွယ် အချက် (၁၀) ချက်နှင့် ရေရှားပါးမှုသည် ဘာကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်နေသည်ကို ဖော်ပြပါမည်။
(၁) သန့်စင်သောရေ ရှားပါးမှုကြောင့် ကလေးသူငယ်များ သေဆုံးမှုနှုန်းများ မြင့်တက်ခြင်း
နှစ်စဉ် ငါးနှစ်အောက် ကလေးသူငယ်ပေါင်း ၄၄၆၀၀၀ ခန့်သည် ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် သေဆုံးနေကြရသည်။ ထိုကလေးအများစုသည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှဖြစ်ကြပြီး သန့်စင်ကောင်းမွန်သော ရေအရင်းအမြစ်များကို မရရှိကြပါ။ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်နိုင်သည့် ဘေးကင်းမှုမရှိသော ရေများ သည် ၄င်းကလေးများ မသောက်သုံးခင်ကပင် ညစ်ညမ်းခံရပြီးဖြစ်သည်။ ဝမ်းပျက် ဝမ်းလျှော ကြောင့် ကလေးသူငယ်သေဆုံးနှုန်းများမှာ ငှက်ဖျား၊ ဝက်သက်နှင့် HIV တို့ကြောင့် ကလေးသေဆုံးမှုနှုန်း ပေါင်းထက် များပြားနေသည်။
(၂) အခြေခံမိလ္လာနှင့် ရေဆိုးစနစ်သည် ကမ္ဘာ့လူဦးရေ ၃ ဒသမ ၆ ဘီလီယံအပေါ် သက်ရောက်နေခြင်း
ကမ္ဘာနိုင်ငံများတွင် အခြေခံမိလ္လာနှင့် ရေဆိုး စနစ် ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ကြီးမား ပြင်းထန်သော ပြဿနာများကို ရင်ဆိုင်နေရသည်။ ခန့်မှန်းခြေ လူပေါင်း ၃ ဒသမ ၆ ဘီလီယံခန့်သည် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်အတွက် လိုအပ်သော ဝန်ဆောင်မှုများနှင့် အသုံးအဆောင်များ မရရှိကြ ပေ။ အခြေခံမိလ္လာနှင့် ရေဆိုးစနစ်ဆိုသည်မှာ လူများ၏ အညစ်အကြေးစွန့်ပစ်မှုဆိုင်ရာ အသုံး အဆောင်များနှင့် ပုံမှန်သိမ်းဆည်းပေးခြင်း စနစ် များရှိသည့် သန့်ရှင်းကောင်းမွန်သောနေရာတွင် လူသားများနေထိုင်ခြင်းကို ဆိုလိုသည်။
(၃) ကလေးသူငယ်များ အာဟာရချို့တဲ့မှု၏
၅၀ ရာခိုင်နှုန်းသည် မသန့်ရှင်းသော
ရေများနှင့် ချိတ်ဆက်နေခြင်း
လူတစ်ဦးအတွက် အစာအာဟာရဓာတ် ခြောက်မျိုးတွင် ရေဓာတ်သည် အခြေခံအကျဆုံး ဖြစ်သည်။ လူတစ်ဦး၏ အစားအစာစားသောက်မှု တွင် လုံလောက်သောအာဟာရဓာတ်များ မရရှိပါ က အာဟာရချို့တဲ့မှု (Malnutrition) ဖြစ်ပေါ် လာသည်။ မသန့်ရှင်းသောရေကြောင့် ကလေး များတွင် ဝမ်းရောဂါများဖြစ်သည့်အခါ ကြီးထွား ဖွံ့ဖြိုးရန်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် များကို မစုပ်ယူနိုင်တော့ပေ။ ကလေးသူငယ်များ အာဟာရချို့တဲ့မှုဖြစ်ပေါ်လာပြီး ဖွံ့ဖြိုးမှုနှေးကွေး ရသည်။ ဤအချက်သည် ကမ္ဘာကြီး၏ မျိုးဆက်သစ် များအတွက် စိုးရိမ်စရာဖြစ်သည်။
(၄)ကောင်းမွန်သော ရေနှင့် မိလ္လာစနစ်သည် ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း
ရေနှင့် မိလ္လာစနစ်အတွက် ရင်းနှီးမြှုပ်နှံမှုများ သည် လူထုနှင့် ပြည်တွင်းစီးပွားရေးများကို တိုးတက်စေနိုင်သည်။ ရေနှင့် မိလ္လာစနစ်အတွက် တစ်ဒေါ်လာ ရင်းနှီးပါက အနည်းဆုံးပျှမ်းမျှ လေး ဒေါ်လာခန့်ကို ကုန်ထုတ်စွမ်းအားတိုးလာခြင်းမှ တစ်ဆင့် ပြန်လည်ရရှိနိုင်သည်။ ကလေးများ သည်လည်း ရေမသန့်မှုကြောင့် ဖျားနာပါက မိဘ ဖြစ်သူကပြုစုရလျှင် အလုပ်ပျက်ရသည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော မိလ္လာစနစ်သာရှိပါက တစ်နှစ် လျှင် အလုပ်လုပ်ရန်နှင့် ကျောင်းသွားရန် အချိန်ပို နာရီ ၁၀၀၀ ခန့် ပိုမိုရရှိနိုင်ကြောင်း လေ့လာမှုများက ဖော်ပြလျက်ရှိသည်။
