
အခု ကျွန်မတို့ရဲ့ ၂၀၂၁ နှစ်သစ်ပေါ့။ နှစ်သစ်ရဲ့ ၃ ပတ်အတွင်းမှာ ရောက်နေပါပြီ။ ဒီအချိန်မှာ ကျွန်မတို့ ကိုဗစ်ရောဂါအခြေအနေဘယ်လိုရှိလဲဆိုတာလည်း ပြည်သူတွေအသိ ဖြစ်ပါလိမ့်မယ်။ တစ်နေ့တစ်နေ့ဆိုရင် ၅၀၀ ပတ်ဝန်းကျင်ပေါ့။ အခုရက်ပိုင်းအတွင်း ၄၀၀ ပတ်ဝန်းကျင်၊ ၄၀၀ ကျော် ပတ်ဝန်းကျင်ကို ကျလာပါတယ်။ ဒါပေမယ့် ဒါဟာ မလုံလောက်သေးပါဘူး။ ကျွန်မတို့ဒါထက်ပိုပြီး တိုးတက်မှုရှိဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် သတင်း ကောင်းပေးရမယ်ဆိုရင် မနက်ဖြန် ၂၂ ရက်နေ့မှာ ကျွန်မတို့ပထမဦးဆုံး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။ တစ်သန်းခွဲ ရောက်ရှိမှာဖြစ်ပါတယ်။ တစ်သန်းခွဲဆိုတော့ ကျွန်မတို့ပြည်သူတွေ ခုနစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်တစ်ယောက်ဆိုရင် နှစ်ကြိမ်ထိုးရပါမယ်။ ပထမအကြိမ်ထိုးပြီးတော့ ၂၈ ရက်ကြာရင် နောက် တစ်ကြိမ် ထပ်ထိုးရပါမယ်။ အဲဒီတော့ ကျွန်မတို့ဒီလုပ်ငန်းတွေကိုလည်း သေသေချာချာ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက စီစဉ်ထားပါတယ်။
ဒီတော့ ကျွန်မတို့ ပထမရမယ့်အသုတ်က ခုနစ်သိန်းခွဲအတွက်ပဲပေါ့။ အဲဒီတော့ ခုနစ်သိန်းခွဲအတွက်ပဲဆိုတော့ ဘယ်လို ဒီကာကွယ်ဆေးတွေကို နိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင် သုံးမလဲဆိုတာ ကျွန်မတို့ အင်မတန်မှ အလေးထားပြီး စဉ်းစားရပါတယ်။ ဒီတော့ ပထမဦးဆုံး ဦးစားပေးရမှာကတော့ ရှေ့တန်းမှာ လုပ်ဆောင်နေတဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ ဒါကတော့ ကျွန်မတို့ပြည်သူအားလုံးကလည်း သဘောတူလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ရှေ့တန်းမှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ အခုဆိုရင် စေတနာ့ဝန်ထမ်းတွေပါ ထည့်တွက် ပါတယ်။
ကိုဗစ် ရောဂါအတွက်ပါဝင်နေကြတဲ့ ရှေ့တန်းက ဝန်ထမ်းတွေပေါ့။ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ပြည်သူတွေပေါ့။ အားလုံးကို ဦးစားပေးပြီးတော့ ပထမထိုးပေးပါမယ်။ နောက်တစ်ခါ ကျွန်မတို့ပြန်ပြီး စဉ်းစားရတာဘယ်လိုလဲဆိုတော့ နောက်အဆင့်ဆင့်နဲ့ပေါ့။ ကျွန်မတို့ ကာကွယ် ဆေးတွေရရှိသလို တချို့ကာကွယ်ဆေးတွေက လှူကြမှာဖြစ်တယ်။ ဒါပေမယ့် အများကိုတော့ ကျွန်မတို့နိုင်ငံက ဝယ်ယူမှာပါ။ ဒီလို ကာကွယ်ဆေးတွေ ရောက်ရှိလာတာနဲ့အမျှ ဘယ်သူတွေ၊ ဘယ်အုပ်စုတွေကို ဦးစားပေးပြီးတော့ ထိုးရမလဲဆိုတာ ကျွန်မတို့ သေသေချာချာစဉ်းစားပါတယ်။ ဒီလိုစဉ်းစားတဲ့ နေရာမှာ ကိစ္စရပ်နှစ်ခုကို ကျွန်မတို့ချိန်ဆပြီးလုပ်ရပါတယ်။ တစ်ခုက ကျွန်မတို့ နိုင်ငံ ပုံမှန်ပြန်လည်ပြီးတော့ လည်ပတ်နိုင်ရေးအတွက် အဓိကကျတဲ့အုပ်စုတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံပြန်လည်ပြီးတော့ ပုံမှန်လည်ပတ်နိုင်မှ ပြည်သူတွေလည်း သက်သာမှာဖြစ်ပါတယ်။
