ပြည်သူ့ဘဏ္ဍာ ထိရောက်စွာ ခြိုးခြံချွေတာ သုံးစွဲပါ

Type

 

ညိုညိုဝင်း(ကျေးလက်ဦးစီး)
 

ကျွန်မ၏ဖခင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ကျွန်မ၏ မိခင်သည် ဖခင်တာဝန်ကျရာဒေသများသို့ အမြဲလိုက်ပါပြောင်းရွှေ့၍ အိမ်မှုကိစ္စတာဝန်များ ထမ်းဆောင်ပေးခဲ့သူတစ်ဦးဖြစ်သည်။ ကျွန်မ၏ ဖခင်သည် ရိုးသားကြိုးစား တိကျမှန်ကန်ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး သားသမီးများကိုလည်း မည်သည့်လုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ ရိုးသားကြိုးစားစွာ ဆောင်ရွက်ရန် သင်ကြားလေ့ကျင့် ပေးခဲ့သည်။
ကျွန်မ   ခြောက်နှစ်အရွယ်ခန့်က    ဘုန်းကြီး ကျောင်းတစ်ကျောင်းသို့       မိသားစုလိုက်သွားရာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ      ပုဏ္ဍရိက်ပန်းရုံ၌ ပန်းတစ်ပွင့်ဆတ်ခနဲခူးမည်အပြု      ကျွန်မ၏ဖခင်မှ “မခူးနဲ့သမီး     ဆရာတော်မသိဘဲခူးရင်    ခိုးတာနဲ့ အတူတူပဲ ခွင့်ပြုမှခူးလို့ရတယ်”  ဟု  ပြောခဲ့သည်ကို ယနေ့အထိ  ကျွန်မမမေ့ပါ။   ညစဉ်အိပ်ရာဝင်ခါ နီးတိုင်း   ကျွန်မတို့မောင်နှမများအား    ပုံပြင်များ ပြောပြ၍   ဆိုဆုံးမလေ့ရှိသည့်အပြင်  သူ့အနေဖြင့် နာဂတောင်တန်း   လဟယ်မြို့နယ်၌     တာဝန် ထမ်းဆောင်စဉ်က          ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလေ့ရှိသည်။
ထိုစဉ်က     နာဂဒေသရှိ    နာဂတိုင်းရင်းသား အများစုသည်   ဆင်းရဲနွမ်းပါးကြပြီး   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  မိမိအတွက် ခွဲဝေပေးထား သည့် ရိက္ခာများကိုမျှ၍ ကျွေးမွေးခဲ့ရကြောင်း၊ ယင်း အတွေ့အကြုံကို          မည်သည့်အခါမျှမမေ့ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေသည်    နယ်စပ်ဒေသတွင် နေထိုင်သူများနှင့်လည်း သက်ဆိုင်ကြောင်း၊ ဘဏ္ဍာ ငွေများကို     ၎င်းဒေသများအတွက်    ပိုမိုလျာထား သုံးစွဲသင့်ကြောင်းနှင့် မလိုအပ်သည့်နေရာများတွင် စိစစ်သုံးစွဲသင့်ကြောင်း  သင်ကြားခဲ့သည်။ အလားတူ မိမိကိုယ်ပိုင်ငွေများကို      ခြိုးခြံချွေတာ   သုံးစွဲရန်၊ ရောင့်ရဲတင်းတိမ်ရန်၊  ဆင်းရဲမှု   ဒဏ်ကြံ့ကြံ့ခံနိုင်ရန်၊ လောဘမထားရန် စသည်ဖြင့် သင်ကြားခဲ့သည့်အပြင် မိမိရရှိသည့်လစာနှင့် လောက်ငအောင် ခြိုးခြံချွေတာ နေထိုင်တတ်ရန်လည်း   လက်တွေ့လေ့ကျင့်ပေးခဲ့ သည်။      ဖခင်၏         သင်ကြားလေ့ကျင့်မှုများကို နားလည်လက်ခံပြီး အပြုံးမပျက်တင်းတိမ်ရောင့်ရဲတတ်သူမှာ ကျွန်မ၏ မွေးသမိခင်ဖြစ်ပေသည်။
