အပင်အာဟာရဓာတ်များ သိရှိဖို့ မြေနှင့်အပင်ကို ဓာတ်ခွဲကြည့်ကြစို့

Type
5

 

ဒေါက်တာ နီနီတင့်

 

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ၊ မြေဆီလွှာသုတေသနဌာနစုသည် သီးနှံပင်များအတွက် အပင်အာဟာရဓာတ်များ အကျိုးရှိစွာသုံးစွဲရေးသုတေသနလုပ်ငန်းများ၊ မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ် ထိန်းသိမ်းနည်းဆိုင်ရာသုတေသနလုပ်ငန်းများ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် စျေးကွက်စနစ်များအရ အရည်အသွေးပြည့်မီသော သီးနှံများရရှိရေးအတွက် သုံးစွဲသင့်သော မြေသြဇာအမျိုးအစား၊ နှုန်းထားနှင့် ထည့်သွင်းနည်းစနစ်ဆိုင်ရာ သုတေသန လုပ်ငန်းများ၊ မြေနမူနာများနှင့် အပင်နမူနာများ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ နည်းစနစ်များ သုတေသနပြုဖော်ထုတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးပေးခြင်း လုပ်ငန်းများကို သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

 

မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ် ထိန်းသိမ်း နည်းဆိုင်ရာ နည်းစနစ်များ ဖော်ထုတ်ရန်၊ သီးနှံပင်များ အတွက် မြေဩဇာအကျိုးရှိစွာသုံးစွဲနည်းများ ဖော်ထုတ် ရန်၊ ဒေသအလိုက်မြေနမူနာဓာတ်ခွဲစစ်ဆေးခြင်းရလဒ်ကို အခြေခံ၍ မြေဩဇာနှုန်းထား ထောက်ခံချက်များပေးရန်၊ ဓာတ်ခွဲ စမ်းသပ်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) လက်အောက်ရှိ South-East Asia Laboratory Network (SEALNET) ၏ စံချိန်စံညွှန်းများနှင့် တူညီစေရေး ဆောင်ရွက်ရန်နှင့် မြေနမူနာနှင့် အပင်နမူနာ ဓာတ်ခွဲ စစ်ဆေးနည်းများ သုတေသနပြုဖော်ထုတ်ရန်နှင့် ဓာတ်ခွဲ စစ်ဆေးပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။

များစွာအထောက်အကူ ဖြစ်စေ

အပေါ်ယံမြေဆီလွှာ အထူတစ်လက်မ ဖြစ်ပေါ်လာရန် နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်သောကြောင့် မြေဆီလွှာ သည် တန်ဖိုးကြီးမားသည့် ပြန်လည် အစားထိုးမရနိုင်သော သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ မြေဆီလွှာ အပေါ်တွင် သီးနှံစိုက်ပျိုးရာ၌ မိမိစိုက်ပျိုးထားသော သီးနှံ ပင်များသည် အာဟာရဓာတ် စုံညီမျှတစွာ မရရှိပါက မိမိ မျှော်မှန်းထားသော အထွက်နှုန်းကို မရရှိနိုင်ပေ။ မြေဆီ ထက်သန်ခြင်းဆိုသည်မှာ မိမိစိုက်ပျိုးလိုက်သော သီးနှံပင် ၏ အာဟာရဓာတ် လိုအပ်ချက်ကို ပြည့်မီရန်နှင့် ထိုမြေဆီ လွှာမှ အာဟာရဓာတ်အမျိုးအစားနှင့် အချိုးအစားမှန်ကန် စွာ ပံ့ပိုးပေးနိုင်ခြင်းကို ဆိုလိုသည်။ မြေဆီလွှာကို ဓာတ်ခွဲ စစ်ဆေးပေးခြင်းဖြင့် မြေအမျိုးအစား၊ သစ်ဆွေးဓာတ်၊ မြေချဉ်/ ငန်ဓာတ်၊ အပင်မှ စားသုံးနိုင်သော အာဟာရဓာတ် ပါဝင်မှုပမာဏများအား တိုင်းတာသိရှိနိုင်ပြီး ထိုဓာတ် ခွဲစစ်ဆေးရလဒ်အဖြေသည် မြေဆီအာဟာရဓာတ်ဆိုင်ရာ စီမံခန့်ခွဲမှုပြုလုပ်ရာတွင် များစွာအထောက်အကူ ဖြစ်စေ ပါသည်။