အဲဒီအုပ်စုတွေအတွက်လည်း အရေးကြီးပါတယ်။ နောက်တစ်အုပ်စုကတော့ ရောဂါရရှိမှု လွယ်တဲ့အုပ်စု၊ ရောဂါအခံအားနည်းတဲ့အုပ်စုပေါ့။ နောက်ပြီးတော့ လည်း ပြန့်ပွားစေမယ့်နှုန်းကို များနိုင်တဲ့အုပ်စုတွေ ဒီအုပ်စုနှစ်စုကြားမှာ ချိန်ခွင်လျှာညီမျှအောင်လို့ ကျွန်မတို့စဉ်းစားရပါတယ်။ ဒီတော့ ဒီရောဂါအခံ အားနည်းတဲ့ အုပ်စုဆိုတာတော့ အသက်ကြီးတဲ့သူတွေနဲ့ တခြားရောဂါအခံတွေ ရှိပြီးသားပုဂ္ဂိုလ်တွေပေါ့။ နောက်ပြီးတော့ ဒီလိုပြန့်ပွားမှုများတဲ့အုပ်စုဆိုတာကတော့ လူတော်တော်များများ စုစုဝေးဝေးနဲ့ တစ်နေရာတည်းမှာ ကျပ်ကျပ်တည်းတည်းနေရတဲ့ အခြေအနေတွေမှာရှိတဲ့ အုပ်စုတွေပေါ့။ အဲဒီ တော့ ဒီဟာတွေကိုကျွန်မတို့ကြည့်ပြီးတော့ ဒီနှစ်ခုကို ကျွန်မတို့အင်မတန်မှ မှန်မှန်ကန်ကန် မျှတမှုရှိအောင်လို့ စဉ်းစားရပါတယ်။
ကျွန်မတို့ ဦးစားပေးရမှာက စောစောကပြောသလိုပေါ့။ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရှေ့တန်းကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူ တွေ။ နောက်ဒုတိယကတော့ ကျွန်မတို့အစိုးရအဖွဲ့ထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဆေးထိုးပေးမှာပါ။ အဲဒီလိုပြောတာ ကျွန်မ နည်းနည်းတော့ အားနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ ကျွန်မလည်း ပါနေတာကိုး။ ပါနေတယ်ဆိုတော့ ဒီဟာကိုလည်း ပြည်သူတွေအနေနဲ့ နားလည်မှုပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ယန္တရားကြီး လည်ပတ်ဖို့အတွက်ဆိုရင် ကျွန်မတို့ဗဟိုအစိုးရနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ထိထိရောက်ရောက် လှုပ်ရှားနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ သိပ်လည်းမများပါဘူး။ ဒါလည်း ကျွန်မထည့် ပြောပါရစေ။
အဓိကကျတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အစိုးရအဖွဲ့ဝင်တွေပေါ့။ အားလုံးပေါင်း လိုက်ရင် သိပ်လည်းများမှာ မဟုတ်ပါဘူး။ ပထမအုပ်စုထဲတော့ ကျွန်မတို့ ဝင်သွားပါလိမ့်မယ်။ ပထမအုပ်စုထဲမှာ နိုင်ငံ့ယန္တရားအတွက် အရေးကြီးတယ် ဆိုတဲ့ အုပ်စုထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကျွန်မတို့ ထည့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က မကြာခင်ခေါ်တော့မှာ ဖြစ်ပါတယ်။ အဲဒီပြည်ထောင်စု လွှတ်တော်ကို တက်ရောက်ဖို့လည်း ကျွန်မတို့ရဲ့ ကိုယ်စားလှယ်အသီးသီးက တစ်နိုင်ငံလုံး ကနေပြီးတော့ ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုရောက်ရှိလာတဲ့ အချိန်မှာ တစ်စုတစ်ဝေးတည်းရှိတဲ့အချိန်မှာ ကာကွယ်ဆေးထိုးပေးခြင်းဟာ လက်တွေ့လည်းကျပါတယ်။
