
နေပြည်တော် ဇန်နဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အသင်း အဖွဲ့တစ်ခု၊ လုပ်ငန်းတစ်ခုသည် အများပြည်သူအတွက် လုပ်ကိုင် ဆောင်ရွက်ရင်း သက်တမ်းရှည်ကြာ လာသည်နှင့်အမျှ တန်ဖိုးရှိလာ ကြောင်း၊ မိမိတို့၏ လုပ်ကိုင်ဆောင်ရွက် မှုများကို အများပြည်သူက တန်ဖိုး ထားအသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း တင်လာကြောင်း၊ ထို့ကြောင့် အများ ပြည်သူအတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း စဉ်းစားဆောင်ရွက်ရပါကြောင်း။
နှစ် (၃၀) ကာလ ဖြတ်သန်းမှုနှင့် အတူ အများပြည်သူအတွက် ဆောင် ရွက်ခဲ့သည့် ကိစ္စရပ်များထဲမှ မည်သည့်အရာများကို ပိုမိုလုပ်ဆောင် သင့်ကြောင်း ပြန်လည်သုံးသပ် ဆောင်ရွက်ရမည့် အချိန်ကာလ ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် အများ ပြည်သူနှင့် ဆက်ဆံဆောင်ရွက် နေသည့် ဌာနတစ်ခုဖြစ်ပြီး အများ ပြည်သူအတွက် ဝန်ဆောင်မှုပေးနိုင် ရန်၊ အများပြည်သူက အကြံဉာဏ် ပေးနိုင်ရန်နှင့် အများပြည်သူပေးသည့် အကြံဉာဏ်များကို ကူညီဖော်ဆောင် ပေးနိုင်ရန် လိုအပ်ကြောင်း၊ အများ ပြည်သူနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အကြောင်းအရာတစ်ခုကို ကောင်း သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါ က ကောင်းသောတုံ့ပြန်မှု ရရှိနိုင်သည် ဆိုသည့် အချက်ကို ဂရုပြုစေလို ကြောင်း၊ ဦးစီးဌာနအနေဖြင့် အများ ပြည်သူက အသိအမှတ်ပြုလက်ခံသည့် ကလေးစာပေပွဲတော်များ၊ လူငယ် ဘက်စုံပွဲတော်များကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း။
အများပြည်သူကို ဝန်ဆောင်မှု ပေးရာတွင် ဦးစီးဌာန၏ မူရင်းအလုပ် ဖြစ်သည့် စာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေး ပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် အများ ပြည်သူကို အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် ဦးစီးဌာန၏ ပင်မလုပ်ငန်းဖြစ်သည့် စာကြည့်တိုက် များအတွက် စာကြည့်တိုက်မှူးကောင်း များလည်း ရှိစေလိုကြောင်း၊ စာကြည့် တိုက်မှူးများ စာဖတ်စေလိုကြောင်း၊ စာကြည့်တိုက်မှူးကောင်းများ ဖြစ်စေ ရန် လေ့ကျင့်ပျိုးထောင် ပေးသွားရ မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူး များသည် စာကြည့်တိုက်များ တိုးတက်ကောင်းမွန်စေမည့်အရာများ ကို စဉ်းစားလုပ်ဆောင်သွားရမည်ဖြစ် ကြောင်း၊ ကြီးပွားတိုးတက်သူများ၊ ထင်ရှားကျော်ကြားသူများကို လေ့လာ ကြည့်ပါက ၎င်းတို့တွင် စာဖတ်သည့် အလေ့အထကောင်းများ ရှိသည်ကို တွေ့ရှိရပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ဆောင်ရွက်သည့် ပြည်သူ့စကားဝိုင်းများသည် အများ ပြည်သူအတွက် အစပျိုးနေသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း၊ အများပြည်သူ စိတ်ပါဝင်စားမှု၊ ပါဝင်မှု ရှိသည့် စကားဝိုင်းများ ဖြစ်လာစေရန်၊ အများပြည်သူဝိုင်းဝန်းဆွေးနွေးသည့် ပြည်သူ့စကားဝိုင်း အလေ့အထဖြစ် လာစေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ရုပ်ရှင် နှစ် (၁၀၀) ပြည့် ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခြားသောဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ ဖွင့်လှစ်နိုင်ခြင်း၊ ရုပ်ရှင်စတူဒီယိုများ ဆောက်လုပ်နိုင် ခြင်းတို့အတွက် အသိအမှတ်ပြုပါ ကြောင်း၊ မီဒီယာသိနားလည်မှု ဆိုင်ရာအသိပညာ ပြန့်ပွားရေးကိစ္စရပ် များ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အများပြည်သူနှင့် သက်ဆိုင်သည့် သတင်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ တင်ပြဆောင်ရွက်လာကြပြီး ပြည်သူ များ၏ အသိအမှတ်ပြုလက်ခံမှုများကို ရရှိနေပြီဖြစ်၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀ ပြည့်နှစ် အတွင်း ခရိုင်အလိုက် သတင်းပေးပို့ ဖော်ပြခံရမှု အများဆုံး ပထမဆုရရှိ သည့် ကျောက်ဆည်ခရိုင်ရုံး၊ ဒုတိယ ဆုရရှိသည့် မန္တလေးခရိုင်ရုံး၊ တတိယ ဆုရရှိသည့် ဘားအံခရိုင်ရုံး၊ အထူးဆု ရရှိသည့် ဂန့်ဂေါခရိုင်ရုံး၊ ရန်ကုန် တောင်ပိုင်းခရိုင်ရုံး၊ ကျောက်မဲခရိုင်ရုံး၊ ဟားခါးခရိုင်ရုံး၊ မုံရွာခရိုင်ရုံးနှင့် တောင်ကြီးခရိုင်ရုံးတို့အတွက် ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၂၀၂၀ ပြည့်နှစ် အတွင်း မြို့နယ်အလိုက် သတင်းလွှင့် တင်ဖော်ပြခံရမှု အများဆုံး ပထမဆု ရရှိသည့် နတ်မောက်မြို့နယ်ရုံး၊ ဒုတိယဆုရရှိသည့် မြောက်ဥက္ကလာပ မြို့နယ်ရုံး၊ တတိယဆုရရှိသည့် မိုင်းယောင်းမြို့နယ်ရုံး၊ အထူးဆုရရှိ သည့် လှိုင်းဘွဲမြို့နယ်ရုံး၊ သီပေါမြို့နယ် ရုံး၊ ကျောက်ပန်းတောင်းမြို့နယ်ရုံး၊ တောင်တွင်းကြီးမြို့နယ်ရုံး၊ မြင်းမူမြို့ နယ်ရုံး၊ ဒေးဒရဲ မြို့နယ်ရုံးနှင့် ပွင့်ဖြူမြို့ နယ်ရုံးတို့အတွက်ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်က ဌာန၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ် “ပြည်သူ့ အတွက် ဒို့ပြန်/ဆက်” ဌာနတွင်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ၂၀၂၀ ပြည့်နှစ်အတွင်း သတင်းအရည်အသွေး အကောင်းဆုံး ဆုရရှိသူများနှင့် ဌာန၏ နှစ် (၃၀) ပြည့်အထိမ်းအမှတ် Documentary ပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဓာတ်ပုံထူးချွန်ဆုရရှိသူများ၊ ဝန်ထမ်း များအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများနှင့် ပြည်သူ့ဝန်ထမ်း ကောင်းဆုရရှိသူများအား လည်း ကောင်း၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက စာပေထူးချွန်ဆုရရှိသူ များနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆုရရှိ သူများအားလည်းကောင်း၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် အသိပညာပေးလုပ်ငန်း အများဆုံး လွှင့်တင်ဆောင်ရွက်နိုင်မှု ဆုရရှိသူ များနှင့် ဌာန၏ နှစ် (၃၀) ပြည့် အထိမ်း အမှတ် Project Proposal ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆု များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မှတ်တမ်းတင် ထားသည့် “ပြည်သူအကျိုးပြု ရှေးရှု ဦးတည် ပုလဲရတုတိုင်ပြီ” မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ဆုရရှိသူများ ကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်