
မြင့်စိုး(နတလ)
ပွဲတော်သီချင်းလေးတစ်ပုဒ်
လာဖို့ လာဖို့ ဖိတ်ခေါ် x x x ငါတို့ ငါတို့ ပွဲတော်
လာကြ လာကြ နွှဲပျော် x x x ငါတို့အမျိုးရဲ့ ပွဲတော်
ဒီမြေ ဒီရေ တောင်တန်းကြီးတွေ x x x ငါတို့အမျိုးရဲ့ ထာဝရသစ္စာမြေ
ဂုဏ်ယူလိုက်စမ်း x x x တောင်တန်းသားဘဝကို
အားမာန်တွေနဲ့ တို့အမျိုးရဲ့ပွဲတော်
တူညီစိတ်များ x x x မြှောက်တိုင်းလည်း မမြောက်ပါ
သစ္စာအမှန်တရား x x x ခြောက်တိုင်းလည်း မကြောက်ပါ
တောလုံးအနှံ့ဝယ် တောင်ဇလပ်ပန်းပွင့်ဝေ
တို့မောင်နှမများ ဆုံစည်းကြပွဲတော်
သီချင်းနာမည်လေးက ပွဲတော် …ဟူ၍ ဖြစ်သည်။ တေးပြု စာဆိုများကတော့ ဆလိုင်းဂေလိန်းမောင် (မင်းတပ်) နှင့် ဆလိုင်း တမ်အောင်တို့ ဖြစ်ကြသည်။ ဆလိုင်းဂေလိန်းမောင်မှာ အခြားသူ မဟုတ်ပါ။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကနေ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်ဖြင့် အငြိမ်းစားယူသွားခဲ့သူ ဖြစ်ပေသည်။ တေးရေး ဆလိုင်းဂေလိန်းမောင်၊ တေးဆို တင့်တင့်ထွန်းတို့၏ ပုဂံလမ်းကစောင့်နေမယ် သီချင်းသည် နိုင်ငံကျော်ခဲ့၏။ ယခုပွဲတော် သီချင်းကို အတူရေးစပ်ခဲ့သူ ဆလိုင်းတမ်အောင်ဆိုသည်ကလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချင်းပြည်နယ်တွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ပွဲတော်သီချင်း၏ တေးဆိုကတော့ တေးသံရှင် ဂျေနဗီ။
စိန်ရတုချင်းအမျိုးသားနေ့ ကျင်းပ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။ အခမ်းအနားသဘာပတိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဟုန်းကီးက မိန့်ခွန်းပြောကြားပြီးနောက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားအတွက် လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ ကို ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။
ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက အားကစားပစ္စည်းများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မျိုးစေ့နှင့် ဓာတ်မြေဩဇာ များကိုလည်းကောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်ကြသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများနှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူ များက ပေးအပ်ကြသည်။
ထို့နောက် ချင်းတိုင်းရင်းသား တိုင်းရင်းသူများက SAR LAM (အောင်ပွဲခံအက)၊ တီးတိန်ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ သည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့က ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှု ကို ကြည့်ရှုအားပေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြခန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ
“ချင်းတိုင်းရင်းသားများ ပညာရေးမြှင့်တင်ရေးအဖွဲ့” ကို ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် မေမြို့ (ပြင်ဦးလွင်) ၌ ဖွဲ့စည်း ခဲ့ပြီး ချင်းတိုင်းရင်းသားတို့၏ ပညာမျက်စိကို အလင်းဖွင့်ကာ အမျိုးသားစိတ်ဓာတ် ရှင်သန်နိုးကြားလာအောင် ဖော်ဆောင်ပေးခဲ့ ကြသည်။ ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်က ဦးဆောင်၍ ၁၉၃၃ ခုနှစ်တွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ချင်းတိုင်းရင်းသားတို့၏ လူနေမှုဘဝမြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ ချင်းတိုင်းရင်းသားများက ဗြိတိသျှကို