(၅) မသန့်ရှင်းသောရေကြောင့် နှစ်စဉ်
၁ ဒသမ ၄ သန်းခန့် သေဆုံးမှုဖြစ်ပေါ်နေခြင်းနှင့် နှစ်စဉ် ၇၄ သန်းသောလူများ အသက်ဆုံးရှုံးနိုင်
မသန့်ရှင်းသောရေနှင့် မိလ္လာစနစ် မလုံလောက် မှုနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း ကြောင့်ဖြစ်သော ကျန်းမာရေးအခြေအနေများ ကြောင့် နှစ်စဉ် ကလေးသူငယ်နှင့် လူကြီးများ သေဆုံးနေရသည်။
(၆) လာမည့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည်
ရေရှားပါးဒေသများတွင် နေထိုင်ရနိုင်ခြင်း
နောက်နှစ်အနည်းငယ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေရှားပါးသော ဒေသများတွင် နေထိုင်ရနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ထားကြသည်။ ကမ္ဘာလုံးဆိုင်ရာ အခြေခံရေရရှိမှု ကြိုးပမ်းရာတွင် လက်ရှိဆောင်ရွက်မှုများကို ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးမြှင့် ဆောင်ရွက်ရန် လိုအပ် နေသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းသော ရေရရှိမှုကို စိန်ခေါ်မှုများက တားဆီးနေသည်။ ၄င်းစိန်ခေါ်မှုများတွင် ရာသီဥတု ပြောင်းလဲလာမှုနှင့် ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာမှုတို့က ထိပ်ဆုံးမှ ပါဝင်နေသည်။
(၇)ဝင်ငွေနည်းပါးသော နိုင်ငံများတွင် အမျိုးသမီးများသည် ရေစုဆောင်းရန် နာရီပေါင်း ၄၀ ဘီလီယံအထက် အသုံးပြုနေရခြင်း
ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ အရွယ်ရောက်အမျိုးသမီးများနှင့် မိန်းကလေး ငယ်များသည် အိမ်တွင်သုံးရန် ရေများကို နာရီပေါင်း ဘီလီယံနှင့်ချီကာ စုဆောင်းနေရသည်။ ဤအချက် သည် အမျိုးသမီးများ ပညာရေးနှင့် လုပ်ငန်းခွင်ကို တက်ရောက်နိုင်မှုကို တိုက်ရိုက်သက်ရောက် နေပြီး ကျား မ တန်းတူညီမျှရေးကို ထိခိုက်စေ သည်။
(၈) စွန့်ပစ်ရေဆိုး၏ ၈၀ရာခိုင်နှုန်းနီးပါး
ဂေဟစနစ်အတွင်းသို့ ပြန်လည်စီးဆင်းခြင်း
အထူးသဖြင့် ကမ္ဘာ့စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် အတူ စက်မှုလုပ်ငန်းသုံးနှင့် စိုက်ပျိုးရေးသုံး ရေဆိုး များစွန့်ပစ်မှုမှာ ပုံမှန်နှုန်းထားဖြင့် မြင့်တက်နေပြီး စိန်ခေါ်မှုပြဿနာတစ်ရပ် ဖြစ်လာသည်။ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရုံသာမက လူသားတို့၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေ သည်။
(၉) ကမ္ဘာ့လူဦးရေ ၂ ဒသမ ၂ ဘီလီယံခန့် (ကမ္ဘာ့လူဦးရေ လေးဦးတွင် တစ်ဦး)သည် ဘေးကင်းစိတ်ချရသော သောက်သုံးရေ
ချို့တဲ့စွာ နေရခြင်း
ယနေ့ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၂ ဘီလီယံခန့်သည် နေ့စဉ်သောက်သုံးရေကို အပြည့်အဝ မသုံးစွဲနိုင်ဘဲ ချို့တဲ့စွာဖြင့် သောက်သုံးရေကို ချွေတာနေရသည်။
(၁၀) ရေကောင်းရေသန့်ကို ချွေတာသုံးစွဲမှုနှင့် စီမံခန့်ခွဲမှု အားနည်းခြင်း