နောက် ကျွန်မတို့ရဲ့ နိုင်ငံယန္တရားလည်ပတ်မှုအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ ဒီတော့ နောက်တစ်ဆင့် ကျွန်မတို့ ဘယ်ကိုသွားမလဲဆို တော့ ပြန့်ပွားမှုများနိုင်တဲ့ အခြေအနေမှာရှိတဲ့နေရာတွေနဲ့ ကျွန်မတို့နိုင်ငံ ယန္တရားလည်ပတ်ဖို့အတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်များ၊ အရေးကြီးတဲ့သူများရှိတဲ့ နေရာတွေပေါ့။ အဲဒီတော့ အဲဒါကို တကယ်လက်တွေ့ကျကျ စဉ်းစားတဲ့ အခါကျတော့ လူဦးရေထူထပ်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။ လူဦးရေထူထပ်တဲ့ နေရာတွေဟာ တကယ်တော့ ကျွန်မတို့ရဲ့ အတွေ့အကြုံအရဆိုရင် ရောဂါ ပြန့်ပွားမှုများတဲ့ နေရာတွေလည်းဖြစ်ပါတယ်။ ဥပမာအားဖြင့် Stay at Home မြို့နယ်တွေပေါ့။ ဒီတော့ ကျွန်မတို့ Stay at Home မြို့နယ်တွေကို ဦးစားပေးပြီး တော့လုပ်မှာပါ။ ဒါပေမယ့် Stay at Home မြို့နယ်တွေအားလုံးကို ကျွန်မတို့ တစ်ချိန်တည်း လုပ်ပေးဖို့ဆိုတာဟာ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ကျွန်မတို့ ခန့်မှန်းတာက ၁၁ သန်းကျော်လောက် ရှိပါတယ်။ ၁၁ သန်းကျော်လောက်ကို ကျွန်မတို့ နေ့ချင်းညချင်း လုပ်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ ကျွန်မတို့ ကာကွယ်ဆေးတွေ ရောက်လာမယ့် အခြေအနေကိုလည်း ကြည့်ရမယ်။
နောက်ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ ကာကွယ် ဆေးတွေ ရောက်လာတာနဲ့အမျှ ထိုးပေးနိုင်တဲ့ စွမ်းအင်ကတော့ ရှိပါတယ်။ နောက်ပြီးတော့ အစီအစဉ်တွေကလည်း အားလုံးလုပ်ပြီးသားပါ။ ဒါကြောင့် ဒီကာကွယ်ဆေးတွေ ဘယ်တော့၊ ဘယ်လောက်ရမလဲဆိုတာလည်း အခု တိတိကျကျ ကျွန်မတို့ ပြောလို့မရသေးပါဘူး။ မနက်ဖြန်ရမှာတော့ သေချာပါ တယ်။ နောက်တစ်ပတ်မှာလည်း နောက်ထပ်ရောက်မယ်လို့ ကျွန်မတို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် မသေချာခင်တော့ ကျွန်မ မပြောချင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒါကျွန်မတို့အပေါ်မှာတင် မူတည်တာမဟုတ်ပါဘူး၊ ဟိုဘက်က ပို့တဲ့သူတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်မတို့ဘက်ကတော့ လက်ခံဖို့အဆင်သင့်ပဲ။ လက်ခံပြီးတော့ မှန်မှန်ကန်ကန်ပေါ့။ လိုအပ်ချက်အရ သိုလှောင်ဖို့၊ နောက်ပြီးတော့ ထိုးရမယ့်နေရာကို သယ်ယူဖို့ ဒါတွေကတော့ ကျွန်မတို့ဘက်က အဆင်သင့်လုပ်ထားပါတယ်။ သို့သော်ငြားလည်း ပြင်ပက ပို့တဲ့သူတွေဆီကရောက်မှ ကျွန်မတို့က ကျန်တဲ့အစီအစဉ်တွေကို ဆက်ပြီးတော့ လုပ်နိုင်မှာပါ။