ဆန္ဒပြ သပိတ် မှောက်ခဲ့ကြပြီး နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများလည်း ဝင်ခဲ့ ကြသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းပြည်နယ် ဖလမ်း မြို့၌ လူထု ၅၀၀၀ ကျော် တက်ရောက်၍ မြေရှင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းရန် ထောက်ခံဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၂၀ ရက် ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးတွင် ဦးဆောင်ဆင်နွှဲခဲ့သူ ဗိုလ်ကြွမ် ဘိခ်နှင့် ဗိုလ်ခိုင်ကမ်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ချင်းအမျိုးသားကိုယ်စားလှယ်များဖြစ်ကြသော ဦးလှူရ်မှုန်၊ ဦးထောင်ဇခုပ်နှင့် ဦးကီယိုမန်း၊ တောင်တန်းပြည်မ တစ်ချိန်တည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး ရှေ့တန်းမှပါဝင်ခဲ့သော သတိုး မဟာစည်သူ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) ဦးဝမ္မသူးမောင်၊ တပ်မတော်၏တာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့သဖြင့် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းဆောင်ရည်ဘွဲ့ဖြစ်သည့် အောင်ဆန်း သူရိယဘွဲ့ ချီးမြှင့်ခံရသော ဗိုလ်ကြီးသူရအောင်ဆန်းသူရိယ တိုက်ချွန်းတို့သည် ချင်းပြည်နယ်၏ အထင်ကရ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
တောင်ဇလပ်ပန်းကောက် ဖိတ်ခေါ်သံ
(၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်နေစဉ် ရှေ့ကခုံလေးပေါ်မှာ ချထားသော အခမ်းအနားအစီအစဉ် စာရွက်နှင့် အတူ ကဗျာပို့စကတ်လေးနှစ်ခုကို ဖတ်ခဲ့ရသည်။ ဆရာကျော်ဇင်ဦး (ဘဏ်)၏ ချင်းအမျိုးသားနေ့အမှတ်တရ ကဗျာနှစ်ပုဒ်။ တစ်ပုဒ်က တောင်ဇလပ်ပန်းကောက် ဟု အမည်ပေးထားသည် -
ပေခုနစ်ထောင် တောင်တွေကြားမှာ
ဟားခါးမြို့လေး တည်ထားတယ်
နွေခေါင်ခေါင်တောင် အမောင်အေးလို့
စောင်ခြုံထွေးမှ နွေးရတယ်
ညီနောင်အစ်ကို အစ်မ နှမ
အလည်လာကြ ဖိတ်ခေါ်တယ်
တောင်ကြားတောင်စွယ် တောင်သွယ်တန်းဝယ်
တောင်ဇလပ်ပန်း ကြည့်ကြမယ်
ကြည့်မယ် …………ကြည့်မယ်
ဆက်လက်၍ ဖိတ်ခေါ်သံ ဟု အမည်ရသော ကဗျာလေးကိုလည်း အောက်ပါအတိုင်း ဖတ်ရှုခံစားလိုက်ရသည် -
စတော်ဘယ်ရီသီးလေးစား
ချယ်ရီပင်အောက်က လမ်းကလေးမှာနား
တောင်တန်းများနှင့် အတူနေချင်လား
ဟားခါးမြို့ကို လာခဲ့ပါ…………
………..
ဟိုတောင်ထိပ်မှာ မိုးညိုညို့
ဒီတောင်ထိပ်မှာ မိုးညိုညို့
တောင်ခိုးညိုညို့ မှိုင်းပါလို့
ဆလိုင်းတို့ရဲ့ မြို့………
ခရီးစဉ်အတွင်း တွေ့ဆုံမှာကြားမှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ခရီးစဉ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ကလေးမြို့နှင့် စစ်ကိုင်းမြို့ များတွင်လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။ ယင်းသို့မှာကြားရာ၌ အကြောင်းတရားများရှိ၍ အကျိုးတရားများ ဖြစ်ပေါ်လာခြင်းကို သေချာဂဃနဏ လေ့လာသုံးသပ်နိုင်ကြစေရန်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲမသမာမှုများ ဖြစ်ပေါ်လာပုံကအစ တပ်မတော်၏ တိုက်တွန်းစိစစ်အကြံပြုဆောင်ရွက်ချက်များ၊ မလွှဲမရှောင်သာ နိုင်ငံ့အာဏာရယူထိန်းသိမ်းပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု အခြေအနေများ၊ မိမိတို့နိုင်ငံ အပေါ် အာဆီယံနိုင်ငံများ၏ သဘောထား၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ယနေ့ အချိန်၌ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးနေမှုများ၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက် နေမှုများကို အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားများတွင် ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုအားပေးစကားပြောကြား၍ ကလေးငယ်များအား သေချာပြုစု ပျိုးထောင်ပေးကြရန်၊ လာမည့်ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့အပြင် မွေးမြူရေးဇုန်များ ဖြစ်ပေါ်လာစေရေးနှင့် စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ ရေရှားပါးသော ဒေသများ ဖြစ်၍ မိုးရေလှောင်စနစ် ကျင့်သုံးကြရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမြှင့်တင်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အောင်မြင် ဖြစ်ထွန်းစေရန်အတွက် လူငယ်ထုကို စနစ်တကျ ပြုစုပျိုးထောင်ကြရေး ကိုလည်း တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့သည်။ ချင်းတွင်း၊ မြစ်သာကို ကျော်ဖြတ်၍ တောင်ဇလပ်မြေကို နှုတ်ဆက်ခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်က တပ်မတော်လေယာဉ်သည် နေပြည်တော်မှ နံနက် ၈ နာရီ စတင်ထွက်ခွာလာရာ ခန့်မှန်းမိနစ် ၅၀ မျှအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ချင်းတွင်းမြစ် အနောက်ခြမ်း ယင်းမာပင်၊ ပုလဲဘက်မှပတ်ဝင်ပြီး ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ ချင်းတွင်းမြစ်ထဲမှာ ခုတ်မောင်းသွားလာနေကြသော စက်လှေလေးများ၊ သင်္ဘောများကို အစီအရီ တွေ့မြင်နေရသည်။ အညာမြေ၊ အညာရနံ့ကို ခံစားရလိုက်ရသည့် တစ်ခဏအချိန်လေး အတွင်းမှာပင် တေးပြုစာဆိုကိုလေးလွင်၏ ဂန္ထဝင်လက်ရာ၊ အဆိုတော်သန်းထွန်းလေး၏ မမေ့သောအညာ သီချင်းသည် လည်းကောင်း၊ ကျောက္ကာရွာနှင့် ရွှေကူနီ ဘုရားသည်လည်းကောင်း၊ မိုးညှင်းသံဗုဒ္ဓေစေတီနှင့် ဖိုဝင်တောင်တို့သည်လည်းကောင်း စိတ်အာရုံထဲမှာ ပြက်ပြက်ထင်ထင် ပေါ်လာခဲ့သည်။ ထိုမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မုံရွာမှ ကလေးမြို့သို့ လေယာဉ်ဖြင့်အသွား မိနစ် ၃၀ ခန့် ကြာမြင့်ချိန်မှာ မြစ်သာမြစ်၊ နေရဉ္စရာမြစ်တို့က လာရောက်နှုတ်ဆက် ကြသည်။ မြစ်သာမြစ်ကို ပြောင်းပြန်စီးသောမြစ်ဟု ကျွန်တော်က အမှတ်သညာပြုထားသည်။ နေရဉ္စရာမြစ်နှင့်ပေါင်းဆုံ၍ ချင်းတွင်း မြစ်အတွင်းသို့ စီးဝင်သည်။ ထိုနေ့က ဆက်လက်ထွက်ခွာခဲ့သော ကလေး-ဟားခါးခရီးစဉ်ကတော့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဖြစ်သည်။ ကြာမြင့်ချိန် ၂၅ မိနစ်စွန်းစွန်းမျှသာ။
ချင်းပြည်နယ်အတွင်းကို ဖြတ်သန်းမောင်းနှင် ဝင်ရောက်လာ ချိန်မှာတော့ ချင်းပြည်နယ်၏ အသည်းနှလုံး ရိဒ်ရေကန်၊ ကုလား တန်မြစ်၊ ဘွေနူးမြစ်နှင့် ခေါနူးစုမ်တောင်၊ ဘုံတလာရေတံခွန်တို့၏ အလှကို ခံစားမြင်ယောင်လာမိသည်။ ဆိုရသော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နေရာကိုကြည့်ကြည့် သဘာဝအလှ များဖြင့် ခမ်းနားထည်ဝါနေသည်။ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတအရင်းအမြစ်များ ကြွယ်ဝသည်။ ထိုအလှတရား များနှင့် ကြွယ်ဝမှုများကို လက်ဆင့်ကမ်းအမွေခံယူမည့် လူ့စွမ်းအား အရင်းအမြစ်များ ရှင်သန်ထက်မြက်နေဖို့လည်း အလွန်အရေးကြီး သည်။ ယနေ့အချိန်အခါမှာ နိုင်ငံအတွက် အရေးကြီးဆုံးကတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များပါမကျန် တည်ငြိမ်အေးချမ်းဖို့ပဲ ဖြစ်၏။ လက်တွဲညီညီ ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်ကြပါစို့။ ။
- Log in to post comments