အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်

Type

 

ဗိုလ်ကြည်(အား/ကာ)

 

နိုင်ငံတစ်နိုင်ငံကို             ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရာတွင်         “အားကစားဆိုသည့်  အရာကို ချန်ထားခဲ့၍မရနိုင်ပါ”။ 


နိုင်ငံတစ်နိုင်ငံ     ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်  အချက်ကြီး သုံးချက်ကို အခြေခံ၍ တည်ဆောက်ကြရမည်ဖြစ်ပြီး ထိုအချက်များထဲမှ လူမှုရေးအချက်အဖြစ် အကျုံး ဝင်သော “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး”  အချက်ပါဝင်ပါသည်။  နိုင်ငံ့ အနာဂတ်ထွန်းလင်းတောက်ပ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အဆိုပါတိုင်းပြည်ရှိ နိုင်ငံသားများ ကျန်းမာ ကြံ့ခိုင်၍    ပညာရည်ပြည့်ဝကာ   စိတ်ဓာတ်ရေးရာ ကောင်းမွန်ပြီး        ဗလငါးတန်နှင့်      ပြည့်စုံနေရန် အရေးကြီးပါသည်။ အထူးသဖြင့် နိုင်ငံ၏ တာဝန်ကို ပခုံးပြောင်း    တာဝန်ထမ်းဆောင်ကြမည့်    လူငယ် လူရွယ်များသည်    ကျန်းမာကြံ့ခိုင်၊   အရည်အချင်း ပြည့်ဝနှလုံးလှ၍  စိတ်ဓာတ်ကောင်းမွန်မှသာလျှင် နိုင်ငံ၏   အဖိုးတန်ရတနာအဖြစ်    တည်ရှိနိုင်မည် ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ  ပြည်သူများ  ကျန်းမာ ကြံ့ခိုင်ပြီး      နိုင်ငံ၏လူ့စွမ်းအားများ   ကောင်းမွန် ဖွံ့ဖြိုးတိုးတက်ရန်အတွက်     အဓိကစွမ်းဆောင်ပေး နိုင်သည်မှာ “အားကစား” ပင် ဖြစ်ပါသည်။


အားကစားဆိုသည့် အဓိပ္ပာယ်


အားကစားဆိုသည့် အဓိပ္ပာယ်သည်  “ အင်အား နှင့်ဉာဏ်ရည်ကို        အသုံးချပြီး     ယှဉ်ပြိုင်မှုကို အားကစား ” ဟု ခေါ်သည်   (Sport  is  Game or Competition Involving Physical and Mental Activities)။ အားကစားသည် လူတစ်ဦးချင်းဖြင့်သော် လည်းကောင်း      စုပေါင်းပြီး     အသင်းလိုက်သော် လည်းကောင်း အားကစားတစ်မျိုးမျိုးကို နည်းစနစ် မှန်မှန်    စနစ်တကျ   လှုပ်ရှားဆောင်ရွက်ခြင်းပင် ဖြစ်သည်။     အားကစားပြုလုပ်မှုသည်    ကိုယ်လက် လှုပ်ရှားမှု ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားနိုင်သည့် အရွယ်မှစ၍     အသက်အရွယ်ကြီးမြင့်ပြီးနောက် ကောင်းမွန်စွာ   လှုပ်ရှားနိုင်သည်အထိ    မည်သူမဆို ဆောင်ရွက်နိုင်သော အရာပင်ဖြစ်သည်။ 


နိုင်ငံအတွင်းရှိ           ကျောင်းသားလူငယ်များ အနေဖြင့်   အားကစားကို   ငယ်စဉ်ကပင်    စိတ်ပါ ဝင်စားစွာ    ကစားစေခြင်းဖြင့်     ကျန်းမာကြံ့ခိုင်ခြင်း၊ ကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊   စားဝင်အိပ်ပျော် ခြင်း၊ စိတ်ရွှင်လန်းခြင်း၊ ဉာဏ်ရည်မြင့်မားခြင်း၊ မိမိကိုယ်ကို    ယုံကြည်မှုမြင့်မားခြင်း၊    မိတ်ဆွေ သင်္ဂဟပေါများခြင်း၊    အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်နိုင်ခြင်း၊     နိုင်ငံတကာ      ပြိုင်ပွဲများတွင် ဆုတံဆိပ်ရပါက နိုင်ငံဂုဏ်ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်မည်ဖြစ်သည်။ 


ကျောင်းသားလူငယ်များသည်       ငယ်စဉ်ဘဝ ကပင် အားကစားကို လိုက်စားခြင်းအားဖြင့် အချိန် ကို အကျိုးရှိစွာ အသုံးချတတ်လာပြီး  အားလပ်ချိန်တွင်  အားကစားပြုလုပ်ခြင်းဖြင့် ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊      မူးယစ်ဆေးဝါး သုံးစွဲခြင်း၊    ကွန်ပျူတာဂိမ်းဆော့ခြင်းနှင့်    အခြား မကောင်းသောအရာများမှလည်း              ကာကွယ် တားဆီးပေးနိုင်ပါသည်။


ကျန်းမာကြံ့ခိုင်စေသော ဘဝများ


အားကစားပြုလုပ်ခြင်းကြောင့်    လူအများနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်း၊   အနိုင်မခံ  အရှုံး မပေးသော    စိတ်ဓာတ်ကို    လေ့ကျင့်မှုရရှိစေခြင်း၊ စည်းမျဉ်း/      စည်းကမ်း   ဥပဒေဘောင်အတွင်းမှ  အနိုင်ရယူတတ်ခြင်း၊      မိမိကိုယ်ကို    လေးစားမှု စွမ်းရည်တိုးတက်လာခြင်း၊     စိတ်ဖိစီးမှုလျော့ကျ စေခြင်း၊   တရားမျှတမှုကို  ခုံမင်နှစ်သက်လာခြင်း၊ အချိန်ကို    လေးစားတတ်လာခြင်း၊    လူတစ်ဦးနှင့် တစ်ဦး    လေးလေးစားစား   အပြန်အလှန်ဆက်ဆံ တတ်ခြင်း၊     အရှုံးကိုလက်ခံပြီး   ကောင်းမွန်စွာ ပြန်လည်တုံ့ပြန်နိုင်ခြင်းစသည့်     အကျိုးကျေးဇူး ကောင်းများကို ရရှိမည်ဖြစ်ပြီး လူ့ဘဝတစ်လျှောက် လုံး    စိတ်ဓာတ်ရေးရာဆိုင်ရာ   အရည်အချင်း ကောင်းများအပြင်          ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စေသော  ဘဝများ ရရှိနိုင်မည်ဖြစ်သည်။


ယနေ့ကမ္ဘာရှိ    နိုင်ငံရေး၊      စီးပွားရေးဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံကြီးအားလုံးသည် တိုင်းပြည် တည်ဆောက်ခဲ့ကြရာတွင် လူငယ်ကဏ္ဍကို  အထူး အလေးပေးဆောင်ရွက်ခဲ့ကြပြီး     အရည်အသွေး ပြည့်ဝသော လူငယ်မျိုးဆက်သစ်များကို  စဉ်ဆက် မပြတ် မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ အများစုနိုင်ငံများမှာ ကျောင်းသားလူငယ်ဘဝမှာပင် ကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံပညာကျောင်း များတွင်     အားကစားပြုလုပ်ရန်    အားကစားချိန် ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း   တွေ့ရှိရ သည်။ 


အားကစားဘာသာရပ်များ၊  အားကစားနည်း အလိုက်       နည်းပြများ     စနစ်တကျခန့်အပ်၍ ကျောင်းသားလူငယ်များအား     နည်းစနစ်ကျကျ အားကစားပြုလုပ်ခြင်းများ     ဆောင်ရွက်သည်ကို တွေ့ရှိရမည်ဖြစ်သည်။


အားကစားအမျိုးအစား လေးမျိုး


ပြည်သူများ   အားကစားကို   လှုပ်ရှားဆောင်ရွက် ရာတွင်    အားကစားအမျိုးအစား    လေးမျိုးခွဲခြား သတ်မှတ်ထားရှိသည်။      ၎င်းတို့မှာ    အပန်းဖြေ အားကစား   (Leisure Sport)၊   ရိုးရာအားကစား (Traditional    Sport)၊     ယှဉ်ပြိုင်အားကစား (Competitive Sport)၊   လူထုအားကစား    (Mass Sport) တို့ဖြစ်သည်။ 


