
နေပြည်တော် ဇန်နဝါရီ ၂၂
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ (ယာပုံ)
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး
အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက မိမိတို့ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲများ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးတို့အတွက် ပုဂ္ဂလိကကျောက်မျက် ရတနာပြပွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဗဟိုကော်မတီအနေဖြင့် ရတနာပြပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ယခုကဲ့သို့ ပြပွဲဗဟိုကော်မတီ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး အဆုံးအဖြတ် ရယူရန်နှင့် မှတ်တမ်းတင်အတည်ပြုရန် ကိစ္စရပ်များကို ပြပွဲဗဟို ကော်မတီသို့ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းကာလနောက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေ အနေကြောင့် ရတနာပြပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသကဲ့သို့ ပြပွဲဗဟို ကော်မတီ အစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုနှင့် သတ်မှတ်ထားရှိ သည့် ကန့်သတ်မှုများ ဖြေလျှော့မှုအခြေအနေများအပေါ် မူတည်ပြီး မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ကျင်းပပြုလုပ်သွားရန် လျာထားစီစဉ် ဆောင်ရွက်ထားရှိရာ ရတနာပြပွဲဆိုင်ရာလုပ်ငန်းများကို မှတ်တမ်းတင်အတည်ပြု နိုင်ရေးနှင့် ဆုံးဖြတ်ချက်များ ရယူနိုင်ရေး ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ယခု ပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း။
နည်းလမ်းများ ရှာဖွေဖော်ထုတ်
ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီအသီးသီးကလည်း လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ယခင်ကျင်းပပြီး ပြပွဲများ၏ အားသာချက်၊ အားနည်းချက် များအပေါ် ပြန်လည်သုံးသပ်ပြီး ကိုဗစ်-၁၉ ရောဂါအလွန် ဆောင်ရွက်ရမည့် ပြပွဲဆိုင်ရာလုပ်ငန်းများကို ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက် နိုင်စေရေး ရှာဖွေဖော်ထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် ယခုပြပွဲ ဗဟိုကော်မတီ အစည်းအဝေးတွင် မှတ်တမ်းတင်အတည်ပြုရန်နှင့် ဆုံးဖြတ် ချက်ရယူရန် လိုအပ်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရန်နှင့် တင်ပြချက် များအပေါ် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် စီမံရေးရာလုပ်ငန်းကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက်မျက်လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက ပြပွဲကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြပြီး အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်