
ဇင်ငြိမ်း
သတင်းနဲ့ နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့ မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်း ရဲ့ နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမား ပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ ပိုပြီးလည်း အသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုကို ဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီး အားကိုးနေရပါတယ်။
တိုးတက်လာတဲ့ ခေတ်ကြီးမှာ လူတွေရဲ့လိုအပ် ချက်တွေ မြင့်မားလာတာကို နည်းပညာနဲ့ ဆက်သွယ် ရေးစနစ်တွေက ဖြည့်ဆည်းပေးနိုင်တာကြောင့် အခုဆိုရင် လူတိုင်းရဲ့ နေ့စဉ်ဘဝတွေဟာ နည်းပညာ အပေါ်မှာ ပိုမိုမှီခိုနေကြရပြီး လွတ်ကင်းလို့ မရနိုင် တော့တာ လက်တွေ့ပါပဲ။ တချို့ဆိုရင် နေ့စဉ်သုံးနေတဲ့ နည်းပညာပစ္စည်းနဲ့ အင်တာနက်မရှိတာနဲ့ အလုပ် တွေကို လွယ်လွယ်ကူကူလုပ်ဖို့ မလွယ်တော့တဲ့အထိ လူနဲ့ နည်းပညာတွေက ခွဲခြားဖို့ခက်နေပါပြီ။ နည်းပညာတွေကို အသုံးချတာ များလာတာနဲ့အမျှ လူတွေရဲ့လူနေမှုဘဝပုံစံတွေပါ လိုက်ပါပြောင်းလဲနေကြ ပါတယ်။ အနီးစပ်ဆုံး ကြည့်ကြည့်ပါ။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီကစလို့ ကိုယ့်ရဲ့တစ်နေ့တာ သုံးစွဲနေ တဲ့ နည်းပညာပစ္စည်းတွေနဲ့ ကိုယ်နဲ့ဆက်စပ်မှု၊ အသုံးပြုမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။ တချို့ နည်းပညာမြင့် ပစ္စည်းတွေဆို လိုက်လို့တောင် မမီ တော့ပါဘူး။
အကျိုးသက်ရောက်မှု
ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်မြင့်မား လာတာဟာ လူတွေရဲ့ဘဝကဏ္ဍအားလုံးကို ပြောင်းလဲ စေပါတယ်။ ပညာသင်ကြားရာမှာဆိုရင်လည်း အင်တာနက်အခြေပြုသင်ကြားတဲ့ စနစ်တွေကြောင့် သင်ကြားရတာ လွယ်ကူလာပြီး သင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေလည်း ပိုပြီး ရလာပါတယ်။ အင်တာနက်နဲ့ ဆက်သွယ်ရေးစနစ်တွေ မြင့်မားလာ တဲ့အတွက် ကမ္ဘာပေါ်မှာ နယ်မြေကန့်သတ်ချက်ဆိုတာ အရင်ကလို အခက်အခဲတစ်ခု မဟုတ်တော့ပါဘူး။ လူသားတွေဟာ လိုအပ်ချက်တွေနောက်ကိုလိုက်ရင်း တီထွင်မှုတွေ တစ်ခုပြီးတစ်ခု ကြံဆလာကြပါတယ်။ တီထွင်မှုတွေကြောင့် တိုးတက်လာတဲ့ နည်းပညာတွေ ဟာ အခုဆိုရင် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ အပြုအမူတွေအပေါ် သက်ရောက်နေပါပြီ။ လူသားတွေ ဖန်တီးတဲ့နည်းပညာတွေဟာ လူတွေရဲ့လိုအပ်ချက်နဲ့ ပြဿနာတွေကို ဖြေရှင်းပေးတဲ့အပြင် မတူညီတဲ့ စီးပွားရေးပုံစံတွေ၊ ဘဝနေထိုင်မှုပုံစံသစ်တွေ ပြောင်းလဲလာတာကြောင့် ထပ်မံတီထွင်ဖန်တီးတာ တွေ ကြံဆလာကြပြန်ပါတယ်။