လူထုအားကစား


လူထုအားကစားအမျိုးအစားသည်        နိုင်ငံ အတွက်    အထူးအရေးပါအရာရောက်    အကျိုးပြု သော   အားကစားအမျိုးအစားဖြစ်သည်။    လူထု အားကစား၏အဓိပ္ပာယ်သည်     ငွေကြေးကုန်ကျမှု နည်း၍ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး လွယ်လင့် တကူ     စုပေါင်းလေ့ကျင့်နိုင်သော      ကိုယ်လက် လှုပ်ရှားမှုကို       ဆိုလိုသည်။    လူထုအားကစား ရည်ရွယ်ချက်သည်          “လူတစ်ဦး   အားကစားမှ လူတစ်စုအားကစား၊ လူတစ်စုအားကစားမှ ပြည်သူ လူထု အားကစားသို့” ဖြစ်ပြီး ပြည်သူလူထုများ ပါဝင်ကစားလာစေရန်   ပညာပေးခြင်း၊    လှုံ့ဆော် ခြင်း၊ သရုပ်ပြခြင်းတို့ကို ရည်ရွယ်သည်။


လူထုအားကစားတွင်      လူတစ်ဦးချင်းမှအစ လူအများပါဝင်လှုပ်ရှားလာစေသော နည်းလမ်းသည် လမ်းလျှောက်ခြင်းပင်ဖြစ်သည်။    လူတစ်ဦးသည် ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းမှ အပေါင်း အသင်းများစုဝေး၍   တဖြည်းဖြည်းလမ်းလျှောက် လာမည်။ ၎င်းမှတစ်ဆင့်  လူအများပါဝင်   စုပေါင်း ဆောင်ရွက်ခြင်းဖြင့်          ပြည်သူများကိုယ်လက် လှုပ်ရှားမှု ပြုလုပ်လာမည်ဖြစ်သည်။ လမ်းလျှောက် ခြင်းမှတစ်ဆင့် အခြားအားကစားနည်းတစ်ခုခုကို ပြုလုပ်ရန်    စိတ်ပါဝင်စားလာပြီး    ဝါသနာပါသည့် အားကစားနည်းကို ဝါသနာတူရာ  အပေါင်းအသင်း များစုစည်း၍   စိတ်ပါဝင်စားစွာ   လှုပ်ရှားကစား လာမည်ဖြစ်သည်။ 


ထိုသို့စိတ်ပါဝင်စားမှုမှအစပြု၍    အချိန်မှန်မှန် မိမိဝါသနာပါသော အားကစားကို အပေါင်းအသင်း များနှင့်   လှုပ်ရှားဆောင်ရွက်သော အလေ့အကျင့် ရမည်ဖြစ်သည်။      နိုင်ငံအတွင်းရှိ    ပြည်သူများ လူထုအားကစားကို စိတ်ပါဝင်စားစွာ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုကို ငွေကြေးကုန်ကျမှုမရှိဘဲ ရရှိမည်ဖြစ်ပြီး လူငယ်များ ကလည်း ဝါသနာပါရာ အားကစားနည်းကို စုပေါင်း ဆောင်ရွက်လာခြင်းဖြင့် အားကစားနည်းအလိုက် ထူးချွန်သော   မျိုးဆက်သစ်    အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့လက်ရွေးစင်     အားကစားသမားများအဖြစ် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိ၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည်ဖြစ်သည်။


လူထုအားကစားကို အခြေခံနိုင်မှသာ


နိုင်ငံတော်၏    အားကစားအောင်မြင်မှု     ရရှိ လိုပါက လူထုအားကစားကို   အခြေခံပြီး   အောင်မြင် အောင် ဆောင်ရွက်နိုင်မှသာလျှင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ၁၉၅၈  ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သည့် အားကစားနှင့်ကာယပညာကော်မတီသည် လူထုအားကစားကို စတင်အကောင်အထည်ဖော် ခဲ့ပြီး  ပြည်သူတစ်ရပ်လုံး  အားကစားကို  တစ်ဦးချင်း စီမှ    အစပြု၍    စုပေါင်းလှုပ်ရှားလာပြီး     နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်         ဆောင်ရွက်လာကြသဖြင့် ထိုကာလများမှစ၍ မြန်မာ့အားကစား အောင်မြင်မှု များ    ဆက်တိုက်ရရှိကာ   အားကစားရွှေခေတ်ကို ဖော်ဆောင်နိုင်ခဲ့သည်။


