နေပြည်တော်တွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန စတင်တည်ဆောက်

 

 

နေပြည်တော် ဇန်နဝါရီ ၂၀

 

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အဦပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညစျေးအနီးရှိ သတ်မှတ်မြေနေရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOICA)မှ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြပြီး စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ စျေးကွက်ဗဟိုဌာန အဆောက်အဦ ပန္နက်တင်အခမ်းအနားကို ဆောင်ရွက်ကြ သည်။

အဓိက အရေးပါလျက်ရှိ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် စိုက်ပျိုးသီးနှံ ထုတ်လုပ်ရေးကဏ္ဍသည် အဓိက အရေးပါလျက်ရှိပြီး နေ့စဉ် စားသုံးမှုအတွက် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး ကောင်းမွန်ပြီး အာဟာရတန်ဖိုးမြင့်မားရေး၊ ပြည်တွင်း ဖူလုံစွာစားသုံးနိုင်ရေးနှင့် နိုင်ငံခြားစျေးကွက်သို့ အဆင့် အတန်းမီ တင်ပို့နိုင်ရေးတို့အတွက် များစွာအရေးပါလျက် ရှိကြောင်း၊ စိုက်ပျိုးထုတ်ကုန်များ လေလွင့်ဆုံးရှုံးမှုများပြား နေခြင်းကို လျှော့ချနိုင်ရေးအတွက် နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည့်နည်းတူ မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်စနစ် တိုးတက်လာစေရေး၊ တောင်သူအိမ်ထောင်စုများ လူမှုစီးပွားဘဝတိုးတက်ရေး တို့အတွက် ယခုကဲ့သို့ စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်ဌာန နှင့် ထုတ်ကုန်ပြုပြင်ရေးဌာန တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက၊ ထုတ်လုပ်သူတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာစျေးကွက် နှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ဒေသနေ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို များစွာ အထောက်အကူဖြစ်စေရန် မျှော်မှန်းပါကြောင်း ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ KOICA ဌာနေကိုယ်စား လှယ် Ms. Lee Youn Soo က ကျေးဇူးတင်စကား ပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ စျေးကွက် ဗဟိုဌာန အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြ သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန တည်ထောင်ခြင်းစီမံကိန်းကို ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုရီးယားနိုင်ငံ၏ အကူအညီ အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၇ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်းကို စိုက်ပျိုးထုတ်လုပ် သူနှင့်စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို လည်းကောင်း၊ ရှမ်းပြည်နယ် ဟဲဟိုး မြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေးဌာန ကိုလည်းကောင်း တည်ဆောက်သွားမည်ဖြစ်သည်။

ထွက်ကုန်များကို လက်လှမ်းမီရရှိနိုင်

ယင်းစီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူများ အတွက် စိုက်ပျိုးထွက်ကုန်များ၏ ဈေးကွက်သတင်းအချက် အလက်များကို ရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှု အခြေအနေများကို ဖန်တီးပေးနိုင်မည်ဖြစ်ကာ အဆင့်မြင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ထုတ်ကုန်စံချိန်စံညွှန်း များ၊ အစားအစာဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် စားသုံးသူများအနေဖြင့်လည်း အရည်အသွေးကောင်း၍ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေး ထွက်ကုန်များကို လက်လှမ်းမီရရှိနိုင်မည်ဖြစ်သည်။

အဓိက စိုက်ပျိုးထုတ်လုပ်သည့် နေရာများတွင် ထုတ်ကုန်များ တန်ဖိုးမြှင့်တင်ခြင်းဖြင့် ကနဦး စိုက်ပျိုး ထုတ်လုပ်သူအဆင့်မှာပင် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက် ကို တိုးတက်လာစေရန် ရည်ရွယ်၍ ယခုတည်ဆောက်မည့် နေပြည်တော် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟို ဌာန နှင့် ဟဲဟိုးမြို့တွင် ဆောင်ရွက်မည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန် ပြုပြင်ရေးဌာန (Agricultural Product Pro-cessing Center - APPC) များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါဌာနများက စိုက်ပျိုး ရေးထုတ်ကုန်များ အုပ်စုခွဲခြင်း၊ ထုပ်ပိုးခြင်း၊ အဆင့်အတန်း ခွဲခြားခြင်း၊ စံသတ်မှတ်ခြင်း၊ ကုန်အမှတ်တံဆိပ် သတ်မှတ် ခြင်း၊ အအေးခန်း သိုလှောင်ခြင်းနှင့် ထုတ်ကုန် ပြုပြင်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် တောင်သူအဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေ ခြင်းဖြင့် တောင်သူလယ်သမားများကိုယ်တိုင် သီးနှံဈေးနှုန်း ညှိနှိုင်းနိုင်ကြမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ စနစ် တကျဖြင့် အရှိန်အဟုန်ကောင်းစွာ အောင်မြင်လာစေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် စည်ပင် သာယာစျေးများဌာနတို့ ပူးပေါင်း၍ နည်းပညာ၊ အရင်း အနှီး၊ စျေးကွက် ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ထံမှ သိရသည်။

ဈေးကွက်ဌာနများမှတစ်ဆင့် ဈေးကွက်သတင်းအချက် အလက်ပံ့ပိုးခြင်း၊ ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေခြင်း၊ ထုတ်ကုန် များ စံချိန်စံညွှန်းနှင့် ပြည့်မီလာစေခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ခြင်းတို့အပြင် အအေးခန်းသိုလှောင် နိုင်ခြင်းကဲ့သို့ အခြေခံအဆောက်အဦဆိုင်ရာလုပ်ငန်းများ ပိုမိုအားဖြည့်ပေးနိုင်ခြင်းတို့ကြောင့် ပိုမိုယုံကြည်စိတ်ချ ရသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်စနစ် များ ဖွံ့ဖြိုးလာစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) ၏ မျှော်မှန်းရလဒ်များ ရရှိနိုင်ရန်အတွက်ကိုလည်း ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်