အဲဒီလို လိုအပ်ချက်နဲ့ တီထွင်မှုတွေကြောင့် လူတွေရဲ့ကဏ္ဍတိုင်းနီးပါးဟာ ပိုပြီးလွယ်ကူလာတယ်၊ ထိရောက်လာတယ်၊ မြန်ဆန်လာပါတယ်။ အဲဒီရဲ့ ရလဒ်က လူသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြေရှင်းရာမှာ အထောက်အကူရရှိစေတာပဲ ဖြစ်ပါတယ်။ နည်းပညာတွေကြောင့် လူတွေမှာ ကောင်းကျိုးတွေ တသီတတန်းကြီး ရနေပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ တချို့ဆိုရင် နည်းပညာတွေရဲ့သားကောင်တွေ ဖြစ်နေကြပါတယ်။ နည်းပညာတိုးတက်မှုကြောင့်ဖြစ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ အမျိုးမျိုးပါပဲ။ တချို့ကလည်း နည်းပညာ တိုးတက်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်သလို တချို့ကလည်း သုံးစွဲသူတွေရဲ့ လွဲမှားတဲ့ အသုံးပြုတာ တွေကြောင့်ဆိုတာ တွေ့ရပါတယ်။
ပြောင်းလဲမှုနှင့် ဘေးထွက်ဆိုးကျိုး
အထက်မှာ ဆိုခဲ့သလို နည်းပညာတွေ တိုးတက် လာတာဟာ လူသားတွေအတွက် မကြုံစဖူး အကျိုး ကျေးဇူးတွေ ရနေကြပါတယ်။ အနီးစပ်ဆုံးပြောရရင် မိုဘိုင်း ဖုန်းတစ်လုံးကို လိပ်ပတ်လည်အောင်သုံးတတ် ရင်ပဲ ဘယ်လောက်အကျိုးရှိတယ်ဆိုတာ တွေ့ရမှာပါ။ ဒါပေမယ့် ကောင်းကျိုးပြုတာတွေက အနုတ်လက္ခဏာ တွေထက်များတာ မှန်ပေမယ့် အနုတ်လက္ခဏာတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် စိုးရိမ်စရာတွေ တိုးမြင့်လာနေပါတယ်။ အဲဒီအနုတ်လက္ခဏာဖြစ်စေတဲ့ သက်ရောက်မှုတွေထဲမှာဆိုရင် သဘာဝရင်းမြစ် ကုန်ဆုံးမှု၊ လူဦးရေမြင့်တက်လာမှုနဲ့ ကျန်းမာရေး ပြဿနာ၊ များပြားလာတဲ့ ညစ်ညမ်းမှုတွေ၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုတာတွေ ပါဝင်ပါတယ်။
ဒီလိုပဲ နည်းပညာတိုးတက်လာလို့ ပြောင်းလဲ သွားမှုတွေထဲမှာဆိုရင် လူမှုဘဝပုံစံတွေ၊ ကျန်းမာရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လူငယ်တွေရဲ့စိတ်သဘောထား၊ လူသားတွေရဲ့ အမူအကျင့်စရိုက်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့နယ်ပယ်တိုင်းလိုလိုမှာ နည်းပညာ အခြေပြုတဲ့ပုံစံတွေအဖြစ် ပြောင်းလဲလာကြပါတယ်။
အဲဒါတွေထဲကမှ လူတိုင်း အများစုရဲ့ နေ့စဉ်ဘဝနဲ့ ထိတွေ့ပြီး အသုံးတည့်နေတာက လူမှုကွန်ရက်တွေပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်လို့ဆိုရင် ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ် စတဲ့လူမှုကွန်ရက်တွေ အများကြီးပါ။ လူမှုကွန်ရက်တွေကလည်း အင်တာနက်၊ ဆက်သွယ်ရေးနည်းပညာနဲ့ ဉာဏ်ရည်တုတွေ တိုးတက်လာတဲ့အတွက် အသုံးပြုရတာ၊ ထိရောက်တာ၊ မြန်ဆန်တာတွေက တစ်နေ့တခြားပိုကောင်းလာပါ တယ်။ လူတစ်ဦးချင်းစီရဲ့အကြိုက်တွေနဲ့ လူ့သဘော သဘာဝတွေကို အခြေခံပြီး အဆင့်မြှင့်လာတဲ့ သူ့ရဲ့အားသာချက်တွေကြောင့်လည်း လူထုအတွင်းကို မြန်မြန်ဆန်ဆန် ထိုးဖောက်လာပါတယ်။
