ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)

Type

 

ကိုရွှေမိုး (UEC)
 

 

နိဒါန်း


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်       ကျင်းပမည့် ရွေးကောက်ပွဲများတွင်  အီလက်ထရွန်နစ်မဲပေးစက်  (Electronic Voting Machine – EVM) ကို အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါ သည်။  သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်အသုံးပြုရန်မလိုဘဲ မဲပေး နိုင်တော့မည် ဖြစ်ပါသည်။

 


အဆိုပါ အီလက်ထရွန်နစ်  မဲပေးစက်ကို မြန်မာအီလက်ထရွန်နစ် မဲပေးစက်  (Myanmar Electronic Voting Machine – MEVM)  ဟု ခေါ်တွင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ ကျွမ်းကျင် နည်းပညာရှင်များဖြင့် တီထွင်ထားခြင်းဖြစ်ပါသည်။    အာဂျင်တီးနား၊   ဘရာဇီး၊   ပြင်သစ်၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလား ကဲ့သို့သော နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံတို့တွင် မဲပေးစက် (EVMs)  များ  အပါအဝင်  E-voting  စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြသည်။ အဆိုပါ ကမ္ဘာ့နိုင်ငံများတွင်  အသုံးပြု လျက်ရှိသော အီလက်ထရွန်နစ် မဲပေးစက်များကိုလေ့လာ၍ မြန်မာ နိုင်ငံရှိ မဲဆန္ဒရှင် ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်း၊ နားလည် နိုင်မှု အခြေအနေတို့နှင့် အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကို တီထွင် ထားခြင်းဖြစ်ပါသည်။

 


အီလက်ထရွန်နစ်နည်းပညာဖြင့် မဲပေးခြင်းစနစ်များ


ကမ္ဘာ့နိုင်ငံများ၌       အီလက်ထရွန်နစ်နည်းပညာအသုံးပြု၍ မဲပေးခြင်းများတွင်    အသုံးအများဆုံး   အမျိုးအစား   လေးမျိုးရှိပြီး ယင်းတို့မှာ -


(က)    တိုက်ရိုက်မှတ်တမ်းတင်အီလက်ထရွန်နစ်မဲပေးခြင်းစနစ် (Direct Recording Electronic System - DRE)။ မဲဆန္ဒရှင်တစ်ဦးက   ကီးဘုတ်   (Keyboard)၊    ထိတွေ့ မျက်နှာပြင်(Touch Screen)၊ မောက်စ် (Mouse)၊ ဘောပင် သို့မဟုတ်   အခြားအီလက်ထရွန်နစ်   စက်ပစ္စည်းများကို အသုံးပြု၍   မဲပေးခြင်းစနစ်ဖြစ်ပြီး   စက်ထဲတွင်  မဲပေးမှု ဆိုင်ရာ  အီလက်ထရွန်နစ်မှတ်တမ်းကို   သိမ်းဆည်းထား သည်။ DRE စက်များကို မဲပေးချက်မှန် မမှန် အတည်ပြုစက် (Voter-Verified Paper Audit Trail - V VPAT) ဖြင့် တွဲဖက် ခြင်း သို့မဟုတ် တွဲဖက်ခြင်းမပြုလုပ်ဘဲ အသုံးပြုနိုင်ပြီး မဲဆန္ဒရှင်ရွေးချယ်လိုက်သည့် ဆန္ဒမဲများအတွက် V VPAT များက မဲပေးခြင်းဆိုင်ရာ အထောက်အထားအဖြစ် စက္ကူ စလစ်   ဖြတ်ပိုင်းများကို   ပရင့်ထုတ်ပေးခြင်းဖြစ်သည်။ အိန္ဒိယ၊ ဘူတန်၊ အီရန်၊ ရိုမေးနီးယား၊ ဘရာဇီး၊ ပီရူး၊ ဗင်နီ ဇွဲလား၊ နာမီဗီးယား၊ ဘူလ်ဂေးရီးယား၊ အယ်လ်ဘေးနီးယား စသည့်  နိုင်ငံတို့တွင်  အသုံးပြုလျက်ရှိသော   စနစ်ဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေ ဖြင့် အသုံးပြုလျက်ရှိသောစနစ် ဖြစ်ပါသည်။

