ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း တစ်သောင်း တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှု အခြေအနေများ ဆွေးနွေး

 

 

နေပြည်တော် ဇန်နဝါရီ ၂၆

 

နိုင်ငံတော်အစိုးရမှ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာ (Public Rental Housing) အခန်းပေါင်း တစ်သောင်း တည်ဆောက်ရေးစီမံ ကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

အစည်းအဝေးသို့ နေပြည်တော်မှ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အသင်းချုပ်သုံးခုတို့မှ ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။

အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ရှေးဦးစွာ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း ဦးစီးကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြီးခဲ့သည့် ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် “ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ”၏ (၇) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန် MCEF ၊ MLCA ၊ MDA အသင်းများမှ အစွမ်းကုန်ကြိုးစား အားထုတ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါကြောင်း၊ မြေပြင်လုပ်ငန်းတိုးတက်မှုများ၊ လုပ်ငန်းအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန် ယနေ့ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း။

ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်းတစ်သောင်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်ရာတွင် လုံလောက် သော မြေနေရာရရှိရေး၊ Infrastructure များ ပြည့်စုံစေရေး၊ Engineering ပိုင်းဆိုင်ရာ Technical Issues များကို ဖြေရှင်းပေးနိုင်ရေး စသည်ဖြင့်လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များအနေဖြင့် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

စီမံကိန်းအတွက် လိုအပ်သော ဘဏ္ဍာငွေများအနက် ၂၀၁၉-၂၀၂၀ ပိုလျှံ ရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၁၃၀ ရရှိထားပြီး ကျန်ငွေများကို MCEF ၊ MLCA နှင့် MDA အသင်း တို့က စိုက်ထုတ်၍ အဆောက်အဦများနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်ရွက်ရန်အတွက် လုပ်ငန်းပြီးစီးအောင် ကြီးကြပ် ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် အသင်း သုံးသင်းတို့မှ တာဝန်ရှိသူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် အရေးကြီး ပါကြောင်း ပြောကြားသည်။

ကဏ္ဍအလိုက် အကြံပြုဆွေးနွေး

ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်ဥက္ကဋ္ဌ ဦးကျော် ဝင်းနှင့် မြန်မာ့မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝိတ်တို့က ပြည်သူ့အငှား အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ တို့ကို ပါဝါပွိုင့်ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း ဦးစီးကော်မတီ အတွင်းရေးမှူး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရှင်းလင်းတင်ပြချက်များအပေါ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်းတိုးတက် မှုနှင့် လုပ်ငန်းများ သက်မှတ်အချိန်မီပြီးစီးရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့က ပြည်သူ့ အငှားအိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ဝင်ငွေနည်းပြည်သူများ၏နေရေး ဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့အငှားအိမ်ရာအခန်းတစ်သောင်း ဆောက်လုပ်မည့် စီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အိမ်ရာအခန်းပေါင်း ၇၀၄ ခန်း၊ အဆောက်အဦ အလုံးရေ ၄၄ လုံး၊ ရန်ကုန်မြို့ ဒဂုံတောင် မြို့နယ်တွင် အိမ်ရာအခန်းပေါင်း ၆၂၈၈ ခန်း၊ အဆောက် အဦ အလုံးရေ ၃၉၃ လုံးနှင့် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် တွင် အိမ်ရာအခန်းပေါင်း ၃၀၀၈ ခန်း၊ အဆောက်အဦ ၁၈၈ လုံးကို ဆောက်လုပ်သွားမည်ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းများအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA) နှင့် မြန်မာ့မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)တို့မှ လုပ်သား အင်အားပေါင်း ၁၈၀၀၀ ကျော်ဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိရာ ယခုအခါ အဆောက်အအုံနှင့် အခြေခံ အဆောက်အအုံ လုပ်ငန်းများ၏ ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်