အဲဒီလိုတိုးတက်လာတာတွေက အဘက်ဘက်က အကျိုးရှိတယ်ဆိုပေမယ့် တိုးတက်တာတွေကို တခြားရည်ရွယ်ချက်တွေအတွက် အသုံးချနေကြတာ တွေလည်း ပိုများလာပါတယ်။ လူအများသုံးနေကြတဲ့ လူမှုကွန်ရက်တွေဟာ အရင်ကတော့ လူမှု ဆက်ဆံရေး၊ ဆက်သွယ်ရေးအတွက်လို့ဆိုပေမယ့် လက်တွေ့မှာ တော့ နိုင်ငံရေးအစ စီးပွားရေးအဆုံး အကုန်လုံးအတွက် အသုံးပြုနေကြပါတယ်။ ဒီတော့ လူမှုကွန်ရက်တွေ ဟာ လူထုအတွင်း ထိုးဖောက်အားလည်းကောင်း တယ်၊ နယ်ပယ်အကုန်လုံးအတွက်လည်း သုံးနိုင်တဲ့ အတွက် တချို့သူတွေဟာ လူမှုကွန်ရက်ကို မသမာတဲ့ နည်းနဲ့ အသုံးချလာနေကြပါတယ်။ လူမှုကွန်ရက်တွေ ရဲ့အားသာချက်ကို အလွဲအသုံးချလာတဲ့ အကျိုးဆက်က သတင်းညစ်ညမ်းမှုတွေ များလာပြီး လူထုကိုအဆိပ် အတောက် ဖြစ်စေလျက်ရှိပါတယ်။
သတင်းမှားများ
လူမှုကွန်ရက်တွေဟာလည်း နည်းပညာတိုးတက် သလိုပါပဲ။ ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုများ ပါတယ်။ တစ်ဦးချင်းစီရဲ့ အသုံးပြုတဲ့နည်းလမ်း အပေါ်မူတည်ပြီး အကောင်း၊ အဆိုး သက်ရောက်မှု ပမာဏတော့ ကွာပါတယ်။ လူမှုကွန်ရက်ကို ထိထိ ရောက်ရောက် အကျိုးရှိရှိသုံးတဲ့အတွက် အကျိုးရှိနေ တဲ့သူတွေ အမြောက်အမြားရှိနေပေမယ့် လူမှုကွန်ရက် ကို အလွန်အကျွံသုံးတဲ့အတွက် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အလုပ်အကိုင်တွေကို ထိခိုက်နေတဲ့သူတွေလည်း ရှိနေပါတယ်။ ဒါက တစ်ဦးတစ်ယောက်ချင်းကို ထိခိုက်စေတာပါ။
အများကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးကတော့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းမှားတွေနဲ့ လုပ်ကြံ သတင်းတွေ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ သတင်း အမှားတွေ ဆိုတာကတော့ ရရှိတဲ့အချက်အလက်တွေ မမှန်ကန်တဲ့အတွက် မှားယွင်းတာ၊ ဒါမှမဟုတ် မတိကျတဲ့သတင်းတွေ ဖြစ်ပါတယ်။ ကောလာဟလ သတင်း၊ မဟုတ်တမ်းတရားတွေနဲ့ နောက်ပြောင်မှု တွေဟာ သတင်းမှားတွေ ဖြစ်ပါတယ်။ လုပ်ကြံ သတင်းဆိုတာကတော့ မှားယွင်းတဲ့သတင်းအချက် အလက်တွေကို ရည်ရွယ်ချက်ရှိရှိဖန်တီးပြီး တမင် တကာ လွဲမှားစေအောင်ရည်ရွယ်တဲ့ သတင်းအမှား တွေပဲ ဖြစ်ပါတယ်။
လုပ်ကြံသတင်းတွေက ဦးတည်ချက်တစ်ခုအတွက် လှည့်ဖြားတာ၊ ဖြားယောင်းတာနဲ့ ဝါဒဖြန့်လိုတဲ့ ရည်ရွယ်ချက်ဖြစ်လို့ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ လုပ်ကြံသတင်းတွေကြောင့် လူထု ကြားမှာ ကြောက်ရွံ့မှုတွေနဲ့ သံသယတွေ ပျံ့နှံ့စေပါ တယ်။ သတင်းအတု၊ ဝါဒဖြန့်တာနဲ့ လုပ်ကြံသတင်း ဆိုတဲ့ အသုံးအနှုန်းတွေက တစ်ခုနဲ့တစ်ခု လက်ယှက် ထိုး ဆက်နွှယ်နေကြပါတယ်။ သတင်းမှားတွေနဲ့ လုပ်ကြံသတင်းမှာလည်း တခြားအမျိုးအစားတွေ များစွာ ရှိပါသေးတယ်။
ကြီးမားကျယ်ပြန့်လာမှု