 


( ခ )     အီလက်ထရွန်နစ်မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printers - EBPs)။ DRE စက်နှင့်ဆင်တူ၍ စက်မှ သိရှိနားလည်နိုင်သော   မဲလက်မှတ်ကို  ပရင့်ထုတ်ပေးသည်။ အဆိုပါလက်မှတ်ကို အလိုအလျောက် မဲရေတွက်ပေးသည့် သီးခြား  မဲလက်မှတ်ဖတ် စကင်နာစက် (Ballot Scanner) အတွင်းသို့ ထည့်သွင်းရေတွက်ပြီး မဲပုံးထဲသို့ ရောက်ရှိသွား သည့်   စနစ်ဖြစ်သည်။  မဲလက်မှတ်ထုတ် ပရင်တာသည် မဲဆန္ဒရှင်များ၏   ရွေးချယ်မှုကိုသာ   အမှတ်အသားပြုပြီး မဲများကို မှတ်တမ်းတင်ထားခြင်းမရှိပါ။ မဲလက်မှတ်ဖတ် စကင်နာစက်   (Ballot Scanner)   သည်  မဲပေးချက်နှင့် စုစုပေါင်း မဲအရေအတွက်များကို မှတ်တမ်းတင်ထားပါသည်။ အာဂျင်တီးနား၊ ကွန်ဂို စသည့်နိုင်ငံတို့တွင် အသုံးပြုလျက်ရှိ သော စနစ်ဖြစ်ပါသည်။

 


( ဂ )    အလင်းဖြင့်မှတ်တမ်းတင်စနစ် (Optical Mark Reco-gnition-OMR) ။ အထူးပြုလုပ်ထားသည့် မဲလက်မှတ်အပေါ် တွင် မဲပေးသူ၏ရွေးချယ်မှုကို မှတ်မိဖတ်ရနိုင်သော စကင် ဖတ်စစ်ဆေးသောစနစ် (OMR systems) တပ်ဆင်ထား သည့်စက်ဖြစ်ပြီး   စာရွက်ဖြင့်မဲပေးခြင်းကို    အီလက် ထရွန်နစ်ရေတွက်ခြင်းစနစ်ဖြင့်     ပေါင်းစပ်ထားခြင်းဖြစ် သည်။ မဲဆန္ဒရှင်သည် အဆိုပါစက်မှ ဖတ်ရှုနားလည်နိုင် သော မဲစာရွက်ပေါ်တွင် ရွေးချယ်အမှတ်အသားပြုလုပ်ရန် ဘောပင်  သို့မဟုတ်  ခဲတံကို အသုံးပြုရသည်။ ထို့နောက် မဲဆန္ဒရှင်က ရွေးချယ်ထားသော အမှတ်အသားများ ပါဝင် သည့် ဆန္ဒမဲလက်မှတ်များကို OMR စက်က ဖတ်ရှုမှတ်သား ၍ အလိုအလျောက်ရလဒ်များ တွက်ချက်ပေးခြင်း ပြုလုပ် သော   စနစ်ဖြစ်ပါသည်။  အီရတ်၊  ကာဂျစ္စတန်၊  ရုရှား စသည့် နိုင်ငံတို့တွင် အသုံးပြုလျက်ရှိသော စနစ်ဖြစ်ပါသည်။

 