ဒီတော့ ဒီကြားထဲမှာပေါ့။ ကျွန်မတို့ ပထမဦးဆုံးလုပ်မှာကတော့ နောက်အပတ်ကိုစဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်။ ရှေ့တန်းက ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ ပြည်သူတွေ ထိုးဖို့၊ ဝန်ထမ်းတွေနဲ့ပေါ့။ စေတနာဝန်ထမ်းတွေ အပါအဝင် ထိုးဖို့ နောက်အပတ်မှာလုပ်ဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်။ အဲဒီလို စပြီးလုပ်ပြီဆိုရင်တော့ လက်တွေ့ကျကျ ဘယ်လို အခက်အခဲတွေ ရှိနိုင်တယ်။ ဘာတွေကျွန်မတို့ ထပ်ပြီးတော့ ပီပီပြင်ပြင် စီစဉ်ဖို့လိုမလဲဆိုတာကို ကျွန်မတို့ သိမှာပါ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ဆက်လုပ်သွားမှာပါ။ နောက်ပြီးတော့ အဓိကကျတဲ့ အစိုးရအဖွဲ့ဝင် များနဲ့ အစိုးရဝန်ထမ်းများကို ထိုးတဲ့အစီအစဉ်ကိုလည်း လုပ်မှာပါ။ လွှတ်တော် ကိုယ်စားလှယ်များကို ထိုးတဲ့ အစီအစဉ်ကိုလည်း လုပ်မှာပါ။ ဒါကိုနောက် တစ်ပတ် ဆယ်ရက်အတွင်းလောက်မှာ ဒီအသုတ်တွေကိုတော့ ပြီးအောင်လုပ် လို့ရမယ်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်။ ဒီကြားထဲမှာ ထပ်ပြီးတော့ ရောက်လာတာနဲ့အမျှ၊ ကာကွယ်ဆေးတွေ ထပ်ပြီးရောက်လာတာနဲ့အမျှ ကျွန်မတို့ တဖြည်းဖြည်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ရောဂါပြန့်ပွားမှုကို ကာကွယ် ဖို့အတွက် အရေးကြီးတဲ့နေရာများ၊ နောက်ပြီးတော့လည်း ကျွန်မတို့နိုင်ငံရဲ့ ယန္တရား ပြန်လည်ပြီး ပုံမှန်လည်ပတ်နိုင်ဖို့အတွက် အရေးကြီးတဲ့နေရာများကို ဦးစားပေးပြီးတော့ ကျွန်မတို့အစီအစဉ်တွေ ချမှတ်သွားမှာဖြစ်ပါတယ်။ အစီအစဉ်တွေ ချမှတ်တာနဲ့အမျှ ကျွန်မတို့ ပြည်သူကို အသိပေးမှာပါ။ ဘယ်လို ကြောင့် ဘယ်သူ၊ ဘယ်အုပ်စုတွေကို ကျွန်မတို့ ဦးစားပေးမှာလဲ ဆိုတာကိုလည်း ပြည်သူတွေကို အသိပေးချပြပေးမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကာကွယ်ဆေးရောက်တော့မယ်ဆိုပြီး မပေါ့ပါနဲ့၊ ပေါ့ပေါ့ဆဆ မနေပါနဲ့လို့ ကျွန်မတိုက်တွန်းပါရစေ။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ စောစောက ကျွန်မပြောတဲ့အတိုင်းပဲ၊ နှစ်ကြိမ်ထိုးမှ ဒီကာကွယ်ဆေးဟာ ထိရောက်မှာပါ။ တစ်ကြိမ်နဲ့တစ်ကြိမ် ကြားထဲမှာလည်း ၂၈ ရက် စောင့်ရပါတယ်။ ဒီတော့ ပထမဦးဆုံး ထိုးပေးလိုက်တဲ့ နောက်အပတ်မှာ စပြီး ပထမဆုံးထိုးပေးလိုက်တဲ့ အုပ်စုဟာ ပထမတစ်ကြိမ်ထိုးပြီးတာနဲ့ ပြီးသွား ပြီဆိုပြီးတော့ အေးအေးဆေးဆေးနေလို့မဖြစ်ပါဘူး။ ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ဆက်ပြီးတော့ မိမိကိုယ်ကိုယ် မိမိ ကာကွယ်သွားရမှာဖြစ်ပါတယ်။ မျက်နှာဖုံးတပ်ရမယ်၊ လက်ဆေးရမယ်၊ လူစုလူဝေးကြားထဲမှာ မသွားရဘူး၊ ခပ်ခွာခွာနေရမယ်စသဖြင့်ပေါ့။ ဒီအခြေခံစည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီး တော့ လိုက်နာသွားဖို့လိုပါတယ်။ အဲဒါပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ထိုးရပါမယ်။ ပထမအကြိမ်ထိုးပြီးတော့ ပေါ့ဆပြီး စည်းမျဉ်းစည်းကမ်းတွေအရ မနေလို့၊ စည်းမျဉ်းစည်းကမ်းတွေကို အလေးမထားလို့ အဲဒီကြားထဲမှာ ရောဂါ ဖြစ်မယ်ဆိုရင် ဘယ်လောက် နှမြောစရာကောင်းမလဲ။ ကျွန်မတို့ ပထမအကြိမ် ထိုးပေးတဲ့ဆေးကလည်း အဟောသိကံ ဖြစ်သွားမယ်။ နောက် ၂၈ ရက်စောင့် ရုံလောက်နဲ့ ကာကွယ်ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်မယ့် အခွင့်အရေးကို လည်း လွတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုကတည်းကနေပြီး သတိပေး ပါရစေ။ ပထမအကြိမ်ထိုးပြီးရင် ပိုပြီးတော့တောင်မှ သတိထားဖို့ လိုပါတယ်။ တန်အောင်လို့။ ပထမအကြိမ်ထိုးခဲ့ရကျိုးတန်အောင်လို့ အထူးသတိထားပါ။ ဒါမှ ဒုတိယအကြိမ်လည်း ထိုးလိုက်ရော ဒါဟာကာကွယ်ဆေးရဲ့ အာနိသင်ကို အပြည့်အဝရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးရဲ့အာနိသင်ကို အပြည့်အဝရမှာလို့ ကျွန်မ ပြောတဲ့ တစ်ချိန် တည်းမှာပဲ ဒီကာကွယ်ဆေးတွေရဲ့ အာနိသင်နဲ့ပတ်သက်လို့ သေသေချာချာ အားလုံး ကျွန်မတို့ မသိသေးပါဘူး။ ဒီဟာဟာ တစ်ကမ္ဘာလုံးအတွက်စမ်းသပ် ကာလပဲဖြစ်ပါတယ်။ ကျွန်မတို့ စမ်းသပ်နေတာ။ ဒီကာကွယ်ဆေးကို စမ်းသပ် နေတာ။ ဘယ်လောက်ထိ ထိရောက်မလဲ၊ ဘယ်လောက်ကြာကြာ ထိရောက် မလဲ၊ ဒါတွေဟာ အခုထက်ထိ သေသေချာချာတော့ မပြောနိုင်သေးပါဘူး။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ၊ သတိထားပါ၊ မပေါ့ပါနဲ့။ ကျွန်မတို့ဟာ သတိနဲ့နေဖို့ အလေ့အထ လေးတစ်ခုတော့ ဖြစ်အောင်လို့ ကျွန်မတို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ ဒီကြားထဲမှာ ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေလည်း အထူး သတိထားဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ နိုင်ငံတော်တော်များများမှာ ကျွန်မတို့ ပြည်သူတွေလည်း တချို့လည်း ကြားပြီး သိပြီးသားဖြစ်မှာပါ။ နိုင်ငံတော်တော် များများမှာ မျိုးရိုးဗီဇပြောင်းပြီးတော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန်ပြန့်ပွားတဲ့ ကိုဗစ်ရောဂါအဆင့်ကို ရောက်နေပြီလို့ ကျွန်မတို့ဒီလိုပြောလို့ရပါတယ်။ မြန်မြန် ဆန်ဆန်ပြန့်ပွားလေလေ ထိန်းချုပ်ရခက်လေလေပါပဲ။ ဒါကြောင့်မို့ အခုအချိန် မှာ ပိုသတိထားရပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း မျိုးရိုးဗီဇအသစ်တစ်ခု ပြန့်ပွား နေတယ်လို့ ကြားသိရပါတယ်။ တချို့ကလည်း တောင်အာဖရိက က မျိုးရိုးဗီဇ ဟာလည်း ဗြိတိန်နိုင်ငံကဟာနဲ့ မတူဘူး။ သူကလည်း ပြန့်ပွားမှုမြန်တယ်လို့ ပြောနေကြပါတယ်။ အဲဒီတော့ တခြားဘယ်နိုင်ငံတွေမှာ ဘယ်လိုဖြစ်ဦးမလဲ ဆိုတာလည်း ကျွန်မတို့အခု ခန့်မှန်းလို့မရပါဘူး။