မသမာသူတွေ၊ မသမာတဲ့အဖွဲ့အစည်းတွေဟာ တခြားသူတွေကို အန္တရာယ်ဖြစ်စေဖို့၊ ဒါမှမဟုတ် ကိုယ်ကျိုးအတွက်၊ နိုင်ငံရေးအတွက်နဲ့ ငွေကြေး အကျိုးအမြတ်တစ်ခုခုအတွက် လူထုကို လိမ်လည် လှည့်ဖြားဖို့ သတင်းအမှား ဒါမှမဟုတ် လုပ်ကြံသတင်း တွေကို ရည်ရွက်ချက်ရှိရှိ ဖန်တီးဖြန့်ဝေနေကြတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုအပါအဝင် တခြားဆိုးကျိုးတွေ ကြီးကြီးမားမား သက်ရောက် နေပါတယ်။ ဒါကြောင့်လည်း သတင်းအမှားနဲ့လုပ်ကြံ သတင်းတွေ ပျံ့နှံ့နေတာကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ လို့ ခေါ်ကြတာပါ။
လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းမီဒီယာတွေမှာ အချိန်နဲ့အမျှ သတင်းတွေပျံ့နှံ့တဲ့နှုန်းနဲ့ ပမာဏ ဟာ အစွမ်းထက်တဲ့လက်နက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းမီဒီယာ တွေကို နည်းလမ်းပေါင်းစုံနဲ့ အသုံးချနေကြပါတယ်။ ဒီကနေ့ဖြစ်နေတဲ့ သတင်းတု၊ သတင်းမှားဖြန့်ဝေတာ ဟာ ရှေးယခင်ကတည်းက ရှိခဲ့တယ် ဆိုပေမယ့် ဒစ်ဂျစ်တယ်နည်းပညာနဲ့ လူမှုမီဒီယာခေတ်မှာတော့ သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ အရင်ကနဲ့မတူဘဲ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပါတယ်။
နောက်ပြီး အဆင့်မြင့်လာတဲ့ဉာဏ်ရည်တု နည်းပညာကြောင့် သတင်းအမှားနဲ့ လုပ်ကြံသတင်း ပုံစံသစ်တွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် သတင်းတု မီဒီယာလို့ခေါ်တဲ့ သတင်းရဲ့မူလအဓိပ္ပာယ်တွေကို ပြောင်းလဲဖို့ ဒါမှမဟုတ် လွဲမှားစေဖို့အတွက် အလို အလျောက်နည်းလမ်းတွေ၊ အထူးသဖြင့် ဉာဏ်ရည်တု တွေနဲ့ အချက်အလက်အတု ထုတ်လုပ်တာ၊ ထိန်းချုပ် တာနဲ့ ပြုပြင်မွမ်းမံတာတွေကို ပြုလုပ်နေကြပါတယ်။ တချို့ သတင်းအတုတွေက ပြဿနာမကြီးမားပေမယ့် လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန့် သတင်းတွေကတော့ သတင်းစားသုံးသူတွေကို ထိခိုက်စေ၊ အန္တရာယ်ဖြစ်စေ ပါတယ်။ အခုဆိုရင် လုပ်ကြံသတင်းတွေရဲ့အန္တရာယ်ဟာ နိုင်ငံတကာမှာ စိုးရိမ်ဖွယ်ကိစ္စတစ်ခု ဖြစ်နေပါတယ်။
တစ်နေ့တခြား သတင်းအမှားတွေ လူမှုကွန်ရက် တွေပေါ်မှာ ပျံ့နှံ့နေတာဟာ လူမှုကွန်ရက်အသုံးပြု တဲ့သူတွေရဲ့ စဉ်းစားဆင်ခြင်မှုအားနည်းတာ ဒါမှ မဟုတ် အစွန်းရောက်ယုံကြည်တာတွေကြောင့် သတင်းအမှားတွေပျံ့နှံ့တာလို့
သာမန်အားဖြင့် ယူဆကြပါတယ်။ သတင်းအမှားတွေ ပျံ့နှံ့ဖို့အတွက် လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အားနည်းချက်တွေရှိသလို တစ်ဖက်မှာလည်း အသုံးပြုသူတွေကို ဆွဲဆောင်နေတာတွေနဲ့ မက်လုံး ပေးလှုံ့ဆော်နေတာတွေ ရှိပါတယ်။ အထက်မှာဆိုခဲ့ သလို အဆင့်မြင့်လာတဲ့ အသိဉာဏ်တုတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ဆွဲဆောင်ပေးနေပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာ ပေါ်မှာ ဆုချီးမြှင့်မှု အခြေခံတဲ့စနစ်တွေကြောင့် သုံးစွဲသူတွေဟာ တခြားသူတွေ အသိအမှတ်ပြုထားကြ တဲ့ သတင်းအချက်အလက်တွေကို မျှဝေတဲ့အလေ့အထ တွေ ဖြစ်လာစေတယ်လို့ သုတေသနလေ့လာချက်တွေ က ဆိုပါတယ်။