ကျွန်မတို့မိသားစု  ရုန်းကန်လှုပ်ရှားမှုများကြားမှ သားသမီးများဘွဲ့ရပြီး            အလုပ်တာဝန်များ ထမ်းဆောင်ရာတွင်     ရိုးသားကြိုးစား       တိကျ ဖြောင့်မတ်စွာ ဆောင်ရွက်ကြရန် မှာကြားပြီး ရာထူး တစ်ခုရရှိပြီးတိုင်း အားနည်းချက်များကို ထောက်ပြ ပြီး  မိမိရာထူးနှင့် ထိုက်တန်အောင် ကြိုးစားရမည့် အချက်များ၊ ပြုပြင်ပြောင်းလဲရမည့်အချက်များနှင့် နေထိုင်ပြုမူ ပြောဆိုရမည့်အချက်များ စသည်ဖြင့် ဝေဖန်ထောက်ပြတတ်သည့်အပြင်  သားသမီးများ အားလုံး  ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်    အမြဲ ကြိုးစားနေကြရန်နှင့်   အခြားသူများအပေါ်   စာနာ နားလည်တတ်ပြီး    ဘဝင်မမြင့်ရန်    လေ့ကျင့် ပျိုးထောင်ပေးခဲ့သည်။   လုပ်ငန်းခွင်တွင်     မိမိက ရိုးသားမှန်ကန်စွာ ဆောင်ရွက်လိုသော်လည်း မိမိနှင့် အတူ   လက်တွဲဆောင်ရွက်ရမည့် အထက်အောက် ဘေးတိုက်ဝန်ထမ်းများက ရိုးသားစွာ လုပ်ဆောင်မှု အားနည်းလျှင်လည်း  မိမိနှင့်ဆက်ဆံရေး   အဆင် မပြေမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိမူရန်  လိုအပ် ပေမည်။
ကျွန်မသည် ၁၉၈၈ ခုနှစ်  ဒီဇင်ဘာ  ၁၃  ရက်မှ စ၍   ဗဟိုစာရင်းရုံး၌    စာရင်းစစ်အဖြစ်   တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ စည်ပင်သာယာရေး   ဦးစီးဌာနတွင်လည်းကောင်း၊ ထိုမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဇွန် ၇ ရက်မှစ၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်     တာဝန် ထမ်းဆောင်နေသည်မှာ       ယနေ့အထိဖြစ်သည်။ လုပ်ငန်းခွင်၌ အထက်အောက်ဝန်ထမ်းများနှင့်အတူ လုပ်ငန်းများဆောင်ရွက်ရာတွင်     မိမိနှင့်ခံယူချက် တူညီသူများဖြစ်၍လည်း  ကျွန်မအလွန် ကံကောင်း ခဲ့သည်။
ထိုကဲ့သို့    ရိုးသားစွာ    လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သော်လည်း     ယခင်အစိုးရတစ်ဆက် တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘဏ္ဍာရေး တာဝန်ယူ   ဆောင်ရွက်သူများအနေဖြင့်      ပြည်သူ့ ဘဏ္ဍာငွေများ    မလျော်မကန်   သုံးစွဲနေကြသည်ဟု ခန့်မှန်းပြောဆိုခဲ့သဖြင့်  ကိုယ်စားလှယ်ထင်သလို မဟုတ်ပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာသတ်မှတ်ချက် များကို လိုက်နာရန်  ပျက်ကွက်သူရှိပါက  တိုက်ရိုက် ဖော်ထုတ်ပြီး        အပြစ်ပေးအရေးယူနိုင်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်နှင့်အကြိမ် ပေါင်းများစွာတွေ့ဆုံခဲ့ပြီး ဌာန၏ လုပ်ငန်းကိစ္စများ တွေ့ဆုံရှင်းလင်းရာမှ    ကျွန်မတို့၏       ခံယူချက်၊ စိတ်ဓာတ်များ နားလည်ကာ အလွန်ခင်မင်ရင်းနှီးပြီး အပြန်အလှန်       လေးစားမှုများရရှိ၍         ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်။
ပြည်သူ့ဘဏ္ဍာငွေ
