
နိုင်ဝင်းသိန်း(ငါးဦးစီး)၊ အိသီရိကြွယ်(မကွေးခရိုင်ငါးဦးစီး)
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးလေးသွယ်ဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်တို့တွင် ဧရာဝတီမြစ်ကြီးသည် အလျား ၂၂၈၈ ကီလိုမီတာ (၁၄၂၂မိုင်)၊ ဧရိယာ စတုရန်းကီလို မီတာ ၄၀၄၄၀၀ (၁၅၆၁၀၀စတုရန်းမိုင်)ရှိ၍ နိုင်ငံ၏ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိကာ မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး သော ကုန်းတွင်းငါးလုပ်ငန်းရေပြင်အဖြစ် တည်ရှိသည်။
ထို့အတူ မြစ်ကြောင်းတစ်လျှောက် မြေနိမ့် ရေဝပ်နေရာများရှိ အင်းအိုင်များနှင့် တောင်ဘက်တွင် မြစ်၊ ချောင်းလက်တက်များဖြင့် အဆုံးသတ်နေသည့် ဧရာဝတီမြစ်ဝှမ်းဒေသတို့သည် မြန်မာပြည်သူလူထု အတွက် ငါးရိက္ခာများ၊ ပေါကြွယ်ဝသည့် သဘာဝ ကပေးထားသော လက်ဆောင်များပင် ဖြစ်ပေသည်။
ငါးသလောက် ငါးမျိုးထိန်းသိမ်းရေး ဧရိယာ
ထိုဧရာဝတီမြစ်ကြီးသည် ရေချိုနေငါး၊ ပုစွန်များ ၏ အစားအစာ ရှာဖွေစားသောက်ကြီးထွားရန် စားကျက်ကြီးဖြစ်သကဲ့သို့ မျိုးဆက်တည်မြဲစေရေးမျိုးပွားရန်နှင့် ငယ်ရွယ်စဉ်ဘဝမှ ကြီးပြင်းလာစေ ရန် အစားအစာနှင့် လုံခြုံမှုကို ပေးစွမ်းလျက်ရှိနေ သည်။ ထိုအထဲတွင် အချို့သော မျိုးစိတ်များသည် ယင်းဧရာဝတီမြစ်ကြီး၌ အမြဲမနေထိုင်ဘဲ အစားအစာ ရရှိရန်နှင့် မျိုးဆက်ပွား သားပေါက်ရန်အတွက်သာ လာရောက်ကြသည်။ ငါးသလောက်သည် ရေငန် တွင် နေထိုင်ကျက်စားပြီး ရေချိုတွင် တက်ရောက် မျိုးပွားသားပေါက်သည့် မျိုးစိတ်တစ်ခုဖြစ်သော် လည်း ယခုငါးသလောက်သားပေါက် တွေ့ရှိရသော ဧရာဝတီမြစ်ရေပြင်သည် ရေငန်ပင်လယ်ပြင်မှ မိုင်ပေါင်း ၄၀၀ ကျော်၊ ကီလိုမီတာ ၆၀၀ ဝေးကွာ သည့် နေရာဖြစ်သည့်အတွက် အဆိုပါနေရာများကို ယခုလက်ရှိ သတ်မှတ်ထားသည့် ငါးသလောက် ငါးမျိုးထိန်းသိမ်းရေး ဧရိယာနေရာများအပြင် ထပ်မံ တိုးချဲ့သတ်မှတ်နိုင်ရန်နှင့် ထိုသို့ မသတ်မှတ်နိုင်သေး သည့်ကာလအတွင်း တင်ဒါလုပ်ငန်းရှင်များနှင့် ရေလုပ်သားများက ငါးသလောက်သားပေါက်များကို မဖမ်းဆီးကြစေရေး ဥပဒေအရ တားမြစ်နိုင်ရန် အရေးကြီးသည်။
တွေ့ရှိရသော ဒေသနှင့် အမျိုးအစားနှစ်မျိုး