လူမှုကွန်ရက်တွေရဲ့ ဆွဲဆောင်မှု၊ လှုံ့ဆော်မှုနဲ့ မက်လုံးပေးမှုတွေကြောင့် လူမှုကွန်ရက်အသုံးပြုသူ တွေရဲ့ အလေ့အထတွေပြောင်းလဲလာပြီး သတင်း အမှားတွေကို ဖြန့်ဝေစေပါတယ်။ ဒါ့အပြင် စိတ်ဝင်စား စရာကောင်းတာက လူထုထဲ သတင်းအမှားတွေ ထိုးဖောက်ဖို့ ဘယ်သူတွေက သတင်းအမှားတွေ ဖြန့်ဝေနေကြသလဲ၊ ဘာအကျိုးစီးပွားအတွက်လဲ ဆိုတာကလည်း သတင်းအမှားဖြန့်ဝေမှု တိုက်ဖျက် ရေးမှာ အရေးကြီးတဲ့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ကြီးတွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာကြီး တွေကို ဘယ်သူတွေက ပိုင်ဆိုင်ပြီး ဘယ်သူတွေက ထိန်းချုပ်ထားသလဲဆိုတာကိုကြည့်ရင် ယေဘုယျ ခန့်မှန်းလို့ ရနိုင်ပါတယ်။ သတင်းအမှားဖြန့်ဝေမှု တွေ များပြားလာတာဟာ ယနေ့ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ယှဉ်ပြိုင်မှုတွေနဲ့လည်း ဆက်စပ် နေကြပါတယ်။ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ကိုယ်ကျိုး စီးပွားတွေအတွက် လူမှုကွန်ရက်နဲ့ အွန်လိုင်းမီဒီယာ တွေကို အသုံးချနေပါလိမ့်ဦးမယ်။
ကြီးမားသောထိခိုက်မှု
သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ မမြင်နိုင်တဲ့ လက်သီးပုန်းနည်းလမ်းတစ်ခု ဖြစ်ပါ တယ်။ အစဉ်အဆက် အသုံးပြုခဲ့ကြတဲ့ ဝါဒဖြန့်တဲ့ နည်းလမ်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ အသုံးပြုတဲ့နည်းလမ်း ပုံစံတွေသာ ကွဲပြားသွားတာပါ။ တချို့သတင်းမှားနဲ့ လုပ်ကြံသတင်းတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ် ကို ဦးတည်တတ်ပေမယ့် တချို့သတင်းမှားတွေက တော့ မရည်ရွယ်ဘဲ ပျံ့နှံ့သွားပြီး လူထုကို ဘေး အန္တရာယ်ဖြစ်စေတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေကို အဆိပ်သင့်စေပြီး လူထုအတွင်း မတည်ငြိမ်မှု၊ မယုံကြည်မှုနဲ့ ပဋိပက္ခတွေ ကို ဖြစ်ပေါ်စေပါတယ်။ သတင်းအမှားတွေဟာ လူတွေ ရဲ့ ယုံကြည်ချက်၊ သဘောထားနဲ့ ခံယူချက်တွေကို ပြောင်းလဲစေပြီး နောက်ဆုံးမှာ လူတွေရဲ့အပြုအမူ တွေကိုပါ ပြောင်းလဲသွားစေပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတစ်ဦးဟာ သတင်းတုတစ်ခုကို ယုံကြည် လိုက်ရင် အဲဒီသတင်းကနေ သူ့ရဲ့ ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို အပြောင်းအလဲဖြစ်စေပါတယ်။ အဲဒီလို တစ်ဦးချင်းကနေ လူ့အဖွဲ့အစည်းအထိ ကျယ်ပြန့်လာတဲ့အခါ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက လည်း ကြီးမားလှပါတယ်။