(ဃ)    အင်တာနက်မဲပေးစနစ်   (Internet  Voting  Systems)။ မဲပေးသူသည် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာ ကို   အသုံးပြု၍    မဲပေးရပြီး    အင်တာနက်မှတစ်ဆင့် မဲရေတွက်သည့် ဗဟိုကွန်ပျူတာ ဆာဗာထံသို့ မဲများကို လွှဲပြောင်းပေးသည့်စနစ်ပင်ဖြစ်သည်။ အင်တာနက် မဲပေး ခြင်းသည်  ယေဘုယျအားဖြင့် မဲဆန္ဒရှင်၏အိမ် သို့မဟုတ် အလုပ်ကဲ့သို့သော      အင်တာနက်အသုံးပြုခွင့်ရှိသည့် မည်သည့်ကွန်ပျူတာမှမဆို ကြီးကြပ်မှုမရှိသော၊ ဝေးလံ သော နေရာများတွင်ပါ အသုံးပြုနိုင်သည်။ ဩစတြေးလျ၊ အက်စတိုးနီးယား စသည့်နိုင်ငံတို့တွင် အသုံးပြုသော စနစ် ဖြစ်ပါသည်။ အင်တာနက်မဲပေးခြင်းသည် ကွန်ပျူတာစနစ် အတွင်းသို့    ဟက်ကာ(Hacker)   များ   ဝင်ရောက်ခြင်း သို့မဟုတ်    အချက်အလက်ပျက်စီးစေသည့်   အခြား နည်းလမ်းများနှင့်    ပတ်သက်သည့်   လုံခြုံရေးဆိုင်ရာ ပြဿနာများ ရှိနိုင်ပါသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထက်ပါ နည်းစနစ် များကို   လေ့လာပြီးနောက်   မြန်မာနိုင်ငံရှိ  မဲဆန္ဒရှင်ပြည်သူများနှင့် အကိုက်ညီဆုံးဖြစ်စေမည့် တိုက်ရိုက် မှတ်တမ်းတင် အီလက်ထရွန်နစ် မဲပေးခြင်းစနစ် (Direct Recording Electronic System - DRE) ကို ရွေးချယ်ကာ မဲပေးစက်တီထွင်နိုင်ရန် ပြည်တွင်းမှ  အီလက်ထရွန်နစ် ကျွမ်းကျင်ပညာရှင်များနှင့်   ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ တွင် ဖော်ပြချက်အရ အီလက်ထရွန်နစ်နည်းလမ်းဖြင့်  မဲပေးခြင်းကို  နိုင်ငံပေါင်း  ၃၄ နိုင်ငံ၌ ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

 


မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM) ဖွဲ့စည်းတည်ဆောက်ပုံ


မြန်မာအီလက်ထရွန်နစ်မဲပေးစက်   (MEVM)  ကို  အစိတ်အပိုင်း သုံးခုဖြင့်  ဖွဲ့စည်းတည်ဆောက်ထားပြီး ယင်းတို့မှာ (၁) ဆန္ဒပြုစက် (Ballot Unit – BU)၊  (၂)   ထိန်းချုပ်စက်  (Control Unit – CU)  နှင့် (၃) မဲပေးချက် ဖော်ပြသည့်စက် (Verification Unit – VU) တို့ဖြစ်ပါ သည်။ 

 


ဆန္ဒပြုစက်


ဆန္ဒပြုစက်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ပါဝင်ယှဉ်ပြိုင်ကြ မည့် ပါတီ/ တစ်သီးပုဂ္ဂလ  လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ အမည်၊ တံဆိပ်တို့ကို အက္ခရာစဉ်အလိုက်စီ၍  အမှတ်စဉ်တပ်ကာ ကပ်နှိပ်ထားမည် ဖြစ်ပါသည်။ ထိုသို့ ကပ်နှိပ်ထားသည့် ပါတီ/တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏  အမည်၊  တံဆိပ်နှင့် တစ်တန်းတည်းတွင်   ဆန္ဒပြုနိုင်မည့်ခလုတ်များ   ပါဝင်မည်  ဖြစ်ပါ သည်။ 

 