တစ်ခါတစ်ရံ မြေဆီလွှာတွင် အပင်အာဟာရ ဓာတ်များရှိနေသော်လည်း ထိုအာဟာရဓာတ်များသည် အပင်စားသုံးနိုင်သောပုံစံ ဖြစ်မနေခြင်း၊ မြေချဉ်/ငန်ဓာတ် များ၏ ထိန်းချုပ်မှုများကြောင့် အပင်မှမရရှိခြင်း၊ အစို ဓာတ်လုံလောက်မှုမရှိ၍ အပင်မှမရရှိနိုင်ခြင်း၊ မြေကျပ် တည်းမှုများကြောင့် အပင်မှ မရရှိနိုင်ခြင်းများလည်း ရှိနေနိုင်ပါသည်။ ထို့ကြောင့် အပင်များတွင် လိုအပ်သော အပင်အာဟာရဓာတ်များ စုပ်ယူထားနိုင်သည်၊ မထားနိုင် သည်ကို သိရှိရန် အပင်နမူနာများ၊ အရွက်နှင့် အပင်အစိတ် အပိုင်းအလိုက် ဓာတ်ခွဲခြင်းဖြင့်လည်း သိရှိနိုင်ပါသည်။

မြေဆီလွှာသုတေသနဌာနစုရှိ မြေနှင့် အပင်နမူနာ ဓာတ်ခွဲခန်းသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (FAO)၊ အာရှမြေဆီလွှာအဖွဲ့ (Asian Soil Par- tnership) လက်အောက်ရှိ South-East Asia Laboratory Network (SEALNET)မှ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ဓာတ်ခွဲခန်းအဖြစ် ၂၀၁၇ ခုနှစ်ကတည်းကပင် သတ်မှတ် ထားခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် ဓာတ်ခွဲနည်းစနစ်များနှင့် ဓာတ်ခွဲအဖြေ များ၏ ယူနစ်များကို အခြားအာရှနိုင်ငံများနှင့် တူညီသော စနစ်ဖြင့် စံချိန်စံညွှန်းကိုက်ညီစွာ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

စနစ်တကျ မြေနမူနာ ကောက်ယူနည်း

မိမိစိုက်ပျိုးမြေများမှ မြေနမူနာများကို ပေးပို့ရာတွင် အဖြေတိကျမှန်ကန်နိုင်ရေးသည် မြေနမူနာယူရာတွင် စနစ်တကျမှန်ကန်ဖို့ရာသည် ပထမအရေးကြီးဆုံးအချက် ဖြစ်ပါသည်။ မြေနမူနာကောက်ယူရာတွင် မြေဩဇာ ထည့်သွင်းပြီးသည့်အကွက်များ၊ ကြက်ချေး၊ နွားချေးများ ရှိသည့် နေရာများ၊ ကတ္တရာလမ်းမနံဘေး၊ သစ်ရွက်ဆွေး မြေဆွေးရှိသည့် နေရာများ၊ စားကျက်မြေများ စသည့် နေရာများကို ရှောင်ရှားရပါမည်။