လူ့အဖွဲ့အစည်းအတွင်းမှာ သတင်းညစ်ညမ်းမှုတွေ များလာရင် လူတစ်ဦးချင်းစီရဲ့ စဉ်းစားဆင်ခြင်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ကတော့ လူမှုကွန်ရက်တွေပေါ်မှာ အမုန်းစကားနဲ့ ရန်လိုမှုတွေ ကြီးထွားလာစေပါတယ်။ အဲဒီက တစ်ဆင့် လူမှုရေးအုပ်စုကွဲလာကြပြီး တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ တိုးပွားစေပါတယ်။ သတင်းညစ်ညမ်းမှု တွေ များလာရင် လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုထိခိုက်လာနိုင်တာကြောင့် ရေရှည်မှာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်တွေ ဖိတ်ခေါ်လာမှာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ လူအများစုဟာ ဆိုရှယ်မီဒီယာ သတင်းတွေအပေါ် အားကိုးနေကြတာကြောင့် လူ့အဖွဲ့အစည်းအပေါ် သတင်းညစ်ညမ်းမှုရဲ့ သက်ရောက်မှုတွေအကြောင်း သိထားသင့်ပါတယ်။ ဒါမှ ဆောင်နိုင်၊ ရှောင်နိုင်ပါလိမ့်မယ်။ အလေးထား သင့်တာက မျိုးဆက်သစ်လူငယ်အများစုဟာ သူတို့လိုအပ်တဲ့ အသိပညာရှာဖွေမှု၊ သတင်းအချက် အလက်ရှာဖွေမှုနဲ့ အပန်းဖြေမှုအတွက် ဆိုရှယ်မီဒီယာ တွေနဲ့ အင်တာနက်ကို အချိန်အတော်များများ အသုံးပြုနေကြတာမို့ သတင်းမှား၊ လုပ်ကြံသတင်းနဲ့ ဝါဒဖြန့်တာတွေရဲ့ ထိခိုက်နိုင်ခြေ ပိုများနေပါတယ်။
သတိနှင့်ဆင်ခြင်
လူမှုကွန်ရက်၊ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ တွေဟာ လူသားတွေကို ကြီးကြီးမားမား အကျိုးပြုတာ အားလုံးအသိပါပဲ။ နောင်လည်း မရှိမဖြစ် ဆက်လက် လိုအပ်နေဦးမှာပါ။ ကိုယ်အသုံးချနိုင်ရင် အသုံးချနိုင် သလောက် အကျိုးဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ သတင်း ညစ်ညမ်းမှုတွေ တဖြည်းဖြည်းနဲ့ ကမ္ဘာ့ကပ်ရောဂါ တစ်ခုသဖွယ် တဖြည်းဖြည်းကူးစက်လာနေပါ တယ်။ ဒီတော့ လူမှုကွန်ရက်တွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာ တွေကို အန္တရာယ်မရှိအောင် အသုံးပြုနိုင်ဖို့ လိုပါတယ်။ အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ဖို့ဆိုရင် ဒစ်ဂျစ်တယ် နည်းပညာနယ်ပယ်မှာ လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေ ဘယ်လိုအလုပ်လုပ်နေကြသလဲဆိုတာ သိထားဖို့ပါပဲ။
သူတို့ရဲ့ အလုပ်လုပ်ပုံကို သိထားရင် သတင်းမှား တွေကို ရှောင်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကာယကံရှင်ဖြစ်တဲ့ သုံးစွဲသူကိုယ်တိုင် သတိနဲ့ဆင်ခြင် အသုံးပြုဖို့ ဖြစ်ပါတယ်။ နည်းပညာတွေမြင့်လာတဲ့ အတွက် လူသားတွေဟာ အဲဒီနည်းပညာတွေကို ပိုပြီးအားကိုးလာရတာ မှန်ပေမယ့် အမှား/အမှန် ချင့်ချိန်စဉ်းစားနိုင်စွမ်းနဲ့ လိုက်လျောညီထွေဆုံးဖြတ် နိုင်စွမ်းတွေကိုတော့ လူသားတွေက ပိုင်ဆိုင်ထားတာ ဖြစ်လို့ ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ။
- Log in to post comments