ဒါကြောင့် အဓိကအားဖြင့်တော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ ကိုယ့်ကိုယ် ကိုယ် ကာကွယ်ခြင်းအားဖြင့် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရာရောက် ပါတယ်။ ကိုယ်က ဒီရောဂါမရဘူးဆိုရင် ကိုယ့်ဆီက ဘယ်သူကမှလည်း ကူးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့ သတိထားကြပါလို့ ကျွန်မထပ်ပြီးတော့ ဆော်သြပါရစေ။ နောက်တစ်ခုကတော့ ကျွန်မတို့ ဒီကာကွယ်ဆေးအတွက် ရန်ပုံငွေထူထောင်လိုက်တယ် ဆိုတာလည်း ကျွန်မတို့ ပြည်သူတွေ သိမှာပါပဲ။ ထုံးစံအတိုင်းပါပဲ။ ကျွန်မတို့ ပြည်သူတွေက တကယ်ပဲအရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ အားလုံးကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ထည့်ကြပါ တယ်။ ပထမဦးဆုံးတော့ နိုင်ငံတော်ကနေပြီးတော့ ကျပ် ၁ ဘီလီယံပေါ့။ သန်းတစ်ထောင်ကို ထည့်လိုက်ပါတယ်။ မတည်လိုက်ပါတယ်။
ဒီရန်ပုံငွေကို အခုအလှူရှင်တွေက စေတနာရှင်တွေနဲ့ ဝိုင်းပြီးတော့ ထည့်တာဟာ ၁၈ ဒသမ ၇၈၁ ဘီလီယံ ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူတွေ ဘယ်လောက် ရက်ရောလဲဆိုတာ အဲဒါကို မြင်နိုင်ပါတယ်။ ဒါကတော့ ကျပ်ငွေနဲ့ ပေါ့။ နောက်ပြီးတော့ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ကျွန်မတို့ နိုင်ငံတော်ကနေ ပြီးတော့ သန်း ၂၅၀ ပံ့ပိုးလိုက်ပါတယ်။ အဲဒီတော့ ဝိုင်းဝန်းပြီးတော့ ပြည်သူ တွေက ထည့်တဲ့ဟာကလည်း ရှိပါသေးတယ်။ အဲဒီတော့ ကျွန်မတို့ အခြေအနေ က ကောင်းတယ်လို့ ကျွန်မပြောနိုင်ပါတယ်။ ဝိုင်းဝန်းပြီးတော့ ပြည်သူတွေက ထည့်တာ ကျွန်မ ထင်တာကတော့ ၂ ဒသမ ၉၇ သန်းကျော်ပါတယ်။ ဒါကတော့ အမေရိကန်ဒေါ်လာနဲ့ပေါ့။ ဒါကျွန်မတို့ အလှူရှင်တွေ ဝိုင်းဝန်းပြီးတော့ ထည့်တာပါ။ ဒီငွေတွေကို ကျွန်မတို့ကနေပြီးတော့ ထိုက်ထိုက်တန်တန်နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကာကွယ်ဖို့အတွက် ပြည်သူလူထုကို ကိုဗစ် - ၁၉ ကာကွယ်ရေး ဆေးထိုးပေးနိုင်ဖို့အတွက် သုံးသွားမှာပါ။ ဘာမှလည်း အဖိတ် အစဉ် မဖြစ်စေရပါဘူး။ ပြည်သူတွေအနေနဲ့လည်း ဒီလိုဝိုင်းဝန်းပြီးတော့ ကူညီ မစတဲ့အတွက် ကျွန်မတို့အင်မတန်မှ ကျေးဇူးတင်တယ်လို့လည်း ပြောချင် ပါတယ်။
ကျွန်မတို့နိုင်ငံအတွက် ဂုဏ်ယူစရာလည်းဖြစ်တယ်။ ဝမ်းသာစရာလည်း ဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။ အခုအချိန်မှာ နှစ်သစ်အတွက် ကျွန်မတို့ နှစ်သစ်က ကောင်းတဲ့သတင်းတွေနဲ့ စရတယ်လို့ ပြောနိုင်တာပေါ့။ မင်္ဂလာရှိတဲ့ နှစ်သစ်လို့လည်း ပြောနိုင်ပါတယ်။ ဆက်ပြီးတော့လည်း မင်္ဂလာရှိတဲ့နှစ် ဖြစ်သွားပါစေလို့လည်း ကျွန်မအနေနဲ့ ဆုတောင်းပါတယ်။ ပြည်သူတွေကလည်း ဒီလိုမင်္ဂလာရှိတဲ့နှစ် ဖြစ်သွားဖို့အတွက် ကိုဗစ်ရောဂါထိန်းချုပ်ရေး၊ ကိုဗစ်ရောဂါ ကုသရေး အစီအစဉ်တွေအားလုံး အောင်မြင်ဖို့ ဝိုင်းပြီးတော့ ကူညီမစပေးကြပါလို့ ကျွန်မအနေနဲ့ တောင်းခံရင်းနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ်။ ကျေးဇူးတင်ပါတယ်။