၁၉၆၁      ခုနှစ်နှင့်     ၁၉၆၉    ခုနှစ်တို့တွင် အရှေ့တောင်အာရှကျွန်းဆွယ်   အားကစားပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့်   ပထမရရှိခဲ့သည်ကို   တွေ့ရမည်ဖြစ်သည်။ အအောင်မြင်ဆုံး    အားကစားနည်းမှာ  ဘောလုံး အားကစားနည်းဖြစ်ပြီး အာရှအားကစားပြိုင်ပွဲတွင် ၁၉၆၆ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ် ချန်ပီယံနှစ်ကြိမ်၊ အာရှ ဖလား   ဘောလုံးပြိုင်ပွဲ   ၁၉၆၇  ခုနှစ်   ဒုတိယဆု၊ ၁၉၇၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု၊ အာရှလူငယ်ချန်ပီယံ     ရှစ်ကြိမ်၊        ကျွန်းဆွယ် ချန်ပီယံငါးကြိမ်နှင့်        အခြားသောနိုင်ငံများ၏ ဖိတ်ခေါ် ဖလားပေါင်းများစွာရရှိပြီး အောင်မြင်မှု များကို မှတ်တမ်းစိုက်ထူခဲ့သည်။  


နိုင်ငံ့ဂုဏ်ကို ဆောင်ခဲ့ကြသူများ


ထူးချွန်ဘောလုံးကစားသမားများစွာ ပေါ်ထွက် လာခဲ့ပြီး ဗဟာဒူး၊ (ဂိုး) တင်အောင်နှင့် မောင်မောင် တို့မှာ အာရှလက်ရွေးစင်အထိ  ရွေးချယ်ခံခဲ့ရသည်။ အခြားအားကစားနည်းများဖြစ်သော      ရေကူး အားကစားနည်းမှ      တင်မောင်နီ၊    နန္ဒကျော်စွာ၊ အလေးမ       အားကစားနည်းမှ     ထွန်းမောင်၊ မောင်မောင်လွင်၊           လက်ဝှေ့အားကစားနည်းမှ တင်ထွန်း၊    အောင်ကို၊  မောင်ညွန့်၊   ပြေးခုန်ပစ် အားကစားနည်းမှ မီတုန်းနော်၊ ဂျင်နီဖာတင်လေး၊ မြင့်မြင့်အေး၊ ရှင်မွေးဂမ်း  သေနတ်ပစ်အားကစား နည်းမှ   ဗိုလ်မှူးကျော်ရှိန်၊   ဗိုလ်မှူးခင်မောင်မြင့် စသည့် အားကစားသမားများသည်   မြန်မာနိုင်ငံ အတွက်         အရှေ့တောင်အာရှကျွန်းဆွယ်တွင် ဆုတံဆိပ်များရရှိရုံသာမက          အာရှအဆင့်ထိ ဆုတံဆိပ်များ        အလီလီဆွတ်ခူးပြီး     မြန်မာ့ အားကစားကို   အာရှအဆင့်ထိသာမက   ကမ္ဘာ့ အဆင့် အိုလံပစ်အားကစားပြိုင်ပွဲအထိ အောင်မြင် စွာ ထိုးဖောက်၍ နိုင်ငံ့ဂုဏ်ကို ဆောင်ခဲ့ကြသူများ ပင်ဖြစ်သည်။ 


ထိုကဲ့သို့    မြန်မာအားကစား   အောင်မြင်မှုရရှိ ခဲ့သော ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ၁၉၈၀ ပြည့်နှစ် အထိ   ပတ်ဝန်းကျင်ကာလအတွင်း   မြန်မာနိုင်ငံရှိ ပြည်သူများ  အားကစားကို  အောက်ခြေအဆင့်မှစ၍ လူထုအားကစားလှုပ်ရှားမှုများ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊   ခရိုင်၊   တိုင်း၊     ဝန်ကြီးဌာနအဆင့်ဆင့် အားကစားပြိုင်ပွဲများ   စနစ်တကျ အကောင်အထည် ဖော်   ဆောင်ရွက်ခဲ့ခြင်း၊ ကျောင်းသားအားကစား ပြိုင်ပွဲများ စနစ်တကျကျင်းပခဲ့ခြင်း၊  အခြေခံပညာ ကျောင်းများတွင် ကာယအချိန် (PT) အချိန်အပြည့် အဝအသုံးချခြင်း စသည့်အချက်များသည်   မြန်မာ နိုင်ငံ၏   အားကစားကို   အောင်မြင်မှုရရှိစေခြင်း၏ အဓိကအချက်တစ်ခုဖြစ်သည်ကို တွေ့ရပေမည်။


