ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်အားပေး

 

 

 

နေပြည်တော် ဇန်နဝါရီ ၃၀

 

စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒိုင်အဖွဲ့ဝင် များ၊ စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များ၊ နေပြည်တော်ရုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စာတမ်းရှင်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

စွမ်းဆောင်ရည်တိုးမြှင့်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ အခြားသော ဦးစီးဌာနများ၊ တက္ကသိုလ်များကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန က စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့် ပေးနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ကျရာဒေသရှိ တောင်သူများ၏ အခြေခံလိုအပ်ချက် ကို ရှာဖွေဖော်ထုတ် ဖြည့်ဆည်းပေးနိုင်ရေး Bottom-Up Approach ကို စနစ်တကျကျင့်သုံးနေကြောင်း၊ ယခုကျင်းပ ပြုလုပ်သည့် တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲတွင် အထင်အရှား တွေ့မြင်နေရပါကြောင်း၊ အကျိုးဆက်အားဖြင့် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ဝန်ထမ်း များ စွမ်းဆောင်ရည် မြင့်မားလာသည်နှင့်အမျှ ခိုင်မာသော သုတေသနတွေ့ရှိချက်များအပေါ် အခြေပြု၍ တောင်သူ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေး နှင့် ထုတ်လုပ်မှုကောင်းမွန်လာပြီး တောင်သူများ ဝင်ငွေ တိုးတက်ရရှိလာကာ လူနေမှုဘဝ မြင့်မားလာစေသည့် အကျိုးဆက်များ ဖြစ်တည်လာမည်ဖြစ်ပါကြောင်း။

မျက်ခြည်မပြတ် လေ့လာဆန်းစစ်

ပုံမှန်ဆောင်ရွက်နေကျ သုတေသနလုပ်ငန်းများအပြင် လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ လယ်ယာကဏ္ဍနှင့် ဈေးကွက်အပေါ် သက်ရောက်မှုများ ကိုလည်း မျက်ခြည်မပြတ် လေ့လာဆန်းစစ်နေရန် လိုအပ် မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ ဖြတ်ကျော်နေစဉ် လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ ပြောင်းလဲကျင့်သုံးရမှု ကြောင့် မိမိတို့၏ ICT နည်းပညာအသုံးချမှုမှာ ယခင်က ထက် သိသာကျယ်ပြန့်စွာ အသုံးပြုနေကြရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါ နည်းပညာကို တောင်သူ များလည်း ထိထိရောက်ရောက် အသုံးချတတ်စေရေး အတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများအနက် အဓိကကျသော စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေး မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နှင့် အော်ဂဲ နစ် စိုက်ပျိုးရေးကျင့်စဉ်များ ချမှတ်ဆောင်ရွက်ထားရှိပြီး တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအားလုံးက အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ဆုများချီးမြှင့်

တတိယအကြိမ် စာတမ်းဖတ်ပွဲတွင် တက်သစ်စ လူငယ်ပညာရှင်များအုပ်စုမှ ပြောင်းလဲလာသော ရာသီဥတု နှင့်အညီ မြေဆီလွှာနှင့်ရေကို စနစ်တကျစုဆောင်း ထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့် ပထမဆု၊ ရှမ်းပြည်နယ် အစေ့ ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အလား အလာများအား အကဲဖြတ်ခြင်း ခေါင်းစဉ်ဖြင့် ဒုတိယဆု၊ ကော်ဖီအချဉ်ဖောက်ခြင်းနည်းလမ်းအမျိုးမျိုးဖြင့် ကော်ဖီ၏ သောက်သုံးမှုအရည်အသွေး အရသာအပေါ် လွှမ်းမိုးမှုအား သုတေသနပြုစမ်းသပ်ခြင်း ခေါင်းစဉ်ဖြင့် တတိယဆုတို့ကို လည်းကောင်း၊ အတွေ့အကြုံရှိပြီးသော ပညာရှင်များ အုပ်စုတွင် Effect of Different types of organic manures application on growth and yield of Elephant Food Yamunder immature rubber plantation ခေါင်းစဉ်ဖြင့် ပထမဆု၊ ကော်ဖီကြိတ်ခွဲ ထုတ်လုပ်သည့်နည်းအလိုက် အရည်အသွေးအပေါ် လွှမ်းမိုးသည့်အချက်များအား လေ့လာဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် ဒုတိယဆု၊ Evaluation of Rubber Clones From PRIM 2000 SERIES in Small Scale Clone Trial ခေါင်းစဉ်ဖြင့် တတိယဆု အပါအဝင် နှစ်သိမ့်ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်