ငါးသလောက်ငါးများကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ ပါရှန်ပင်လယ်ကွေ့၊ တိုက်ဂရစ် နှင့် ယူဖရေတီးမြစ်ဝှမ်းဒေသ၊ အီရန်နှင့် အီရတ် နိုင်ငံတောင်ပိုင်းတို့၌ တွေ့ရှိနိုင်သည်။ ငါးသလောက် ငါးသည် ရေချို၊ ရေငန်၊ ရေချိုရေငန်စပ် သုံးမျိုးစလုံး တွင် ရွှေ့ပြောင်းနေထိုင်နိုင်ကြသည့် ရေပေါ်ရေလွှာ နေ မျိုးစိတ်ဖြစ်သော်လည်း ရေအနက် ၂၀၀ မီတာ၊ အပူပိုင်းဇုန်ဖြစ်သည့် မြောက်လတ္တီတွဒ် ၃၄ ဒီဂရီမှ ၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၄၂ ဒီဂရီမှ ၉၇ ဒီဂရီ အတွင်းရှိ ရေချို၊ ရေငန်ဒေသများ၌ နေထိုင်ကျက်စား ကာ အရွယ်အစား ၆၀ စင်တီမီတာ၊ အလေးချိန် သုံးကီလိုဂရမ်အထက်အထိ ကြီးမားနိုင်သည်။ ၎င်းတို့သည် မျိုးပွားရာသီဖြစ်သော အနောက်တောင် မုတ်သုံလေတိုက်ခတ်သည့် ဇွန်လမှ စက်တင်ဘာ လအတွင်းနှင့် ဇန်နဝါရီလမှ ဧပြီလများတွင် ကမ်းရိုးတန်း ရေငန်ဒေသများနှင့် ၅၀ ကီလိုမီတာမှ ၁၀၀၀ ကီလိုမီတာအထိ ဝေးကွာသော ရေချိုမြစ် ချောင်းများသို့ ဆန်တက်လာပြီး မိတ်လိုက်မျိုးပွား ဥချကြသည်။ ဒေသအတော်များများတွင် ဧပြီလ သည် မျိုးပွားမိတ်လိုက်မှုအများဆုံး ကာလများ ဖြစ်ကြသည်။ ရေချိုဒေသ၌ ပေါက်ပွားသည့် ငါးသလောက်သားပေါက်ငယ်များသည် ၁၂ လက်မ အရွယ်အထိ တွေ့ရှိရပြီး ယင်းနောက် ရေငန်ဒေသသို့ အစာအတွက် ရွှေ့ပြောင်းကြကြောင်း သိရသည်။ ငါးသလောက်ငါးများကို (ilis, ilishi, hilsa, hilsa herring or hilsa shad) စသည်ဖြင့် ခေါ်ဝေါ်ကြ သည်။ ဘင်္ဂလားပင်လယ်အော်၌ ကျက်စားသည့် ငါးသလောက်မျိုးစိတ်နှစ်မျိုးရှိရာ ငါးသလောက် (Hilsa) နှင့် ငါးသလောက်ယောက်ဖ (Toli shad) တို့ကို တွေ့ရှိရသည်။ ငါးသလောက်ယောက်ဖမှာ အရွယ်သေးငယ်၊ အရိုးများပြီး အရသာမှာ ငါးသလောက်ကဲ့သို့ ကောင်းမွန်မှုမရှိသည့်အတွက် ဈေးကွက်၌ ဈေးကောင်းမရရှိနိုင်ပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံတော်ငါး
ငါးသလောက်ငါးတို့ နေထိုင်ကျက်စားရာ ဘုံဒေသသည် ဘင်္ဂလားပင်လယ်အော်ဖြစ်သဖြင့် ၎င်းနှင့်ဆက်စပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ မက်ဂနာမြစ်ဝှမ်းနှင့် တန်တူလီယားမြစ်ဝှမ်းဒေသ များ အပါအဝင် မြစ်ချောင်းပေါင်း ၁၀၀ ကျော်၊ အိန္ဒိယနိုင်ငံ၌ ဂင်္ဂါမြစ်ဝှမ်းဒေသများနှင့် မြန်မာနိုင်ငံ ၌ ရခိုင်ကမ်းရိုးတန်းအနီး ကုန်းတွင်းရေချိုမြစ်ချောင်းများ၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင် မြစ်ဝှမ်းမြစ်ကြောင်းဒေသတို့သည် ငါးသလောက် များ ကျင်လည်ကျက်စားရာ ဒေသများအဖြစ် တည်ရှိနေကြသည်။ ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်းတို့၏ ငါးသလောက်ငါးများ တည်ရှိမှုကို အချက်အလက်ပြည့်စုံခိုင်မာစွာ သုတေသနပြုနိုင်သည့်အတွက် ငါးသလောက်ငါး ကို နိုင်ငံတော်ငါးအဖြစ် သတ်မှတ်ခွင့်ရရှိထားရာ နောင်တစ်ချိန်တွင် မူပိုင်ခွင့်ဥပဒေအရ မြန်မာနိုင်ငံ အနေဖြင့်လည်း ငါးသလောက်ငါးများကို မိမိဒေသ ၌ နေထိုင်ကျက်စားပေါက်ပွားကြောင်း အထောက် အထားများ ခိုင်မာရန် လိုအပ်မည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ငါးသလောက်ငါး မျိုးထိန်းသိမ်းရေး မဖမ်းရ ဧရိယာများသတ်မှတ်ထား နိုင်ခဲ့ရာ ထိုဧရိယာများသာမက အခြားဒေသများ၌ပါ ငါးသလောက်ငါးများ ကျင်လည်ကျက်စားမှုကို အချက်အလက်စနစ်တကျ ကောက်ယူပြီး လိုအပ် သည့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းဒေသ ကြီး/ ပြည်နယ်များ၌ ငါးသလောက်တွေ့ရှိမှု အခြေအနေကို ပုံမှန်တင်ပြစေခြင်း၊ မျက်ခြည်မပြတ် စောင့်ရှောက်ပေးခြင်းဖြင့် ငါးသလောက်ငါးမျိုးများ ရေရှည်တည်တံ့ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ငါးသလောက်ငါးမျိုးများ ရှားပါးလာ
ကမ္ဘာ့ငါးသလောက် ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်၍ မြန်မာ နိုင်ငံအနေဖြင့် ၁၅ မှ ၂၀ ရာခိုင်နှုန်း နှစ်စဉ်ထုတ်လုပ် လျက်ရှိသည်။ အရသာကောင်း၊ တန်ဖိုးရှိသည့် ငါးမျိုးစိတ်ဖြစ်သည်နှင့်အညီ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀၀ အထိ ဈေးပေါက်သည့်အတွက် ဖမ်းဆီးမှုများခြင်း၊ ငါးသလောက်ဥများကို ဈေးကောင်းပေး၍ စားသုံးကြခြင်းတို့ကြောင့် ငါးသလောက်ငါးမျိုးများ ရှားပါးလာသကဲ့သို့ တစ်ဖက်တွင်လည်း မျိုးပွားရန် တက်ရောက်ရာ လမ်းကြောင်းများ သောင်ထွန်းခြင်း၊ မသန့်ရှင်းသော ရေများ၊ အညစ်အကြေးများ၊ စိုက်ပျိုးရေးသုံး ဓာတု ဆေးဝါးများ၊ မျိုးပွားရာသီဖမ်းဆီးခံရခြင်း၊ အရွယ် မရောက်မီ အလွန်အကျွံ ဖမ်းဆီးခံရခြင်းတို့ကြောင့် ငါးသလောက်ငါးမျိုးများ မျိုးပွားဥချ သားပေါက်ရန် တက်ရောက်နိုင်မှု တစ်နှစ်ထက်တစ်နှစ် နည်းပါး လာသည်ကို တွေ့ရသည်။
ငါးသလောက်ငါးသည် တစ်နှစ်လျှင် နှစ်ကြိမ် အထိ သားပေါက်နိုင်ခြင်း၊ အမကြီး တစ်ကောင်လျှင် ဥလုံးရေ နှစ်သန်းအထိပါရှိ၍ တစ်နှစ်၊ နှစ်နှစ်အတွင်း မျိုးပွားနိုင်သည့်အရွယ်သို့ ရောက်ရှိခြင်းတို့ကြောင့် ပြန်လည်ဖြစ်ထွန်းလွယ်သည့် မျိုးစိတ်တစ်ခု ဖြစ်သည်။ ဥဥချပြီး တစ်ပတ်အတွင်း ၁ ဒသမ ၅ စင်တီမီတာ၊ တစ်လသားအရွယ်တွင် ၃ ဒသမ ၅ စင်တီမီတာ၊ နှစ်လသား အရွယ်တွင် ၇ စင်တီမီတာ အထိ ကြီးထွားနိုင်ကြသည်။ မည်မျှပင်ပေါများ ကြီးထွားလွယ်သော်လည်း မျိုးသုဉ်းမှုမရှိနိုင်ဟု အာမခံနိုင်မည် မဟုတ်ပါ။
ငါးသယံဇာတ ထိန်းသိမ်းရေး
ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ငါးသလောက်မဖမ်းရ ရာသီသည် နှစ်စဉ် စက်တင် ဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်းဖြစ် ၍ ထိုရက်များတွင် ကုန်းတွင်းမြစ်ချောင်းများ အားလုံး၌ ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားရှိသည်ကို သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၂ ခုနှစ်မှ စ၍ ငါးသလောက်ထိန်းသိမ်းရေးဇုန်များ သတ်မှတ် ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၌ ဇုန် ၁၃ ခု၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် နယ်ခြားစစ်တောင်းမြစ်၌ ဇုန်တစ်ခု၊ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၌ ဇုန်တစ်ခု သတ်မှတ်ထားသည်ကို တွေ့ရှိရသည်။ ရခိုင် ပြည်နယ်တွင် ဂွမြို့နယ် ဆတ်သွားချောင်းဧရိယာ၊ အမ်းမြို့နယ်တွင် ကျောက်ပတောင်းမြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်တွင် မေယုမြစ်ကြောင်းတို့ကို လည်း ထိန်းသိမ်းရေးဇုန်များအဖြစ် သတ်မှတ်နိုင် ပါက ပိုမို ကောင်းမွန်စွာဆောင်ရွက်နိုင်မည် ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း
ငါးသလောက် ဖမ်းဆီးမှု
မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် သည် တိုင်းဒေသကြီး၏တောင်ဘက် ကံမမြို့နယ် အစပ်မှ မြောက်ဘက် ရေစကြိုမြို့နယ်အထိ ၁၈၅ မိုင်ရှည်လျားပြီး ဧရိယာစတုရန်း ကီလိုမီတာ ၂၀၀၀ ခန့်ရှိရာ အဆိုပါ ရေပြင်အတွင်း ရေချိုငါးမျိုးစိတ်များ ကို အမျိုးအစားစုံလင်စွာ တွေ့ရှိရသည်။ ထိုသို့ တည်ရှိမှုအပေါ် ငါးဖမ်းဆီးရာ၌ တင်ဒါရရှိသူများက ဧရာဝတီမြစ် တင်ဒါကွက်အတွင်း သောင်ဆွဲပိုက် (ဝမ်းပူပိုက်)ကို အဓိကအသုံးပြု ငါးဖမ်းဆီးကြပြီး၊ ဘုံငါးဖမ်းရေလုပ်သားများအနေဖြင့် မျောပိုက်များ ဖြင့် ငါးဖမ်းဆီးကြသည်ကို တွေ့ရှိရသည်။ ထိုသို့ ဖမ်းဆီးကြရာတွင် မျောပိုက်များ၌ အကောင်ကြီး အရွယ်ရောက် ဥကပ်ငါးသလောက်ငါးများကို ဖမ်းဆီးရမိကြပြီး တင်ဒါကွက်ငါးဖမ်းလုပ်ငန်းခွင်၌ အရွယ်မရောက် သေးသည့် ငါးသလောက်ငယ်များကို ဖမ်းဆီးရမိကြသည်ကို တွေ့ရသည်။ မကွေးမြို့ မြို့ဟောင်းရပ်နေ တင်ဒါသူကြီး ဦးမျိုးမြင့်ထွန်း၏ ပြောပြချက်အရ ဧရာဝတီမြစ်ကြီး၌ ယင်းတင်ဒါ ကွက်များမှနှစ်စဉ် ငါးပိဿာချိန် ၁၀၀၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်း၊ ငါးသေး ငါးနုပ်များဖြစ်သည့် ရင်ဘောင်စာအပါအဝင် ငါးမျိုး စိတ် ၁၅ မျိုးခန့် ဖမ်းမိကြောင်း၊ တစ်ခါတစ်ရံတွင် ငါးဂျောင်း၊ ငါးတန်၊ ငါးမြင်း၊ ငါးပတ်၊ ငါးလိပ်ကျောက်၊ ငါးမြစ်ချင်း များလည်းဖမ်းမိကြောင်း၊ လက်ရှိတွင် မိမိတို့၏ တင်ဒါကွက်များ၌ ညအချိန်တရားမဝင် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းသမားများက မျောပိုက်များတွင် ကြေးကြိုးများတန်း၍ ရှော့ခ်တိုက်ငါးခိုးမှုများ အုပ်စုလိုက် လုပ်ဆောင်မှုများကြောင့် ငါးဖမ်းမိမှု လျော့နည်းလာကြောင်း သိရသည်။