နိုင်ငံတော်၏ဂုဏ်ကို အထူးမြင့်တက်စေ


အားကစားအောင်မြင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကို     အထူးမြင့်တက်စေသည်။     နိုင်ငံတကာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိ၍  မိမိနိုင်ငံ၏အလံကို နိုင်ငံတကာအလယ်တွင်        ဝင့်ဝင့်ကြွားကြွားဖြင့်  လွှင့်တင်၊     နိုင်ငံတော်အလံကို      နိုင်ငံတကာမှ အခမ်းအနားတက်ရောက်သူအားလုံး   အလေးပြု၊  နိုင်ငံတော်သီချင်း     သီဆိုဂုဏ်ပြုခွင့်ရရှိချိန်သည် အားကစားသမားများ          မျက်ရည်ကျသည်အထိ ကြည်နူးဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပြီး နိုင်ငံတော် အတွက် အထူးဂုဏ်ယူစရာနှင့် ဂုဏ်သိက္ခာမြှင့်တင် နိုင်ခြင်းဖြစ်ပေသည်။


နိုင်ငံတစ်နိုင်ငံ၏ အားကစားသည်  သက်ဆိုင်ရာ နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မားစေမှုမှာ  ဘောလုံး အားကစားဟုဆိုလိုက်လျှင်           ဘရာဇီးနိုင်ငံကို အားလုံးသတိရသလို      ဂေါက်သီး၊    ဘေ့စ်ဘော၊ ဘတ်စကက်ဘောဆိုလျှင်        အမေရိကန်နိုင်ငံ၏ အမှတ်တံဆိပ်ဖြစ်ပါသည်။         လက်ဝှေ့ဆိုလျှင် ကျူဘား၊ ရေခဲပြင်စကိတ်ဆိုလျှင်  ရုရှား၊ အာရှ နိုင်ငံများတွင်  ဂျူဒိုဆိုလျှင်   ဂျပန်၊   ကြက်တောင် ဆိုလျှင် အင်ဒိုနီးရှား၊ ဝူရှူး၊ စားပွဲတင်တင်းနစ်ဆိုလျှင်  တရုတ်နိုင်ငံ၊ အပြေးမှာ  တာတိုဆိုလျှင် ဂျမေကာ၊ မာရသွန်ဆိုလျှင်   အီသီယိုပီးယားနိုင်ငံကို   ယှဉ်တွဲ သိကြပြီး အားကစားပြယုဂ်သည် နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုများစွာ မြှင့်တင်ပေးနိုင်သည်။


ကမ္ဘာ့နိုင်ငံများတွင်     နိုင်ငံတကာအားကစား ပြိုင်ပွဲများကို     အိမ်ရှင်အဖြစ်    လက်ခံကျင်းပခွင့် ရသောနိုင်ငံများသည်    နိုင်ငံအတွင်းရှိ   စီးပွားရေး လုပ်ငန်းများထဲမှ ဟိုတယ်နှင့်  ခရီးသွားဝန်ဆောင် မှု   လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊   မီဒီယာလုပ်ငန်းများကို များစွာ   ဖွံ့ဖြိုးတိုးတက်စေပြီး    အားကစားပွဲများ လက်ခံကျင်းပမှုကြောင့်   အားကစားနည်းအလိုက် အားကစားအဆောက်အအုံများစွာ    ပိုင်ဆိုင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ ပြည်သူများ အားကစားဆောင်ရွက်ရန်   အားကစား ကွင်း၊ အားကစားရုံများ ပိုမိုများပြားလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။