လူတစ်ဦးသည် အခြေခံလိုအပ်ချက်အဖြစ် တစ်နေ့လျှင် ရေလီတာ ၂၀-၅၀ နီးပါးလိုအပ်ကြောင်း UN-Water မှ ဆိုထားသည်။ သို့သော်လည်း ဖွံ့ဖြိုးမှု ကွာဟချက်ကြောင့် ရေလိုအပ်ချက် သုံးစွဲမှု ကွာဟ သွားသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် ရေချိုးခန်းသည် ရေ ၁၇ ဂါလန်ခန့်ကို အသုံးပြုပြီး အိမ်သာရေဆေးတစ်ခုတည်းက ခုနစ်ဂါလန်ကို အသုံးပြုမှုသည် တုန်လှုပ်သွားစေသည်။
အထက်ပါအချက်များအရ လူသန်းပေါင်းများ စွာနှင့် မရေမတွက်နိုင်သော ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ စသည်တို့တွင် ရေနှင့်မိလ္လာဆိုင်ရာလိုအပ်ချက်များ ပြည့်စုံရန် လိုအပ်လျက်ရှိနေသည်။ ဤအခြေအနေအရ ရေနှင့် မိလ္လာဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပုံမှန်အတိုင်း လုပ်ဆောင်နေမှုမှ အရှိန်အဟုန်မြှင့်တင် ပြောင်းလဲဆောင်ရွက်ကြရန် မီးမောင်းထိုးပြနေ သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်း၏ အစိုးရများ၊ လူမှုအဖွဲ့အစည်းများနှင့် ကမ္ဘာ့လူသားထု တစ်ရပ်လုံးက ပါဝင်ပြီး ဆောင်ရွက်ကြရမည်ဖြစ် သည်။
မြန်မာနိုင်ငံနှင့် ရေဆိုင်ရာပြဿနာများ
မြန်မာနိုင်ငံအနေဖြင့်လည်း အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ ရေနှင့်ဆိုင်ရာအခက်အခဲ ပြဿနာ များကို ကြုံတွေ့ခံစားနေရသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ကြွယ်ဝပြီး အာဆီယံ ၁၀ နိုင်ငံ၏ ရေ ၁၆ ရာခိုင်နှုန်းနှင့် အာရှတိုက်တစ်တိုက်လုံး၏ ရေ ၁၂ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်သည့် ရေအရင်းအမြစ်များ ပေါကြွယ်ဝ သောနိုင်ငံဖြစ်သည်။ သို့သော်လည်း မိုးရွာသွန်းမှု ကွဲပြားခြားနားမှု၊ ပထဝီမြေမျက်နှာသွင်ပြင် ကွဲပြား မှု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ်များတွင် လူဦးရေ တိုးပွားမှု၊ လူနေထူထပ်မှု၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တိုးတက်များပြားလာမှု စသည် ဖြင့် လူနေမှုစနစ် ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်ချက်သည် လျင်မြန်စွာ ပိုမိုများပြားလာ နေပြီး လူတိုင်းအတွက် ရေဖူလုံစွာ ရရှိနိုင်ရေးမှာ အခက်အခဲပြဿနာများ ဖြစ်ပေါ်နေလျက်ရှိသည်။
အခြေခံလိုအပ်ချက်ဖြစ်သော ဘေးကင်းစိတ်ချ ရသော သောက်သုံးရေရရှိမှု၊ မိလ္လာနှင့် ရေဆိုး စွန့်ပစ်မှုအတွက် ရေလိုအပ်မှုများကလည်း နေရာ အများစုတွင် ပြဿနာတစ်ခုအဖြစ် ရှိနေသည်။ စနစ်တကျသန့်စင်ခြင်းမရှိဘဲ မြစ်ချောင်းများ အတွင်းသို့ စွန့်ထုတ်လိုက်သော ရေဆိုးများနှင့် ဓာတုပစ္စည်းများကြောင့်လည်း ရေညစ်ညမ်းမှု ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။ ဤအခက်အခဲ များကို ဖြေရှင်းရန်နှင့် ရေကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲရေးကို အရှိန်အဟုန်မြှင့် စနစ်တကျအကောင်အထည်ဖော် ရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း အချက်အလက်များအရ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှုမှ ရရှိ သောရေကို သောက်ရေအဖြစ် အသုံးပြုခြင်းကို