ထိန်းချုပ်စက်


ထိန်းချုပ်စက်တွင် မဲပေးခြင်းစတင်သည့် သို့မဟုတ် မဲပေးခြင်းကို ပိတ်သိမ်းသည့် ခလုတ် (On/Off) ၊ မဲပေးပြီးသော မဲဆန္ဒရှင် အရေ အတွက်ကို ဖော်ပြသည့် ခလုတ် (Total)၊ မဲပေးခြင်းကို ခွင့်ပြုပေးသည့် ခလုတ် (Ballot)၊ စမ်းသပ်မဲပေးချက်များကို ဖယ်ရှားပေးသည့် ခလုတ် (Clear)၊ မဲရလဒ်များ ဖော်ပြသည့်ခလုတ်(Result) နှင့် မဲရလဒ်များကို ပရင့်ထုတ်နိုင်သည့်  ခလုတ် (Print) များ ပါဝင်ပါသည်။ ယင်းခလုတ် များအနက်   စမ်းသပ်မဲပေးချက်များကို  ဖယ်ရှားပေးသည့် ခလုတ် (Clear)၊ မဲရလဒ်များဖော်ပြသည့်ခလုတ်(Result) နှင့် မဲရလဒ်များကို ပရင့်ထုတ်နိုင်သည့် ခလုတ် (Print) များရှိသည့် အပိုင်းကို မဲပေးခြင်း မစတင်မီ အများရှေ့မှောက်၌ပင် လုံခြုံရေးကြိုးဖြင့် ပိတ်ထားမည်ဖြစ် သည်။ မဲပေးခြင်းစတင်သည့် သို့မဟုတ် မဲပေးခြင်းကို ပိတ်သိမ်းသည့် ခလုတ် (On/Off) ၊ မဲပေးပြီးသော မဲဆန္ဒရှင် အရေအတွက်ကို ဖော်ပြ သည့်ခလုတ် (Total) နှင့်မဲပေးခြင်းကို   ခွင့်ပြုပေးသည့်   ခလုတ် (Ballot) တို့ကိုသာ မဲရုံဖွင့် နေချိန်၌ မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ကိုင်တွယ်အသုံးပြုနိုင်မည် ဖြစ်ပါ သည်။ မဲရုံမဖွင့်မီ မဲရုံသို့ ကြိုတင်ရောက်ရှိနေသည့် ပါတီ/တစ်သီးပုဂ္ဂလ    လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များက   စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်နိုင်ပြီး ယင်းစမ်းသပ်မဲပေးထားချက် နှင့်   မဲပုံးအတွင်းရှိ   ဆန္ဒမဲဖြတ်ပိုင်းများ၏ မဲပေးထားချက်များ၊ အရေ အတွက်များ  မှန်ကန်မှု ရှိ မရှိ၊  ထိုသို့  ရေတွက်ထားသည့် စမ်းသပ်မဲ ပေးထားချက်များနှင့် စမ်းသပ်မဲပေးထားသည့် ရလဒ်များဖော်ပြသည့် စက္ကူဖြတ်ပိုင်း၏ ဖော်ပြချက်များ ကိုက်ညီခြင်း  ရှိ မရှိ စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ ဆက်လက်၍ အများရှေ့မှောက်တွင် အဆိုပါ စမ်းသပ် မဲပေးထားချက်များကို  စက်အတွင်းနှင့်   မဲပုံးအတွင်း   ရှင်းလင်းပြီး ကြောင်း   ပြသမည်ဖြစ်ပြီး   ထိန်းချုပ်စက်ကို    လုံခြုံရေးကြိုးဖြင့် ပိတ်မည်ဖြစ်ပါသည်။ 

 


ထို့နောက် မဲပေးခြင်းစတင်သည့် ခလုတ်(On/Off) ကိုနှိပ်ကာ မဲပေးခြင်း စတင်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဆန္ဒပြုစက်ဖြင့် မဲဆန္ဒရှင်တစ်ဦးချင်းစီ  မဲပေးနိုင်ရန်အတွက် မဲရုံမှူး/မဲရုံအဖွဲ့ဝင်သည် မဲပေးခြင်းကို ခွင့်ပြုပေးသည့် ခလုတ် (Ballot) ကိုနှိပ်ကာ ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။ မဲပေးခြင်းပြီးဆုံး၍ မဲရုံပိတ်ပြီးနောက် မဲရုံမှူး သည် ထိန်းချုပ်စက်ရှိ မဲပေးခြင်းပိတ်သိမ်းသည့်ခလုတ် (On/Off) ကို နှိပ်မည်ဖြစ်ပါသည်။ ထိုသို့ မဲပေးခြင်းပိတ်သိမ်းသည့်ခလုတ်ကို နှိပ်ပြီး သည်နှင့်   နောက်ထပ်မဲပေးခြင်း   ဆောင်ရွက်နိုင်မည်   မဟုတ်ပေ။ ထို့နောက်   မဲရုံကိုယ်စားလှယ်များရှေ့မှောက်တွင်   ထိန်းချုပ်စက်ရှိ လုံခြုံရေးကြိုးများကို ဖယ်ရှား၍ အတွင်းပိုင်းရှိ မဲရလဒ်ထုတ်ယူသည့် ခလုတ်ကိုနှိပ်ကာ မဲရလဒ်များကို ပရင့်ထုတ်၍ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူတို့အား ပြသမည်ဖြစ်ပါသည်။ မဲရုံ ကိုယ်စားလှယ်များ အနေဖြင့်လည်း ယင်းရလဒ်များကို ကြည့်ရှုမှတ်သားနိုင်မည်ဖြစ်ပါသည်။