နိုင်ငံအတွင်းရှိ ပြည်သူများ ဆင်းရဲချမ်းသာမရွေး၊ တိုင်းရင်းသားမရွေး၊    အားကစား   အောင်နိုင်ရေး ဝိုင်းဝန်းအားပေးကြရာတွင် နိုင်ငံအတွင်းရှိ ပြည်သူ များ   တစ်စိတ်တစ်ဝမ်းတည်းရှိနေခြင်းကို    ၂၀၁၃ ခုနှစ်   မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ ခဲ့သည့်      (၂၇)  ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပွဲက  သက်သေပင်ဖြစ်သည်။    ထိုကာလ အတွင်း မြန်မာပြည်သူများသည် မြန်မာ့အားကစား သမားများ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ကစားနေမှုနှင့် ပြိုင်ပွဲဖွင့်ပွဲနှင့် ပိတ်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုကို တစ်ခဲနက် အားပေးခဲ့ကြပြီး တိုင်းရင်းသားပြည်သူပေါင်းစုံတို့၏  စည်းလုံးညီညွတ်မှုနှင့်   ဇာတိသွေး၊ ဇာတိမာန်ကို ပြသနိုင်ခဲ့သောပွဲဖြစ်ခဲ့သည်။ 


ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာ‌‌ရေး


ယနေ့ကမ္ဘာကြီးသည်         တိုးတက်လာသော နည်းပညာများအရ ဇိမ်ခံမော်တော်ကား၊ လေယာဉ်၊ သင်္ဘော၊  တီဗွီ၊   ကွန်ပျူတာ၊   မိုဘိုင်းဖုန်းစသည့် ပစ္စည်းများကိုသုံးစွဲလာပြီး လူနေမှုပုံစံများပြောင်းလဲ လာကြသော်လည်း       ယာဉ်၊      ရထားစီးနင်းပြီး နေ့စဉ်လုပ်ငန်းခွင်ဝင်ရောက်ရာတွင်  ယာဉ်ကြော ပိတ်ဆို့မှုများကြောင့်      လုပ်ငန်းခွင်       အချိန်မီ ဝင်ရောက်နိုင်ရေးနှင့် ရုံးပြန်နောက်ကျမှုတို့ကြောင့် ကိုယ်ပိုင်အချိန်     နည်းပါးလာခြင်း၊    အားကစား ပြုလုပ်ရန် ကိုယ်ပိုင်အချိန်မရှိသလောက်    ရှားပါး လာခြင်း၊ ယနေ့ခေတ်   စားသုံးမှုအစားအစာများ တွင်လည်း   တာရှည်ခံဓာတုဗေဒဆေးဝါးများ ပါဝင် လာခြင်း၊   အဆီအဆိမ့်များကို   ပိုမိုစားသောက် လာခြင်း၊ ကွမ်းယာ၊ ဆေးလိပ်နှင့်  အရက်သေစာများ သုံးစွဲမှုများပြားလာခြင်း၊         လူငယ်များအကြား စိတ်ကြွဆေးပြားများနှင့်      မူးယစ်ဆေးဝါးများ ထိုးဖောက်ဝင်ရောက်လာခြင်းတို့ကြောင့် မကူးစက် နိုင်သော    ရောဂါကြီးများဖြစ်ကြသည့်    သွေးတိုး၊ ဆီးချို၊     နှလုံးရောဂါ၊    ကင်ဆာရောဂါအမျိုးမျိုး၊ အဝလွန်ရောဂါ၊ အရိုးပွရောဂါ၊ စိတ်ကျရောဂါစသည့် ရောဂါအမျိုးမျိုးတို့     ဖြစ်ပွားလာပြီး     သေဆုံးမှု နှုန်းထားမြင့်တက်လာမှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၀၈ ခုနှစ် စစ်တမ်းများအရ အသက် ၁၅ နှစ်နှင့်အထက် ကမ္ဘာ့ လူဦးရေ၏ ပျမ်းမျှ ၃၁ ရာခိုင်နှုန်း (ကျား ၂၈ ရာခိုင်နှုန်း၊ မ    ၃၄  ရာခိုင်နှုန်း) သည်    ကျန်းမာရေးအတွက် လုံလောက်သော  ကိုယ်လက်လှုပ်ရှားမှု (Physical Activity)      မပြုလုပ်ကြဟု     ဖော်ပြထားသည်။ တစ်နေ့လျှင်  ငါးနာရီနှင့်အထက် ဆက်တိုက်ထိုင်၍ လှုပ်ရှားမှုမရှိဘဲ          အလုပ်လုပ်နေသူများသည် မကူးစက်နိုင်သောရောဂါများဖြစ်ပွားရန်   သေချာ သလောက်ရှိနေမည်ဖြစ်သည်။     နေ့စဉ်လူတစ်ဦး သည်    ကိုယ်လက်လှုပ်ရှားမှု    မိနစ်     ၃၀    ခန့်နှင့်  တစ်ပတ်လျှင်    မိနစ်   ၁၅၀   ခန့်   အနည်းဆုံး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် လိုအပ်ပါ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အကြံပြု ထားသည်။   ကိုယ်လက်လှုပ်ရှားမှု   နည်းပါးလာ ခြင်းကြောင့် ကမ္ဘာပေါ်၌  နှစ်စဉ်လူဦးရေ  ၃၆ သန်း သည် အထက်ဖော်ပြပါ မကူးစက်နိုင်သော   ရောဂါ များကြောင့် နှစ်စဉ်သေဆုံးလျက်ရှိပြီး  မြန်မာနိုင်ငံ ၌လည်း   သေဆုံးသူဦးရေ   ၅၉    ရာခိုင်နှုန်းသည်   မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်သည်။