မြေနမူနာကောက်ယူမည့် စိုက်ကွင်းဧရိယာသည် မြေပြင်ညီမဟုတ်ဘဲ တောင်ကုန်းများ၊ လျှောစောက်များ၊ ရေဝပ်အနိမ့်ပိုင်းနေရာများ၊ ချိုင့်ဝှမ်းများရှိပါက ထိုဧရိယာ များကို ကိုယ်စားပြုသော နေရာများမှ ယူပေးရမည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် သီးနှံစိုက်ပျိုးမြေ တစ်ဧကလျှင် ကျပန်းနေရာ ၂၀ ၏ အပေါ်ယံခြောက်လက်မ အနက်မှ ယူထားသော နှစ်ပေါင်ခန့် (၅၀ ကျပ်သားခန့်) အလေးချိန် ရှိသည့် မြေနမူနာသည် ဓာတ်ခွဲစမ်းသပ်ရန် လုံလောက် ပါသည်။

စိုက်ပျိုးသီးနှံအတွက် ထွန်ရေးထယ်ရေး မယူမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီးချိန်တွင် မြေနမူနာယူရ မည် ဖြစ်ပါသည်။ တစ်ဧကလျှင် ကျပန်းနေရာ ၂၀ အား ဇစ်ဇတ်ပုံ၊ ထောင့်ဖြတ်ပုံစသည်ဖြင့် ရယူနိုင်ပါသည်။

သမန်းခင်းမှ မြေနမူနာယူခြင်း

စပါးစိုက်ပျိုးရန် သမန်းပြုလုပ်ထားသောနေရာမှ မြေနမူနာယူမည်ဆိုပါက အရှည်တစ်ပေခန့်ရှိသော ပီဗွီစီ ပိုက်တွင် ခြောက်လက်မနေရာ၌ အပေါက်ငယ်များ ဖောက်ပြီး ထိုပိုက်ကိုအသုံးပြုပြီး မြေနမူနာအစိုကို ရယူ နိုင်ပါသည်။

မြေနမူနာထုပ်ပိုးခြင်း

မြေနမူနာထည့်မည့် အိတ်သည် တစ်ခါမျှမသုံးရသေး သော ပလတ်စတစ်အိတ်အသစ် ဖြစ်ရပါမည်။ ဆေးစိမ် သည့် မျိုးစေ့များထည့်ထားသည့် အိတ်များ၊ မသန့်ရှင်း သော ကြွပ်ကြွပ်အိတ်များ၊ သတင်းစာအဟောင်းဖြင့် ပြုလုပ်ထားသော စက္ကူအိတ်များဖြင့် မထည့်သင့်ပါ။ နမူနာထုပ်တွင် ကောက်ယူခဲ့သည့်နေရာ၊ မြေအနက်နှင့် ကောက်ယူခဲ့သည့် နေ့စွဲတို့ကို သေချာစွာဖော်ပြပြီး မည်သည့်အကြောင်းအရာကြောင့် ဓာတ်ခွဲလိုသည်ကို ရှင်းလင်းစွာရေးသားကာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မြေဆီလွှာသုတေသနဌာနစုသို့ ပေးပို့နိုင်ပါသည်။

 အပင်နမူနာများဓာတ်ခွဲစစ်ဆေးခြင်း

အပင်နမူနာများဓာတ်ခွဲစစ်ဆေးခြင်းကို စိုက်ပျိုးသီးနှံ များ၏ အပင်အာဟာရဓာတ်နှင့် ပတ်သက်သော ချို့တဲ့ ခြင်းနှင့် အဆိပ်သင့်ခြင်း လက္ခဏာများအား စစ်ဆေး ဖော်ထုတ်နိုင်ရန်၊ စိုက်ပျိုးသီးနှံများ၏ အပင်ရှိအာဟာရ ဓာတ်အခြေအနေများကို သိရှိနိုင်စေရန်နှင့်အပင်မှသီးနှံ ပင် သက်တမ်းတစ်လျှောက်တွင် အာဟာရဓာတ်စုပ်ယူမှု (plant uptake) အခြေအနေတို့ကို သိရှိနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။