 


မဲပေးချက်ဖော်ပြသည့်စက်


မဲပေးချက်ဖော်ပြသည့်စက်ကို မဲပုံးနှင့် ပရင်တာတို့ဖြင့် တွဲဆက် တည်ဆောက်ထားပြီး မဲဆန္ဒရှင်တစ်ဦးက ဆန္ဒပြုစက်ရှိ ခလုတ်နှိပ်၍ မဲပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းတွင် ယင်းမဲဆန္ဒရှင် ဆန္ဒပြု လိုက်သည့် ပါတီ/တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၏ အမှတ်စဉ်၊ အမည်၊ တံဆိပ်တို့ကို  နှစ်လက်မအရွယ်အစားရှိသည့် စက္ကူဖြတ်ပိုင်းအနေဖြင့်    သုံးစက္ကန့်ခန့်   ထုတ်ဖော်ပြသပေးမည် ဖြစ်သည်။   ယင်းနောက်တွင်   အဆိုပါ   ဆန္ဒမဲစက္ကူ ဖြတ်ပိုင်းသည် အောက်ဘက်ရှိ မဲပုံးအတွင်းသို့ အလိုအလျောက်ကျဆင်းသွားမည်ဖြစ် သည်။ မဲပုံးနှင့်ပရင်တာကို လုံခြုံရေးကြိုးဖြင့် ချည်နှောင်၍ ပိတ်ထား မည်ဖြစ်ပါသည်။

 


မဲရုံအတွင်း၌ မဲပေးစက်နေရာချထားခြင်း


ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ကို လျှို့ဝှက်ဆန္ဒပြု ခန်းတွင်   တပ်ဆင်ထားမည်ဖြစ်ပြီး ထိန်းချုပ်စက်ကို စားပွဲပေါ်တွင် အများမြင်သာသည့်နေရာ၌ တပ်ဆင်ထားမည်ဖြစ်ပါသည်။ ထိန်းချုပ် စက်ကိုင်ဆောင်သည့် မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ထိန်းချုပ်စက်ပါ “Ballot” ခလုတ်ကို နှိပ်ပေးမှသာလျှင် မဲဆန္ဒရှင်တစ်ဦးသည် ဆန္ဒပြုစက်ပါ မိမိရွေးချယ်သည့် ခလုတ်ကိုနှိပ်၍ မဲပေးနိုင်မည် ဖြစ်ပါသည်။

 


မဲပေးစက်ဖြင့် မဲပေးခြင်း


မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် နိုင်ငံသားတစ်ဦးအနေဖြင့် လျှို့ဝှက် ဆန္ဒပြုခန်းတွင် တပ်ဆင်ထားသော ဆန္ဒပြုစက်တွင် မိမိဆန္ဒပြုလိုသည့် ပါတီ/တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမှတ်စဉ်၊ အမည်၊ တံဆိပ်တို့နှင့် တစ်တန်းတည်း တည့်တည့်တွင်ရှိသည့် ခလုတ် ကို   တစ်ကြိမ်နှိပ်၍   မဲပေးရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းနှင့် မှတ်ပုံတင်တို့ကို    တိုက်ဆိုင်စစ်ဆေးပြီးနောက်    ထိန်းချုပ်စက် ကိုင်ဆောင်သည့် မဲရုံအဖွဲ့ဝင်က “Ballot” ခလုတ်ကို နှိပ်ပြီးသောအခါ ဆန္ဒပြုစက်ဖြင့် မဲပေးနိုင်မည်ဖြစ်ပါသည်။ 

 


