
ဗီယင်ကျန်း မတ် ၇
တရုတ်-လာအို ရထားလမ်းမှ လာအိုအပိုင်းတွင် ပြီးခဲ့သည့်စနေနေ့က လိုက်ပါစီးနင်းသည့် ခရီးသည် ၁၀၁၉၇ ဦး ရှိသဖြင့် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း လာအို-တရုတ် ရထားလမ်းကုမ္ပဏီလီမိတက် (အယ်လ်စီအာရ်စီ) ၏ မတ် ၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။
တရုတ် - လာအို ရထားလမ်းကို အသုံးပြုကာ ခရီးသွားသော ခရီးသည်အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ အဆိုပါ ရထားလမ်းသည် ခရီးသည်ပေါင်း ၄၁၇၄၀၀ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က အလားတူ ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ၂၅၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဆိုသည်။
ထို့ပြင် အဆိုပါ ရထားလမ်းသည် နှစ်လအတွင်း ကုန်ပစ္စည်းတန်ချိန် ၆၄၇၇၀၀ တန်ကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အလားတူ ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ၃၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံဖော်ပြမှုအရ သိရ သည်။
ကာလရှည်စောင့်မျှော်ခဲ့ရသည့် လက်မှတ် ကြိုတင်မှာယူမှု မိုဘိုင်းအက်ပလီကေးရှင်းကို မတ် ၁၅ ရက်တွင် စတင်သွားဖွယ်ရှိကြောင်း အယ်လ်စီ အာရ်စီက ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်းသည် ရထားလက်မှတ် များကို ကြိုတင်မှာယူနိုင်မည်ဖြစ်သောကြောင့် ခရီးသည်များအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။
ဆင်ဟွာ