 ထိုသို့ ပြောင်းလဲလာသော   လူနေမှုပုံစံများနှင့် ကျန်းမာရေးအခြေအနေကို ကာကွယ်ရန် အချက်မှာ နိုင်ငံအတွင်းရှိ    ပြည်သူများ  ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည်သာ     အကောင်းဆုံး ဖြစ်သည်။  ကျန်းမာရေးအတွက် ပြည်သူများသည် မိမိ၏ကိုယ်ပိုင်အချိန်ထဲမှ        ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်မျိုးမျိုး            (သို့မဟုတ်)လမ်းလျှောက်ခြင်းစသည်တို့ကို         မဖြစ်မနေ ဆောင်ရွက်သင့်သည်။    နိုင်ငံတော်အနေဖြင့်လည်း ပြည်သူများ၏  ကျန်းမာရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်    အားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် နည်းလမ်းမျိုးစုံ ဖြင့်     လူထုအားကစားကို     အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်သည်။ 


 အားကစားပိုမိုပြုလုပ်နိုင်ရန်


ပြည်သူများ     အားကစားပိုမိုပြုလုပ်နိုင်ရန် အားကစားကွင်း/ရုံများ၊ ဥယျာဉ်နှင့်  ပန်းခြံများကို ဖန်တီးတည်ဆောက်ပေးခြင်း၊ နိုင်ငံတစ်ဝန်း မြို့နယ် များအလိုက် Out Door Fitness များတပ်ဆင်ပေး ခြင်း၊    ဝန်ကြီးဌာနအလိုက်    ကိုယ်လက်လှုပ်ရှား အားကစားကို          အချိန်ပေးဆောင်ရွက်စေခြင်း၊ အခြေခံပညာကျောင်းများနှင့်    အဆင့်မြင့်ပညာ တက္ကသိုလ်များတွင်    အားကစားချိန်ကို   အမှန် တကယ်    အကျိုးရှိရှိဆောင်ရွက်စေခြင်း၊    တိုင်း/ ခရိုင်/  မြို့နယ်အလိုက် လူထုအားကစားလှုပ်ရှားမှု များကို ဒေသအာဏာပိုင်များကဦးစီး၍ စနစ်တကျ ဆောင်ရွက်စေခြင်းတို့ဖြင့်       ပြည်သူအများ အားကစားလှုပ်ရှားမှုဖြင့်    ကျန်းမာကြံ့ခိုင်စေပြီး စိတ်ရွှင်လန်း၍    လုပ်ငန်းခွင်အတွင်းနှင့်   မိသားစု ဘဝပါ ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်သည်။


နိုင်ငံတော်အတွက်    နိုင်ငံတကာ   အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ အားကစားအဖွဲ့များ အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက်  လူထုအားကစားကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး ဆောင်ရွက်ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အောက်ခြေအဆင့် အားကစားပြိုင်ပွဲများအပြင်     နှစ်စဉ်အားကစား ပြက္ခဒိန်အလိုက် ပုံမှန်ကျင်းပပေးခြင်း၊ အခြေခံပညာ ကျောင်းများတွင် အားကစားချိန်များသင်ကြားပေး ခြင်း၊   အခြေခံပညာကျောင်းပေါင်းစုံ   ပြိုင်ပွဲများ၊ တက္ကသိုလ်ပေါင်းစုံ              အားကစားပြိုင်ပွဲများ၊ ကျောင်းသားအားကစားပြိုင်ပွဲများကို  စနစ်တကျ ကျင်းပပေးခြင်း၊    လက်ရွေးစင်အားကစားသမား များ မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊  ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ အားကစားအဖွဲ့ချုပ် အလိုက်     တံခွန်စိုက်ပြိုင်ပွဲများနှင့်     အမျိုးသား အားကစားပြိုင်ပွဲများကို     ပြန်လည်၍ကျင်းပပေး နိုင်ရန် အထူးလိုအပ်သည်။ 