ငါးသလောက်ငါးနှင့် ပတ်သက်၍ နှစ်စဉ် တန်ဆောင်မုန်းလ(နိုဝင်ဘာ၊ ဒီဇင်ဘာလ)များတွင် မျောပိုက်များဖြင့် ထိမိသည့် ငါးသလောက် ၅၀ သား၊ တစ်ပိဿာခန့်ရှိသည့် ဥပါအကောင်ကြီးများဖမ်းဆီးရရှိကြောင်း၊ ထို့နောက် ပြာသိုလ (ဇန်နဝါရီလ)တွင် တစ်လက်မ အောက်နှင့် တစ်လက်မအရွယ် ငါးသလောက် သားပေါက်များကို မြစ်ထောင့်ကွေ့ ရေငြိမ်သည့် နေရာများ၌ တွေ့ရှိရကြောင်း၊ တပို့တွဲ၊ တပေါင်း (မတ်၊ ဧပြီ)လများတွင် နှစ်လက်မမှ သုံးလက်မ အရွယ် သားပေါက်များကို တွေ့ရ ကြောင်း၊ မြစ်ရေကြီးသည့်အချိန် တွေ့ရှိရမှု မရှိကြောင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ခြောက်လက်မအရွယ် ငါးသလောက်ငယ်များကို တွေ့ရှိရကြောင်း၊ ထို့အတူ တန်ဆောင်မုန်းလတွင် ဥကပ်အမများဖြစ်သည့် ၅၀ ကျပ်သား၊ တစ်ပိဿာ ကျော် အကောင်များကိုလည်း မျောပိုက်များ၌ ထိမိကြောင်း၊ မြစ်ကြောင်းတစ်လျှောက်ရှိ တင်ဒါ ကွက်များသည် ရေကျချိန်သောင်ထွန်းမှုကြောင့် ရေငြိမ်သည့် တင်ဒါကွက်များ ပေါ်ထွက်လာရာ ငါးသလောက်သားပေါက်ငယ်များအဖို့ အန္တရာယ်ကို ကာကွယ်ရန်နှင့် အစာရှာဖွေရန် ကောင်းမွန်သည့် အတွက် တွေ့ရှိရခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားသည်။ ငါးသလောက်ငယ် တွေ့ရှိမှုနှင့် ပတ်သက်၍ ယခင်နှစ်က ဆင်ဖြူကျွန်းမြို့နယ် ဇီးကျွန်းသနပ်ကုန်းဘက်တွင် တစ်ရက်တည်း၌ တစ်လက်မ၊ နှစ်လက်မအရွယ် ငါးသလောက် သားပေါက်ပိဿာချိန် ၅၀၀ ခန့်ကို တင်ဒါကွက်များ ၌ ထိမိသည်ကို သိရကြောင်း၊ ငါးသလောက်ငယ်များ ကို မိမိတို့ဒေသသာမက ပခုက္ကူ၊ ရေစကြိုမြို့များနှင့် မြင်းခြံဘက်တွင် တွေ့ရှိရကြောင်း၊ မြင်းခြံတွင် သုံးလက်မအရွယ်ငါးသလောက်သားပေါက် ပိဿာ ၂၀၀ ခန့်ကို အင်းငါးဖမ်းစဉ် သွားရောက်ဝယ်ယူခဲ့ ဖူးကြောင်း၊ ငါးသလောက် သားပေါက်များကို အင်းအတွင်း၌လည်း တွေ့ဖူးကြောင်း ပြောကြား သည်။ သရက်မြို့နယ်နှင့် အောင်လံမြို့နယ် အနီး တစ်ဝိုက်ဒေသသည် ရေစီးကြောင်းများဖြောင့်တန်း ကောင်းမွန်သည့်အတွက် မျောပိုက်များ၌ ငါးသလောက် အထိအမိကောင်းကြောင်း၊ ဥကပ် ငါးသလောက်အမများကို ယင်းဒေသများ၌ ပိုမို တွေ့ရကြောင်း ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သား/အင်း/တင်ဒါသူကြီးများ၏ ငါးသလောက် သားပေါက် များ တွေ့ရှိမှု အခြေအနေကို ပူးတွဲပါဇယားအတိုင်း တွေ့ရှိရသည်။