ဆန္ဒပြုစက်မှ မိမိနှစ်သက်ရာ ခလုတ်တစ်ခုကို  နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆန္ဒပြုစက်ဘေးတွင်   တပ်ဆင်ထားသော  မဲပေးချက် ဖော်ပြသည့်စက်မှ    မိမိမဲပေးလိုက်သည့်   ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမှတ်စဉ်၊ အမည်နှင့် တံဆိပ်တို့ ဖော်ပြထားသော  နှစ်လက်မ အရွယ်အစားရှိသည့် စက္ကူဖြတ်ပိုင်း အနေဖြင့် သုံးစက္ကန့်ခန့် ထုတ်ဖော်ပြသပေးမည်ဖြစ်ပြီး အဆိုပါဆန္ဒမဲ စက္ကူဖြတ်ပိုင်းသည် အောက်ဘက်ရှိ မဲပုံးအတွင်းသို့ အလိုအလျောက် ကျဆင်းသွားမည်ဖြစ်သည်။ 
မဲဆန္ဒရှင်တစ်ဦးသည် တစ်ကြိမ်သာလျှင် ခလုတ်နှိပ်၍ မဲပေးနိုင်ပြီး မပေးမီ သေချာစွာ  စဉ်းစားရွေးချယ်ရန်  လိုအပ်မည်  ဖြစ်ပါသည်။ တစ်ကြိမ်နှိပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ထပ်မံနှိပ်နိုင်မည် မဟုတ် ပေ။ အဆိုပါနှိပ်ခြင်းသည်လည်း ထိန်းချုပ်စက်ပါ မှတ်သားထားသည့် စနစ်၌ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။

 


မဲပေးစက်၏ လုံခြုံစိတ်ချရမှု


မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)  သည်  တိုက်ရိုက် မဲပေးသောစနစ်ဖြစ်သည်နှင့်အညီ  မဲရုံ၌  မဲဆန္ဒရှင်ပြည်သူများက  မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြု စက်ရှိ မိမိနှစ်သက်ရာ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းနှင့် တစ်တန်းတည်းရှိ ခလုတ်ကိုနှိပ်ကာ  မဲပေးနိုင်မည်ဖြစ် ပါသည်။  MEVM  ကို မိုက်ခရိုကွန်ထရိုလာ (Microcontroller)  ဖြင့် တည်ဆောက်ထားသဖြင့် ကွန်ပျူတာများကဲ့သို့  Operating  System (ဝင်းဒိုးစနစ်) ပါဝင်ခြင်း မရှိပေ။ အင်တာနက်စနစ် ပါဝင်ခြင်းမရှိသကဲ့သို့ မည်သည့် ကြိုးမဲ့စနစ် (Wi-Fi ၊ Bluetooth) များလည်း မပါဝင်သဖြင့် အင်တာနက်စနစ်၊ ကြိုးမဲ့စနစ်များမှတစ်ဆင့် နှောင့်ယှက်ခြင်း မပြု နိုင်ပေ။   ကိရိယာတစ်ခုနှင့်  တစ်ခုကိုလည်း   Cable   ကြိုးများဖြင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး    အဆိုပါကြိုးများသည်    သမားရိုးကျ  အသုံးပြုလျက်ရှိသော ကြိုးများ မဟုတ်ပေ။ မဲဆန္ဒရှင်တစ်ဦးသည်  မိမိမဲပေးထားချက်   မှန်/ မမှန်ကို   မဲပေးချက်   ဖော်ပြသည့်စက်မှ ထွက်ပေါ်လာသည့်   မဲစက္ကူဖြတ်ပိုင်းတွင်   ချက်ချင်းကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ 

 


မဲပေးခြင်း မစတင်မီ၌ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအနေဖြင့် စမ်းသပ်မဲပေး၍ စက်ကိုစမ်းသပ်နိုင်ပြီး စက်တွင် သိမ်းဆည်းထားသော ရလဒ်များနှင့် မဲပုံးအတွင်း စမ်းသပ်မဲပေးထားသော မဲစက္ကူဖြတ်ပိုင်းများ ကိုက်ညီမှု ရှိ မရှိလည်း စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ ထိုသို့ စမ်းသပ်စစ်ဆေးပြီးမှ သာ မဲရုံဖွင့်၍ မဲပေးခြင်း စတင်မည်ဖြစ်ပါသည်။ ထို့ပြင် ဘက်ထရီစနစ် အသုံးပြုထား၍   ပြင်ပလျှပ်စစ်ဓာတ်အား   လိုအပ်ခြင်းမရှိသဖြင့် ကျေးရွာများ၌ပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မဲရလဒ်များ သိမ်းဆည်း သည့်   ထိန်းချုပ်စက်သည်   လုံခြုံရေးကြိုးဖြင့်   ပိတ်ထားမည့်အပြင် မဲရုံအတွင်းရှိ   အများမြင်သာသောနေရာ၌   မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ကိုင်တွယ်အသုံးပြုမည် ဖြစ်ပါသည်။

 


မဲပေးစက်တွင် ရွေးကောက်ပွဲဝင် ပါတီ/တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းအပေါ်    မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီက ရွေးချယ်မဲပေးလိုက်သည့်   အရေအတွက်ကိုသာ  မှတ်သားထားမည် ဖြစ်ပြီး မည်သူမည်ဝါက မဲပေးသည်ဆိုသည့်အချက်ကို ထည့်သွင်းထား ခြင်းမရှိ၍ မဲဆန္ဒရှင်ပြည်သူတို့၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်ပေ။

 


မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ


ကျင်းပမည့်  ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ်မဲပေးစက် အသုံးပြုခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ပါသည် -


l    မဲလက်မှတ်များ ရိုက်နှိပ်ရခြင်းနှင့် ဆန္ဒပြုတံဆိပ်တုံး အသုံးပြု ရန်  မလိုအပ်ခြင်း။  (ရွေးကောက်ပွဲတစ်ကြိမ်  ကျင်းပမည် ဆိုပါက  မဲလက်မှတ်များ  ရိုက်နှိပ်ရခြင်းအတွက်  ကုန်ကျ စရိတ်မှာ   ၂၀၂၀ ပြည့်နှစ်၏  ကာလတန်ဖိုးဖြင့်  ငွေကျပ် ခြောက်ဘီလီယံခန့်  ကုန်ကျခဲ့ပြီး  ယခုကာလတန်ဖိုးဖြင့် ဆိုပါက ယင်းကုန်ကျစရိတ်ထက် ပိုမိုကုန်ကျမည် ဖြစ်ပါသည်။ အဆိုပါ ကုန်ကျစရိတ်တွင် ဆန္ဒပြုတံဆိပ်တုံးအတွက် ကုန်ကျ စရိတ် ကျပ်သန်း  ၅၀၀  ကျော် ပါဝင်ခြင်း မရှိသေးပေ။)
l    မဲလက်မှတ်များ ရိုက်နှိပ်ရခြင်းမရှိသည့်အတွက် မဲဆန္ဒနယ် များ   မှားယွင်း၍    မဲလက်မှတ်များ  ရောက်ရှိသွားခြင်းမျိုး ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။
l    မဲပုံးများ မလိုအပ်တော့ခြင်း၊ (ရွေးကောက်ပွဲတစ်ကြိမ် ကျင်းပ မည်ဆိုပါက   မဲပုံးများအတွက်  ကုန်ကျစရိတ်မှာ  ငွေကျပ် ၃ ဒသမ ၄ ဘီလီယံကျော် ကုန်ကျမည် ဖြစ်ပါသည်။)
l    ပယ်မဲများ မရှိတော့ခြင်း၊ (ပြောင်းလဲကျင့်သုံးမည့်  အချိုးကျ ကိုယ်စားပြုစနစ်တွင် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ မဲတစ်မဲသည် အလွန်အရေးကြီးသဖြင့်       ပယ်မဲမရှိနိုင်တော့ခြင်းသည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်   ပါတီများ/  တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများအတွက်        အလွန်အဖိုး ထိုက်တန်သော အကျိုးရလဒ်ပင် ဖြစ်သည်။ အချိုးကျစနစ် ဖြစ်၍  မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက်  ရသင့်သည့်မဲအရေအတွက်   မပြည့်မီစေကာမူ ကိုယ်စားလှယ်အရေအတွက် ကျန်ရှိနေသေးပါက ကြွင်းကျန် မဲများကို ပြန်လည်ရေတွက်ခြင်းစနစ်ဖြစ်၍   ပါတီ/  တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့ကို မဲပေး လိုက်သည့် မဲဆန္ဒရှင်တစ်ဦး၏ ဆန္ဒမဲသည် ပယ်မဲ မဖြစ်သွား ခြင်းသည် အလွန်အရေးကြီးလှပါသည်။ ယင်းအကျိုးကျေးဇူး ကို မဲပေးစက်အသုံးပြုခြင်းမှ ရရှိနိုင်မည် ဖြစ်ပါသည်။)