မြို့ပြဒေသတွင် ၆၃ ဒသမ ၈ ရာခိုင်နှုန်း တွေ့ရှိရ သော်လည်း ကျေးလက်ဒေသတွင် ၃၂ ဒသမ ၇ ရာခိုင်နှုန်းသာ တွေ့ရှိရသည်။ ကျေးလက်ဒေသများ သည် မြို့ပြများကဲ့သို့ လုံခြုံစိတ်ချရပြီး လူတိုင်း တတ်နိုင်သည့် ရေပေးရေးဝန်ဆောင်မှုများ ရရှိခြင်း မရှိဘဲ နောက်ကျကျန်ရစ်ခဲ့သည်။ အထူးသဖြင့် ငါးနှစ်အောက် ကလေးငယ်များ၏ ရှင်သန်ရေးနှင့် ကျန်းမာရေးတို့အပေါ်တွင် ဆိုးကျိုးများ သက်ရောက် ရသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စု အားလုံး၏ ၈၀ ဒသမ ၇ ရာခိုင်နှုန်းသည် အခြေခံ စနစ်ရှိသော (အနိမ့်ဆုံး) သောက်သုံးရေဝန်ဆောင်မှု မှရေကို သောက်ရေအဖြစ် ရရှိအသုံးပြုနေသည်ကို တွေ့ရှိ ရပါသည်။ ထို့ကြောင့် အိမ်ထောင်စုအားလုံး၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်းသည် သန့်ရှင်း၍ ဘေးကင်း သော သောက်သုံးရေဝန်ဆောင်မှုမှ ရရှိသောရေကို သောက်ရေအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရ သည်။ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုဆိုသည်မှာ ကောင်းမွန်သောရေအရင်း အမြစ်များမှ သောက်သုံးရေရရှိ သောက်သုံးခြင်း ဖြစ်ပြီး ထိုရေအရင်းအမြစ်များသည် မိမိအိမ်ဝင်း အတွင်းတည်ရှိပြီး လိုအပ်သည့်အချိန်တိုင်း ရေရ သည့်အပြင် E-coli အီးကိုလိုင်ပိုးမွှား ကင်းစင်ရ မည်။ အိမ်ထောင်စုအားလုံး ၄၀ ဒသမ ၃ ရာခိုင်နှုန်း သည် အခြေခံစနစ်ရှိသော သောက်သုံးရေ ဝန်ဆောင် မှုမှ ရရှိသောရေကို သောက်ရေအဖြစ် အသုံးပြုကြ ကြောင်း တွေ့ရှိရသည်။ အခြေခံစနစ်ရှိသော သောက်သုံးရေ ဝန်ဆောင်မှုဆိုသည်မှာ ကောင်းမွန် သော ရေအရင်းအမြစ်များမှ သောက်သုံးရေရရှိ သောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသို့ ရေသွားရောက်ခပ်ယူရန်အတွက် မိနစ် ၃၀ အောက် သာ ကြာမြင့်သည်။
မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၀ ဒသမ ၄ ရာခိုင်နှုန်းသာလျှင် အကန့်အသတ်ရှိသော သောက်သုံးရေ ဝန်ဆောင်မှုမှရေကို သောက်ရေ အဖြစ် ရရှိအသုံးပြုနေသည်ကို တွေ့ရှိရသည်။ အကန့်အသတ်ရှိသောသောက်သုံးရေ ဆိုသည်မှာ ကောင်းမွန်သော ရေအရင်းအမြစ်များမှ သောက်သုံး ရေရရှိခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသို့ ရေ သွားရောက်ခပ်ယူရန်အတွက် မိနစ် ၃၀ အထက် ကြာမြင့်သည်။ သို့သော် သန့်ရှင်းမှုမရှိဘဲ အကာအကွယ်မရှိသော ရေအရင်းအမြစ်များမှရေကို သောက်ရေအဖြစ် ရယူသုံးစွဲသည့် အိမ်ထောင်စု ပေါင်းမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိနေသေးသည်ကို လည်း လေ့လာတွေ့ရှိရသည်။ ထို့ပြင် အိမ်ထောင်စု အားလုံး၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းသည် မြေပေါ်ရေ ဖြစ်သည့် မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ တူးမြောင်း ရေ၊ ကန်ရေတို့ကို သောက်ရေအဖြစ် အသုံးပြုနေကြ ကြောင်း တွေ့ရှိရသည်။ မြို့ပေါ်အိမ်ထောင်စု အားလုံး၏ ၃ ဒသမ ၇ ရာခိုင်နှုန်းသာလျှင် မြေပေါ် ရေကို သောက်ရေအဖြစ် အသုံးပြုနေကြသော်လည်း ကျေးလက်ဒေသအိမ်ထောင်စုအားလုံး၏၁၅ ဒသမ ၈ ရာခိုင်နှုန်းသည် မြေပေါ် ရေကို