ငါးသလောက် သယံဇာတများကို ထိခိုက်စေ
တွေ့ရှိချက်အရ ဧရာဝတီမြစ်ကြီး၏ မကွေး တိုင်းဧရိယာအတွင်း အများဆုံးတစ်နေ့ပိဿာ ၅၀၀ ခန့်အထိ ဖမ်းဆီးရရှိမှုရှိရာ တစ်ပိဿာလျှင် ကောင်ရေ ၁၀၀၀ ကျော်ပါရှိနိုင်သဖြင့် တစ်နေ့ ဝမ်းပူပိုက်တစ်လက်လျှင် ငါးသလောက်သားပေါက် ကောင်ရေ ၅၀၀၀၀၀ အထိ ထိမိနိုင်ကြောင်း တွေ့ရှိရ သည်။ တိုင်းဒေသကြီးအတွင်း ဘုံငါးဖမ်းလုပ်ငန်း ၌ ဝမ်းပူပိုက် ၆၅ လက်၊ တင်ဒါငါးဖမ်းကွက် ၁၂၆ ကွက်တို့၌ ဝမ်းပူပိုက်(သောင်ဆွဲပိုက်) ၁၂၆ လက်တို့ ဖြင့် ဆောင်ရွက်မှုများကြောင့် ငါးသလောက် သယံဇာတများကို ထိခိုက်စေနိုင်သည်။
လက်ရှိအနေအားဖြင့် မကွေးတိုင်းဒေသကြီး တွင် ငါးသလောက်ငါးကြီးများကို မျောပိုက်များ ဖြင့်လည်းကောင်း၊ ငါးသလောက်ငါးငယ်များကို သောင်ဆွဲပိုက်များဖြင့်လည်းကောင်း ဖမ်းဆီးနေ ကြသည်ကို တွေ့ရသည်။ တိုင်းဒေသကြီးအတွင်း မျောငါးဖမ်းပိုက် အလက်ရေ ၁၃၀၀ ကျော်ရှိကာ သောင်ဆွဲပိုက် ၆၅ လက်နှင့် တင်ဒါငါးဖမ်းကွက် ၁၂၆ ခု၌လည်း သောင်ဆွဲပိုက်များရှိသည်ကိုလည်း တွေ့ရသည်။ မျောပိုက်များဖြင့် ငါးဖမ်းဆီးရာတွင် ဇူလိုင်၊ ဩဂုတ်လများသည် မြစ်ရေတိုး၍ ငါးအထိ အမိနည်းသဖြင့် ရာသီကိုကြည့်၍ ငါးဖမ်းဆီး ကြသော်လည်း သီတင်းကျွတ်၊ တန်ဆောင်မုန်းလ များတွင် ပိုမိုဖမ်းဆီးကြသည်ကို တွေ့ရသည်။
ထိုအချိန်တွင် အခြားငါးထက် ငါးသလောက်ငါး ပိုမိုထိမိသည်ဟု သိရသည်။ သောင်ဆွဲပိုက်များမှာမူ မြစ်ရေနည်းပြီး သောင်များ၊ ကျွန်းများပေါ်လာချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အဓိကဖမ်းဆီးကြပြီး ရေလုပ်သား ၁၈ ဦးခန့်ဖြင့် ငါးဖမ်းဆီးကြရသည်။ သောင်ဆွဲပိုက်များမှာ ပိုက်ကွက်ငါးမူးခန့်သာရှိ၍ ငါးကြီးငါးကောင်းများထက် ငါးသေး၊ ငါးနုပ်များ ကိုသာပိုမိုရရှိသည်။ ထိုငါးသေး ငါးနုပ်များနှင့် အတူ တန်ဖိုးရှိလာနိုင်သော ငါးသလောက် သားပေါက်ငယ်များ အုပ်စုလိုက်ပါရှိရာ အလွန် နှမြောစရာကောင်းလှသည်။ ထိုငါးဖမ်းကိရိယာများ ဖြင့် ငါးဖမ်းဆီးသည့် ရေလုပ်သားများနှင့်တွေ့ဆုံ၍ ငါးသလောက် သယံဇာတထိန်းသိမ်းရေးလုပ်ငန်း ပညာပေးဟောပြောခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါက တစ်စုံတစ်ခုသောအတိုင်းအတာ အထိ အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။
ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်