ထို့ပြင်    နိုင်ငံတကာ   အားကစားပြိုင်ပွဲများ လက်ခံကျင်းပခြင်း၊ နိုင်ငံတကာအားကစားနည်း အလိုက်     ထူးချွန်သောနိုင်ငံများနှင့်    ပူးပေါင်း လေ့ကျင့်စေခြင်း၊      အားကစားနှင့်     ပညာရေး ပေါင်းစပ်၍         ကျောင်းသားလူငယ်များအကြား အားကစားကို စိတ်ပါဝင်စားအောင်   ဆောင်ရွက် ပေးခြင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအောက်ရှိ အားကစားအဖွဲ့ချုပ်အသီးသီးကို      ခိုင်မာအောင် ဖွဲ့စည်းပြီး အဖွဲ့ချုပ်တစ်ခုချင်းစီနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့       ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်စေခြင်း၊      အားကစားနှင့် ပတ်သက်၍   မီဒီယာကဏ္ဍကို အသုံးချ၍ ပြည်သူ လူထုကို   စည်းရုံးဆွဲဆောင်စေခြင်း၊   အောင်မြင်မှု ရရှိသော    နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဘဝအာမခံချက်ရရှိစေရန် နိုင်ငံတော်မှ ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း၊  နိုင်ငံတော်၏ဂုဏ်ကို  အားကစား ဖြင့် မြှင့်တင်ခဲ့ကြသော  အားကစားသမားဟောင်း ကြီးများအား ဆုကြေးပင်စင်များ ချီးမြှင့်ခြင်းစသည့် ဆောင်ရွက်ချက်များကို    အားသွန်ခွန်စိုက် စဉ်ဆက် မပြတ်    ဆောင်ရွက်ခြင်းဖြင့်     မြန်မာ့အားကစား အောင်မြင်မှု ရရှိနိုင်မည်ဖြစ်သည်။


အချုပ်ဆိုရသော်   အားကစားသည်    နိုင်ငံနှင့် လူမျိုးအတွက် ဂုဏ်သိက္ခာ၊ အရှိန်အဝါ ကြီးမားသော ပုံရိပ်ဖြစ်သည်သာမက         နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊  ကာကွယ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင် ရေးကိုပါ များစွာအထောက် အကူပြုသောအရာပင် ဖြစ်သည်။  အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက် ခြင်းသည်   နိုင်ငံတော်ကို    ကာကွယ်စောင့်ရှောက် ခြင်းပင်ဖြစ်သည်။    အားကစားကဏ္ဍ    မြှင့်တင်ရာ တွင် နိုင်ငံတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာအောင် လူထုအားကစားကို  အခြေခံထား ၍ စနစ်တကျ အောက်ခြေအဆင့်ဆင့်မှ အမျိုးသား ရေး အသွင်ဖြင့် အာရုံစူးစိုက်အကောင်အထည်ဖော် မြှင့်တင်ဆောင်ရွက်သင့်ပေသည်။  သို့မှသာ  နိုင်ငံ့ အားကစားကဏ္ဍမြင့်တက်လာပြီး ပြည်သူတစ်ရပ် လုံး   ကျန်းမာကြံ့ခိုင်သော  ဘဝပိုင်ဆိုင်ပြီး   နိုင်ငံ တကာအလယ်တွင် နိုင်ငံ၏အားကစား  အောင်မြင် မှုဖြင့်   နိုင်ငံနှင့်လူမျိုး၏    ဂုဏ်ကိုမြင့်တက်စေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။


ကျမ်းကိုးစာရင်း
(၁) နေ့စဉ်ထုတ်သတင်းစာ
(၂) မြန်မာနိုင်ငံအားကစားသမိုင်းစာအုပ်