
ကင်းမွန်(ခေါ်) ပြည်ကြီးငါးသည် ရေငန် တွင် အသက်ရှင်နေထိုင်လျက်ရှိပြီး တစ်နှစ် ပတ်လုံး သားပေါက်လေ့ရှိရာ အများအားဖြင့် ရေအပူချိန်တိုးလာချိန်များတွင် ပိုပြီးသားပေါက် လေ့ရှိကြောင်း၊ အသေးဆုံးကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီး ခန့်မှန်း အားဖြင့် ကင်းမွန်များ၏ သက်တမ်းမှာ သုံးနှစ်သာရှိကြောင်း သိရသည်။ ကင်းမွန် အမမှာ ဥပေါင်း တစ်သိန်းကျော်ထိ ဥ ဥနိုင် ကြပြီး ဧပြီ၊ မေလများသည် ကင်းမွန်များ သားပေါက်ရာသီဖြစ်သောကြောင့် ထိုကာလ များ၌ ကင်းမွန်ဖမ်းခြင်းကို ရပ်ဆိုင်းထားပြီး သတ်မှတ်ကာလမှအပ ကင်းမွန်များကို အများအားဖြင့် လပြည့်ကျော် ၄ ရက်မှစ၍ ဖမ်းဆီးကြရာ အဓိကအားဖြင့် ဆောင်းဦး အစမှ နွေဦးပေါက်သည်အထိ ဖမ်းဆီးရရှိ မှုမှာ ပိုမိုများပြားလျက်ရှိကြောင်း သိရ သည်။
ကင်းမွန်ကို တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်း ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် အများဆုံး တွေ့ရှိရသည့်အပြင် မွန်ပြည်နယ်တို့တွင် လည်း တွေ့ရှိရကြောင်း၊ ဈေးကွက်အနေဖြင့် မြိတ်ဒေသ၌ ဖမ်းဆီးရမိသည့် တစ်လက်မ အရွယ်မှ ၁၀ လက်မခန့် အရွယ်အစားရှိသော ကင်းမွန်များကို ပြည်တွင်းနေရာအနှံ့အပြား သို့ ပို့ဆောင်လျက်ရှိပြီး စျေးကွက်တွင် အရွယ်အစားသုံးမျိုးခွဲခြားကာ နှစ်လက်မနှင့် အောက် အရွယ်အစားရှိသော ကင်းမွန်များ ကို အခြောက်ပြုလုပ်၍ လည်းကောင်း၊ သုံးလက်မနှင့် အထက် အရွယ်အစားရှိသော ကင်းမွန်များကို ရေခဲရိုက်၍လည်းကောင်း၊ ကင်းမွန်များကို သန့်စင်ပြီး အကွင်းပြုလုပ် ၍လည်းကောင်း ရောင်းချလျက်ရှိကြောင်း အကွင်းလိုက်ပြုလုပ်ထားသော ကင်းမွန်များ ကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူကြပြီး အကောင်လိုက် ရေခဲရိုက်ထားသော ကင်းမွန် များကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခင်က စျေးကွက်ဝင် ကင်းမွန် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ခန့်ရှိရာမှ ယခုအချိန်တွင် စက်သုံးဆီစျေးနှုန်း မြင့်မား လာခြင်းနှင့် ကင်းမွန်ရရှိမှု နည်းပါးခြင်းတို့ ကြောင့် စျေးကွက်ဝင်ကင်းမွန် တစ်ပိဿာ လျှင် ငွေကျပ် ၂၅၀၀၀ ခန့်အထိ စျေးပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
DOCA(တနင်္သာရီ)