ဧရာဝတီမြစ်အတွင်း ငါးသလောက်ငါးမျိုးစိတ် များ နေထိုင်ကျက်စားမှုအခြေအနေကို လေ့လာ တွေ့ရှိမှုအရ ငါးသလောက်ငါးမျိုး ထိန်းသိမ်းရေး အတွက် ဧရာဝတီမြစ်တစ်လျှောက်လုံးကို ငါးမဖမ်းရနယ်မြေအဖြစ် သတ်မှတ်ရန် ခက်ခဲမည် ဖြစ်ရာ နှစ်စဉ် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ငါးသလောက် မျိုးငါးကြီးများကို ကာကွယ်နိုင်ရန် အတွက် မျောပိုက် (ကြာဆံ၊ သုံးထပ်၊ အဏုမြူ)များကို ချထားလုပ်ကိုင် ခွင့်မပြုခြင်း၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင် တင်ဒါကွက်များ၌ ပိုက်ကွက် တစ်လက်မအောက် သောင်ဆွဲပိုက်(ဝမ်းပူပိုက်)များ ဖြင့် ငါးမဖမ်းဆီးစေခြင်းဖြင့် အတော်အသင့် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ထို့ပြင် တင်ဒါကွက် များ၌ ညအချိန် ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်သည်။ ထို့အတူ မျောပိုက်၊ သောင်ဆွဲပိုက် အသုံးပြု ရေလုပ်သားများနှင့် တင်ဒါလုပ်ငန်းရှင်သူကြီး များအား ပညာပေးဟောပြောခြင်း၊ လိုက်နာ ဆောင်ရွက်မှု ရှိ မရှိ စိစစ်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
သို့မှသာ မိမိတို့နိုင်ငံ၏ တန်ဖိုးရှိ ရေနေ သယံဇာတများ မပျောက်ကွယ်ဘဲ ပေါများစွာ ထုတ်လုပ်နိုင်ပြီး နိုင်ငံခြားပို့ကုန်အဖြစ် လုပ်ဆောင် နိုင်ပါက နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိနိုင်မည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ ငါးသလောက်တင်ပို့မှု ရာခိုင်နှုန်း မြင့်မားလာစေရေး မကွေးတိုင်းဒေသကြီး၏ ဧရာဝတီမြစ်ဧရိယာ အတွင်း ငါးသလောက်မျိုးပွား သားပေါက်ချိန်တွင် တားမြစ်ရာသီ၊ တားမြစ်ဧရိယာများသတ်မှတ်ပေးခြင်း၊ တိတိကျကျလိုက်နာစေခြင်းတို့ကို ဆောင်ရွက် ရန်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ငါးသလောက်ငါးထိန်းသိမ်း ရေးဧရိယာများ သတ်မှတ်ရာတွင် တစ်စိတ် တစ်ဒေသအနေဖြင့် ဖြည့်စွက်နိုင်ရန်နှင့် ဆက်လက် ၍ တာဝန်ရှိသူ ပညာရှင်များက စနစ်တကျ လေ့လာ မှတ်တမ်းတင်ပြီး ငါးသလောက်ငါးသယံဇာတသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ခုတည်း၏ နိုင်ငံပိုင် သယံဇာတသာမဟုတ်ဘဲ မြန်မာနိုင်ငံပိုင် ရေသယံဇာတတစ်ခုလည်းဖြစ်ကြောင်း ဖော်ပြရာ တွင် အချက်အလက်တချို့အနေဖြင့် ပါဝင်စေရန် ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား
- Study of the spawning season of Hilsa, Tenualosa ilisha in Bangladesh, June 2022DOI:10.52168/bjf.2022.34.9
- https://en.wikipedia.org/wiki/Ilish
- Log in to post comments