မိမိအနေဖြင့် ဦးစီးဌာနတွင် ဘဏ္ဍာရေးအပိုင်းကို အဓိကတာဝန်ယူဆောင်ရွက်နေသူဖြစ်ပြီး  ပြည်သူ့ ဘဏ္ဍာငွေနှင့်ပတ်သက်၍   ကျယ်ပြန့်စွာ  လေ့လာ ဆောင်ရွက်ခဲ့ရပါသည်။  ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ထုတ်ပြန်သော   စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဌာန၏  အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇)အရ ပြည်သူ့ ဘဏ္ဍာငွေဆိုသည်မှာ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံ ငွေ၊  တိုင်းဒေသကြီး   သို့မဟုတ်   ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေနှင့်     မိမိဘဏ္ဍာရန်ပုံငွေ   အစီအစဉ်ဖြင့် ဆောင်ရွက်သည့်ဌာန၊  အဖွဲ့အစည်းများ၏   ဘဏ္ဍာ ရန်ပုံငွေများကိုဆိုလိုပြီး          ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဆိုသည်မှာ  ပြည်ထောင်စုအစိုးရက ဥပဒေ နှင့်အညီ    စီမံခန့်ခွဲခွင့်ရှိသော ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကို ဆိုသည်။
တိုင်းဒေသကြီး    သို့မဟုတ်    ပြည်နယ်  ဘဏ္ဍာ ရန်ပုံငွေဆိုသည်မှာ    တိုင်းဒေသကြီး    သို့မဟုတ် ပြည်နယ်အစိုးရက ဥပဒေနှင့်အညီ   စီမံခန့်ခွဲခွင့်ရှိ သော တိုင်းဒေသကြီး     သို့မဟုတ်    ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကို ဆိုသည်။    ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ       ဆိုသည်မှာ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့များက         လုပ်ငန်း ဆောင်ရွက်ခြင်းမှ     ရငွေများကို    စီမံကြီးကြပ် ထိန်းသိမ်းထားရှိပြီး အဆိုပါငွေမှ မိမိတို့၏ ငွေကြေး အင်အားပေါ်မူတည်၍  ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ       ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ    လုပ်ငန်းသုံးရင်းနှီးငွေ အဖြစ် ထုတ်ယူသုံးစွဲခွင့်ရှိသော ရန်ပုံငွေကို ဆိုသည်။
ဘဏ္ဍာရေးကျင့်စဉ်
ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲသောအခါ သို့မဟုတ်  သုံးစွဲရန်ခွင့်ပြုသောအခါ  အောက်ပါဘဏ္ဍာရေး ကျင့်စဉ်ကြီး   (၅)ရပ်ကို   ဦးတည်ကျင့်သုံးရမည် ဖြစ်ပါသည်-
(၁)    အသုံးစရိတ်တစ်ရပ်ကို      အမှန်တကယ် လိုအပ်သည်ထက်      ပိုမို၍မသုံးစွဲရန် အထူးကြပ်မတ်ရမည်၊
(၂)    ချင့်ချိန်ဝေဖန်နိုင်သော    သာမန်ပုဂ္ဂိုလ် တစ်ဦးက  မိမိပိုင်ငွေများကို  သုံးစွဲရာ၌ ချင့်ချိန်သကဲ့သို့ပင်    နိုင်ငံ့ဝန်ထမ်းတိုင်း သည်       ပြည်သူ့ဘဏ္ဍာငွေသုံးစွဲရာ၌ အလားတူချင့်ချိန်  သုံးစွဲရမည်၊
(၃)    လုပ်ပိုင်ခွင့်ရှိသူတစ်ဦးသည်          မိမိ၏ လုပ်ပိုင်ခွင့်အရ အမိန့်တစ်ရပ်ချမှတ်ရာ၌ မိမိအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း   အကျိုး ဖြစ်ထွန်းစေမည့် အမိန့်ကို မချမှတ်ရ၊