l    မဲရေတွက်မှုမြန်ဆန်ခြင်း၊ (သမားရိုးကျ မဲလက်မှတ်များဖြင့် မဲပေးခြင်းများတွင် မဲဆန္ဒရှင် တစ်ထောင်ကျော်ရှိသော မဲရုံ များ၌ မဲရေတွက်ခြင်းကို နာရီနှင့်ချီ၍ ဆောင်ရွက်ရသည်ကို တွေ့မြင်ဖူးကြမည်   ဖြစ်ပါသည်။   မဲပေးစက်ဖြင့်   မဲပေးခြင်း တွင် မဲရုံပိတ်ပြီးသည်နှင့် မဲရလဒ်များကို မိနစ်အနည်းငယ် အတွင်း သိရှိနိုင်ပါသည်။)
l    ရွေးကောက်ပွဲ တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်သဖြင့် ကုန်ကျ စရိတ် သက်သာလာခြင်းနှင့်
l    အထွေထွေရွေးကောက်ပွဲများတွင်သာမက    ကြားဖြတ် ရွေးကောက်ပွဲများ၊    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အတွက်    ပြုလုပ်သည့်   ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများနှင့်  စည်ပင်သာယာရွေးကောက်ပွဲများတွင်ပါ အသုံးပြုနိုင်သည့် အပြင် လွှတ်တော်တွင်း၌ ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရသည့် အခြေအနေမျိုးတွင်ပါ အသုံးပြုနိုင်ခြင်း။

 


နိဂုံး


မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)သည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏   စာတတ်မြောက်မှုနှုန်းများပေါ်   မူတည်၍  တီထွင် ထားခြင်းဖြစ်သည်နှင့်အညီ   အသုံးပြုရာတွင်   လွယ်ကူရိုးရှင်းသော မဲပေးစက်ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်    မဲပေးစက်နှင့်ပတ်သက်၍   အများပြည်သူထံသို့  ပညာပေးရေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် မီဒီယာများမှတစ်ဆင့် ဆောင်ရွက်ခြင်းအပြင် မဲပေးစက်အား ပြည်သူများအနေဖြင့်    လက်တွေ့စမ်းသပ်အသုံးပြုနိုင်ရေးအတွက် လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် မဲပေးစက်အသုံး ပြု၍   မဲပေးနိုင်ရန်အတွက်   လိုအပ်သည့်  ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းကိုလည်း   ဆောင်ရွက်လျက်ရှိပါသည်။   မဲပေးစက်ဖြင့် မဲပေးခြင်း၊   မဲရေတွက်ခြင်း၊   စမ်းသပ်မဲပေးခြင်းများ  အစရှိသည့် နည်းလမ်းများကို သက်ဆိုင်ရာလွှတ်တော် ဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းပြင်ဆင်သွားမည် ဖြစ်ပါသည်။ မဲရုံမှူးလက်စွဲများတွင်လည်း အသေးစိတ် ထည့်သွင်းသွားမည် ဖြစ်ပါသည်။ 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်      မဲပေးစက် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နည်းပညာများ တိုးတက်လာသောခေတ်နှင့်အညီ   မြန်မာနိုင်ငံ၏  ရွေးကောက်ပွဲ များတွင်လည်း      အကျိုးကျေးဇူးများလှသည့်     အီလက်ထရွန်နစ် မဲပေးစက်များ  အသုံးပြုခြင်းသည်  လွတ်လပ်၍  တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော  ရွေးကောက်ပွဲတစ်ရပ်   အောင်မြင်စွာ   ကျင်းပနိုင် ရေးတွင် ကြီးစွာသော အထောက်အကူဖြစ်စေမည်မှာ ဧကန်မလွဲပင် ဖြစ်ပါသည်။        ။