သောက်ရေအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအောက်ပိုင်း ကမ်းရိုးတန်း ဒေသများတွင် နေထိုင်ကြသည့် ကလေးသူငယ်များ သည် လုံခြုံစိတ်ချရသည့် ရေရရှိမှုနှင့် အလှမ်း ကွာဝေးနေသည်။ သန့်ရှင်းပြီး အရည်အသွေးပြည့်ဝ သည့် ရေနှင့်မိလ္လာစနစ်ကို မရရှိခြင်းသည် မြို့ပြ ဒေသများထက် ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် ကျေးလက်ဒေသများ၌ ပိုမိုမြင့်မား၍ ကျန်းမာရေး၊ အာဟာရရှိမှုနှင့် သေဆုံးမှုရလဒ်များကို သိသာ ထင်ရှားစွာ အကျိုးသက်ရောက်မှု ဖြစ်စေသည်။
ရည်မှန်းချက်ပန်းတိုင်(၆) အောင်မြင်စေရန်
မြန်မာနိုင်ငံသည် “စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(၆) လူတိုင်း အတွက် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှု ရရှိနိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စီမံခန့်ခွဲမှုသေချာစေရန်” အချက်ကို အောင်မြင်စေရန်အတွက် နိုင်ငံတစ်ဝန်း နှင့် ဒေသတစ်ဝန်းရှိ လိုအပ်ချက်များကို ထိရောက် သည့် ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်း ရေးဝန်ဆောင်မှု ပံ့ပိုးခြင်းကိုမြှင့်တင်ရန် စိန်ခေါ်မှု များက ရှိနေသည်။ ၎င်းစိန်ခေါ်မှုများတွင် ရုပ်ဝတ္ထု ပိုင်းဆိုင်ရာနှင့် ရေငန်ခြင်း၊ အာဆင်းနစ်၊ တိမ်သော မြေအောက်ရေကြောကဲ့သို့ မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်များ ပါဝင်သည်။ မြို့ပြအဆောက် အအုံများ၏ ထိရောက်သော လည်ပတ်မှုနှင့် ပြုပြင် ထိန်းသိမ်းမှုအတွက် စီမံကိန်းရေးဆွဲမှုမရှိခြင်းနှင့် ကျေးလက်လူထုကိုယ်တိုင် စီမံခန့်ခွဲသည့် ရေနှင့် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အတွက် အခြားသောအဟန့်အတားများလည်း ရှိနေ သည်။ ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုများကို ရရှိစေရန်အတွက် ကွဲပြားခြားနားသော အခြေအနေ များတွင် ထိရောက်သော ဖြေရှင်းနည်းများအတွက် သုတေသနနှင့် အသိပညာဗဟုသုတများကို ပိုမို မျှဝေစေရန်လည်း အင်မတန် လိုအပ်သည်။
မြန်မာနိုင်ငံအနေဖြင့် လူဦးရေ ၇၀ ရာခိုင်နှုန်း သော ကျေးလက်နေပြည်သူများအား ရေပေးရေး စီမံကိန်းများကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေပြည်သူများအားလုံး၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေရန် မဟာဗျူဟာ များကို ၂၀၁၇ ခုနှစ်တွင် ချမှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်း ဆောင်ရွက်ခဲ့သည်။ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ငါးနှစ်တာ ကာလအတွင်း ကျေးလက်ဒေသ ရေရရှိရေး၊ မိလ္လာစနစ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် ပထမအကြိမ် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂၀၁၆-၂၀၃၀) ကို အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ သည်။ ၂၀၁၉-၂၀၂၀ မှ၂၀၂၀-၂၀၂၂ ခြောက်လဘဏ္ဍာ နှစ်အထိ သုံးနှစ်တာကာလအတွင်း ကျေးရွာပေါင်း ၉၄၂၀ တွင် ရေရရှိရေးလုပ်ငန်းပေါင်း ၁၀၀၄၇ ခု ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလျာထားရန်ပုံငွေ ဖြင့်ဆောင်ရွက်ရန် လျာထားသည့် ကျေးလက် ရေရရှိရေးလုပ်ငန်းများကို မြို့နယ်ပေါင်း ၂၇၂ ခု၊ ကျေးရွာ ၈၈၃ ရွာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ပြည်နယ် လျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်ရေရရှိရေး ကို မြို့နယ်ပေါင်း ၂၁၃ ခု၊ ကျေးရွာ ၇၄၃ ရွာတို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများ ကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း မြစ်ကြီးလေးစင်းမှာ မြစ်လက်တက်ပေါင်းများစွာရှိပြီး နှစ်စဉ် ရေဧက ပေသန်းပေါင်း ၈၇၆ သန်းခန့်ပင်လယ်ထဲသို့ စီးဆင်း ဝင်ရောက်လျက်ရှိသည်။ ထိုစီးဆင်းသွားသော မြစ်ရေချိုများကို နိုင်ငံအတွက် အကျိုးရှိစွာ အသုံးပြု နိုင်ရေးအတွက် မြစ်ကြီးများနှင့် မြစ်လက်တက် များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ ကို တည်ဆောက်ထားရှိပြီး ရေလိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO, INGO များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၀ ပြည့် နှစ်တွင်ကျေးလက်ဒေသရေရရှိရေး လွှမ်းခြုံမှု ၇၀ ရာခိုင်နှုန်း ရရှိစေရန် ၂၀၃၀ ပြည့်နှစ် ကျေးလက်ဒေသ ရေရရှိရေး မဟာဗျူဟာတွင် လျာထားသော်လည်း ၂၀၁၉ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင် ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင် စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ အိမ်ထောင်စု အားလုံး၏ ၇၇ ရာခိုင်နှုန်းသည် ကောင်းမွန်ပြီး အကာအကွယ်ရှိသော ရေအရင်းအမြစ်များမှရေကို သောက်ရေအဖြစ် ရယူသုံးစွဲပြီး ၎င်းတို့အနက် ရေတွင်းနှင့် အကာအရံရှိ၍ စနစ်တကျ တူးဖော် ထားသော လက်တွင်းတူးများမှ ရေယူသုံးစွဲသည့် အိမ်ထောင်စုမှာ ၄၇ ရာခိုင်နှုန်းနှင့် အိမ်ထောင်စုသုံး ရေသန့်စက်အပါအဝင် ရေသန့်ဘူးနှင့် ရေသန့်စင် စနစ်မှ ရေရယူသုံးစွဲသော အိမ်ထောင်စုမှာ ၈ ရာခိုင်နှုန်းအထိ ရှိနေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သန့်ရှင်းသော သောက်သုံးရေ ပိုမိုရရှိရေးကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ အားလုံးအနက်မှ အိမ်ထောင်စု ၄၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့် ရရှိနေပြီး ၂၀၃၀-၂၀၃၁ အရောက်တွင် အိမ်ထောင်စု ၁၀၀ ရာနှုန်းပြည့် ရရှိရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်မီးဖွံ့ဖြိုးလာ သည်နှင့်အမျှ နိုင်ငံအတွင်း မြို့ပြနှင့် ကျေးလက် ဒေသများတွင် ရေဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန် များစွာအထောက်အကူပြုမည် ဖြစ်သည်။
အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ကြရမည်