(၄)    ခြွင်းချက်ပြုထားသော      ကိစ္စရပ်များမှ တစ်ပါး ပြည်သူ့ဘဏ္ဍာငွေများကို ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်   သို့မဟုတ်   ဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ အထူးအခွင့်အရေး အနေဖြင့်           အကျိုးကျေးဇူးဖြစ်စေရန် အသုံးမပြုရ၊
(၅)    နိုင်ငံတော်၏     တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာ၌      ကုန်ကျစရိတ်ကို ကာမိစေရန် ခွင့်ပြုသည့် ခရီးစရိတ်ကဲ့သို့ သောစရိတ်များသည်       လက်ခံရရှိသူ အတွက် အမြတ်အစွန်း မဖြစ်စေရ။
ထိရောက်စွာ သုံးစွဲရန်
အိမ်ထောင်စုတစ်စုတွင်       ဝင်ငွေအသုံးစရိတ် မျှတအောင်   ဆောင်ရွက်ရာ၌    သတ်မှတ်ကာလ အတွင်း ရငွေနှင့် အသုံးစရိတ်ကို ကြိုတင်ခန့်မှန်းပြီး အသုံးစရိတ်ကို   ရရှိသည့်ငွေပေါ်မူတည်၍   သုံးသင့် သည်များကိုသာ သုံးစွဲရပေမည်။ လူတိုင်းတွင် ဆန္ဒ အလိုရှိမှုနှင့်    မဖြစ်မနေလိုအပ်မှုတို့    ရှိပေသည်။ အလိုဆန္ဒသည် အတောမသတ်နိုင်အောင် များပြား လှပေသည်။
အိမ်ထောင်စုတစ်စု၏          အသုံးစရိတ်ကို ထိရောက်စွာ   သုံးစွဲရန်အတွက်  လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်၊ ခြိုးခြံချွေတာသုံးစွဲရန်၊ လိုအပ် မှုနှင့် လိုအင်ဆန္ဒခွဲခြား၍ လိုအပ်မှုကို ရွေးချယ်သုံးစွဲ ရန် အရေးကြီးပေသည်။ လိုအပ်မှုများနေလျှင်လည်း ဦးစားပေးအဆင့်    ပြန်လည်ခွဲခြား၍   စီးပွားရေး၊ လူမှုရေး၊   ကျန်းမာရေးအရ   အကျိုးသက်ရောက်မှု အခြေအနေပေါ်မူတည်၍  သုံးစွဲရန် ရွေးချယ်ရမည် ဖြစ်သည်။
ထို့အတူ   နိုင်ငံတော်၏    ဘဏ္ဍာရန်ပုံငွေများကို စီမံခန့်ခွဲရာတွင်လည်း ကဏ္ဍအလိုက် လိုအပ်ချက် များကို ပြန်လည်အကျိုးသက်ရောက်မှုနှင့် ချင့်ချိန်၍ ရငွေကောက်ခံရရှိနိုင်မည့်        ပမာဏအတွင်း ဘတ်ဂျက်လျာထားရေးဆွဲပြီး  ရငွေကောက်ခံသည့် ဌာနများက ရရန်ရှိသည်များ  အပြည့်အဝ ကောက်ခံ ရရှိအောင် ဆောင်ရွက်သကဲ့သို့  အသုံးစရိတ်သုံးစွဲ သည့်   ဌာနများကလည်း   လိုအပ်သမျှသာ ခြိုးခြံ ချွေတာသုံးစွဲရန်၊  မိမိကိုယ်ပိုင်ငွေကဲ့သို့ ချင့်ချိန်သုံးစွဲ ရန်၊ နိုင်ငံတော်တာဝန်ထမ်းဆောင်၍ ကုန်ကျစရိတ် ထုတ်ယူရာ၌ အကျိုးအမြတ်မရှိစေရန်၊ နိုင်ငံတော် ဘဏ္ဍာငွေများကို  တစ်စုံတစ်ယောက် အဖွဲ့အစည်း တစ်ခုသို့ အကျိုးအမြတ်ဖြစ်အောင် ဆောင်ရွက်ခြင်း တို့မရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေကို  မိမိကိုယ်ကျိုး အတွက် ရယူခြင်း မရှိစေရန် စသည့်အချက်များသည် နိုင်ငံတော်ဘဏ္ဍာငွေကို    ထိရောက်စွာ      သုံးစွဲရန် ဂရုပြုရမည့်အချက်များဖြစ်သည်။
