လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် မတ် ၄


စိုက်ပျိုးရေးလုပ်ငန်းတွင်   သီးနှံလေလွင့်ဆုံးရှုံးမှု လျော့ပါးစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီး ဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက  ဘက်စုံသီးနှံ  ကာကွယ်ရေးစနစ်ကို အခြေခံ ဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာ  သီးနှံ ကာကွယ်ရေး စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေး ထွက်ကုန်များအား တင်ပို့တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းများအလိုက်  စိစစ်ကြပ်မတ် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာ နိုင်ငံများနှင့် သဘောတူညီချက် စံနှုန်း များနှင့်အညီ ဖြစ်စေရေး၊ ပိုးသတ်ဆေး တင်သွင်း ထုပ်ပိုးဖြန့်ဖြူးခြင်းလုပ်ငန်းများအပေါ်  တည်ဆဲ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ကြီးကြပ် ထိန်းသိမ်းရေး ၊ သီးနှံပိုးမွှားရောဂါ ကင်းရှင်းကြောင်း လက်မှတ်များ    ထုတ်ပေးရာတွင်  လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက်   တာဝန်ယူမှု တာဝန်ခံမှုရှိစွာ  ဆောင်ရွက်ရန် ဆွေးနွေးပြောကြား သည်။

 


မွန်းလွဲပိုင်းတွင်   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်နှင့်      ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊     ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍   သားငါးကဏ္ဍ  ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်လုပ်ဆောင်သွားရန်ကိစ္စ၊   နည်းပညာနှင့်   အရင်းအနှီးများတိုးမြှင့် ဆောင်ရွက်နိုင်ရေး၊         ပြည်ပသွင်းကုန်အစားထိုး ကုန်ချောထုတ်လုပ်ရေး ၊ ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်များ တိုးတက်ရရှိရေးဆိုင်ရာများ၊ တိရစ္ဆာန် ရောဂါနှင့် ဓာတုဆေးဝါးဓာတ်ကြွင်း  ကင်းစင်ပြီး အာဟာရပြည့်ဝသည့်   နိုင်ငံတကာ   စံချိန်စံညွှန်းမီ မွေးမြူထုတ်လုပ်နိုင်ရေး၊ ရေသတ္တဝါများနှင့် အသား ကဏ္ဍထုတ်ကုန်များတွင် ရောဂါကူးစက်ပျံ့နှံ့ခြင်း ဖြစ်ပွားပါက အရေးပေါ်အစီအမံများ ဆောင်ရွက်နိုင် ရေး၊ ပြည်ပပို့ကုန်များအား သက်ဆိုင်ရာ နိုင်ငံများ၏ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး စီမံဆောင်ရွက် သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေယမှုံ အင်တာနေရှင်နယ် လီမိတက်၏ အေးခဲပုစွန်များ ပြုလုပ်၍ ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှု  ၊ တန်ဖိုးမြင့် ကုန်ချောအဖြစ် ပြုပြင်ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေး အားပေးကြောင်း သိရသည်။

သတင်းစဉ်