
နေပြည်တော် ဇန်နဝါရီ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်း (Japan-Myanmar Association-JMA) တို့အကြား နယ်စပ် ဒေသလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကားပြောကြားပြီး ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာ နာဘေး ဟိဒဲအို က နားလည်မှု စာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
လက်မှတ်ရေးထိုး
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအို တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
သင်တန်းများ ဖွင့်လှစ်ပေး
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်းတို့သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်တာ ကာလအတွင်း စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၇ သန်း ဖြင့် နယ်စပ်ဒေသ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသမှ တိုင်းရင်းသားများအား သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းများ ဖွင့်လှစ်ပေးပြီး အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်