ငယ်စဉ်ဘဝကစ၍  သင်ကြားလေ့ကျင့်ပေးရန်
ပြည်သူ့ဘဏ္ဍာငွေကို  အကျိုးရှိထိရောက်စွာ သုံးစွဲရေးသည် ပြည်သူ့ဝန်ထမ်းတိုင်းတွင် တာဝန် ရှိသည်။    ဤသို့သော    အလေ့အကျင့်များကို ဝန်ထမ်းဖြစ်မှ သင်ကြားခြင်းထက် ငယ်စဉ်ကလေး ဘဝကတည်းက လက်ဦးဆရာမိဘများက ကျင့်ဝတ် များသင်ကြားပေးခြင်း၊  ဆရာ    ဆရာမများက ကျောင်းသင်ခန်းစာသင်ကြားရင်း        ထည့်သွင်း သင်ကြားပေးခြင်းတို့ဖြင့်   အုတ်မြစ်ချခဲ့ပြီး  ပညာ ပြည့်စုံ၍         ဝန်ထမ်းဘဝကူးပြောင်းသောအခါ သက်ဆိုင်ရာဌာနများမှ သင်တန်းများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ   ဖွင့်လှစ်သည့်   သင်တန်းများတွင် သင်ကြားပို့ချခြင်းဖြင့် ပြည်သူ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးကြရမည်။
တာဝန်ထမ်းဆောင်စဉ်ကာလ လေ့ကျင့်ပေးရန်
ငယ်စဉ်ဘဝ၊   လုပ်ငန်းခွင်ဝင်  သင်တန်းကာလ များတွင်  သင်ကြားပေးမှုများအပြင်  လုပ်ငန်းခွင် ဝင်ရောက်လာသောအခါ လုပ်ငန်းခွင်ရှိ  အဆင့်ဆင့် သော    ဝန်ထမ်းများက   လုပ်ငန်းဆောင်ရွက်ရင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်   သင်ကြားသကဲ့သို့ ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာစေရန်၊ အတုယူစရာ ဝန်ထမ်းကောင်းများအဖြစ်        စံပြနမူနာအဖြစ် ရှေ့ဆောင်လမ်းပြ နေထိုင်ကျင့်ကြံကြရပေမည်။ 
စာရေးသူ၏ ဆန္ဒမွန်
ကျွန်မဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင် စဉ်ကတည်းက   မိမိဆရာသမားများ၏   လုပ်ကိုင် ဆောင်ရွက်မှု၊      ခံယူချက်သဘောထားများအား အလုပ်လုပ်ရင်း  လေ့လာသင်ယူခဲ့ရသည်။   လုပ်ငန်း ခွင်တွင် မိမိရိုသေလေးစားအားကျရလောက်သည့် ဆရာသမားများအား   တွေ့ရသောအခါ  သူတို့ကဲ့သို့ ခံယူကျင့်သုံးလိုစိတ်၊   နေထိုင်လိုစိတ်များလည်း ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ပါ၍ လုပ်ငန်းခွင်တွင် အထက် အဆင့်ဆင့်ဝန်ထမ်းများ၏       ဦးဆောင်လမ်းပြမှု ကလည်း အလွန်အရေးကြီးပေသည်။
ဤသို့ ငယ်စဉ်မှစ၍ စဉ်ဆက်မပြတ် လေ့လာ သင်ယူခြင်း၊      လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် ဝန်ထမ်းကောင်းများ မွေးထုတ်ကာ အဂတိ တရားကင်းရှင်းသော         စည်းကမ်းပြည့်ဝသည့် နိုင်ငံတော် တည်ဆောက်သွားနိုင်မည်ဟု  ယုံကြည် မိသည်။
ဤဆောင်းပါးဖြင့်  ၂၀၀၁  ခုနှစ်က တမလွန် ဘဝသို့    ရောက်ရှိနေသော   နာဂတောင်တန်းကို အလွန်ချစ်မြတ်နိုးသည့်၊ ရိုးသားမှုကို တန်ဖိုးထား သည့်   တရားမျှတမှုကို        အလေးထားသည့် ကိုယ်ချင်းစာစိတ်ဖြင့် ပေါင်းသင်းဆက်ဆံတတ်သည့် ဖခင်ဦးတင့်အောင်  အား           လွမ်းဆွတ်တသစွာ ရေးသားတင်ပြလိုက်ရပါသည်။        ။