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ဒုတိယ အချက်အဖြစ် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်သွားမည်” ဟု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်မှ စီးပွားရေးဦးတည်ချက် (ဃ) တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေး”ကို ပြဋ္ဌာန်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်(၆) ကို ပြည့်မီစေရန် အစိုးရဝန်ကြီးဌာနများ၊ UN အဖွဲ့အစည်းများ၊ NGO, INGO အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ နှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့် နိုင်ငံတစ်ဝန်း ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်း ရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရေဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံ တက်ကြွစွာ ပါဝင်လှုပ်ရှားရန် လိုအပ် ပြီး ရေပေးဝေမှုနှင့် မိလ္လာစနစ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ရေသွင်းစိုက်ပျိုး မှု၊ ရေအားလျှပ်စစ်၊ သဘာဝအခြေပြု ခရီးသွားလာ မှု၊ သယ်ယူပို့ဆောင်မှုစသည့် ကဏ္ဍမျိုးစုံတွင် တိုးတက်မှုရှိလာစေရန် အစိုးရနှင့် ပြည်သူ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့လူသားများ အသက်ရှင်သန်မှုအတွက် အရေးပါသော၊ မရှိမဖြစ် သော သန့်ရှင်းသောရေ လုံလောက်စွာရရှိစေရန်နှင့် စွန့်ပစ်မိလ္လာစနစ်များ စနစ်တကျရှိစေရန်တို့ကို ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့နိုင်ငံအစိုးရများနှင့် ကမ္ဘာ့ လူသားထုတစ်ရပ်လုံးက အရှိန်အဟုန်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။ ယနေ့ကမ္ဘာကြီး ရင်ဆိုင်နေရသော အကျပ်အတည်းများကို ကျော်လွှားပြီး ကျန်းမာပျော်ရွှင်သော ကမ္ဘာကြီးကို ဝိုင်းဝန်းတည်ဆောက်ကြရာတွင် ကမ္ဘာ့လူသား တစ်ဦးချင်းစီ၏ အသိတရားနှင့် အပြုအမူများ အပေါ်တွင် များစွာမူတည်နေသည်။ ထို့ကြောင့် ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့ရေနေ့ ဆောင်ပုဒ်အဖြစ် “ရေဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန် အဟုန်မြှင့် ပြောင်းလဲဆောင်ရွက်မှု (Accelerating change to solve the water and Sanitation crisis)”ကို ချမှတ်ပေးပြီး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု (Global Campaign) “Be the change”ဟု ခေါ် သော ကမ္ဘာ့လူသားများအား ၎င်းတို့သုံးစွဲမှု၊ သောက်သုံးမှု၊ ရေကိုစီမံခန့်ခွဲသည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် ပြောင်းလဲလုပ်ဆောင်သွားကြရန် အထူးတိုက်တွန်း ထားပါသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့မှသည် လူသားတို့ မိမိတို့ဘဝ တစ်လျှောက်လုံးအတွက် အောက်ပါအချက်သုံးချက်ကို လိုက်နာဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု (Global Campaign) “Be the change” တွင် မိမိကစ ပတ်ဝန်းကျင်အထိ လိုက်ပါ ဆောင်ရွက်သွားကြစေရန် တိုက်တွန်း နှိုးဆော်လိုက်ရသည်။
(၁) Clean up your local water source
သင်၏ ဒေသခံရေအရင်းမြစ်ကို သန့်ရှင်းရေး ဆောင်ရွက်ပါ၊
(၂) Try to reduce your water footprint
သင်၏ ရေသုံးစွဲမှုကို လျှော့ချပါ၊
(၃) Organize on event to raise awareness
အသိပညာပေးခြင်းများကို မြှင့်တင်ဆောင်ရွက် ပါ။ ။
- Log in to post comments