မိမိ၏ ရည်ရွယ်ချက်အပေါ်မူတည်၍ အပင်နမူနာ ယူပုံယူနည်းစနစ် ကွဲပြားနိုင်ပါသည်။ မိမိအပင်မှာ ချို့တဲ့မှု လက္ခဏာများ တွေ့ရှိပါက ချက်ချင်း အပင်နမူနာရယူ ဓာတ်ခွဲရန် လိုအပ်ပါသည်။

အပင်ကြီးထွားမှု ရပ်ဆိုင်းပြီး အပင်အာဟာရဓာတ် ချို့တဲ့သည်ဟု သံသယရှိပါက အပင်နမူနာများ ကောက်ယူ ရာတွင် ကြီးထွားမှုရပ်တန့်သည့် အပင်များ၊ အာဟာရဓာတ် ချို့တဲ့မှုလက္ခဏာပြသည့် အပင်များနှင့် ကပ်လျက်အကွက် တွင်ရှိသော ပုံမှန်ကြီးထွားမှုရှိသည့် ဧရိယာမှ အပင်များ အား နုတ်ယူခြင်းဟူ၍ အပင်နမူနာများအား ပေးပို့သင့်ပါ သည်။

အကယ်၍ စိုက်ပျိုးသီးနှံပင်များ၏ အာဟာရဓာတ် စုပ်ယူမှုကိုသိလိုပါက အပင်နမူနာရယူစစ်ဆေးနိုင်ပါသည်။

တိကျသေချာသော အဖြေများရရှိရန် သီးနှံအလိုက်၊ ကြီးထွားမှုအဆင့်အလိုက် အပင်နမူနာယူရမည့် အစိတ် အပိုင်းမှန်ကန်ရန် အလွန်အရေးကြီးပါသည်။ အပင်အများ စုမှ နမူနာယူလိုက်သော အစိတ်အပိုင်းသည် မိမိနမူနာယူ လိုသောဧရိယာကို ကိုယ်စားပြုသော တန်ဖိုးပမာဏကို ပေးနိုင်သော အပင်နမူနာအဖြစ် သေချာစေရမည်။ အပင် နမူနာများအား အခန်းအပူချိန်တွင်သာ အခြောက်ခံရပြီး နေမလှန်းရပါ။ အပင်နမူနာများအား သတင်းစာစက္ကူ၊ ပလတ်စတစ်အိတ်မသုံးဘဲ ရိုးရိုးစက္ကူအိတ်ဖြင့်သာ ထည့်ရမည်ဖြစ်ပါသည်။

မြေနှင့် အပင်နမူနာဓာတ်ခွဲခြင်းကို ခေတ်မီစက်ကြီး များဖြင့် ဓာတ်ခွဲပေးလျက်ရှိပါသည်။ မိမိစိုက်ပျိုးမြေနှင့် အပင်တို့မှ အရေးကြီးသော အာဟာရဓာတ်များ သိရှိစေရန် မြေနှင့်အပင် နမူနာဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ပါသည်။ မြေနှင့် အပင်နမူနာဓာတ်ခွဲခန်းအနေဖြင့် ဓာတ်ခွဲစစ်ဆေး တွေ့ရှိချက်အဖြေများအပေါ် မူတည်၍ မြေဆီလွှာပြုပြင် ထိန်းသိမ်းခြင်းအတွက် သုံးသပ်ချက်များ ရေးသားပေးခြင်း၊ တောင်သူများ စိုက်ပျိုးသော သီးနှံအလိုက်မြေဩဇာနှုန်း ထား ထောက်ခံချက်များပေးခြင်း၊ မြေဆီထိန်းသိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖြစ် စေရန် မြေဆီလွှာစီမံခန့်ခွဲခြင်းဆိုင်ရာ အကြံပြုချက်များ ရေးသားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

မြေအတွင်းနှင့်အပင်အတွင်းတွင် မိမိတို့သာမန်မျက်စိ ဖြင့် မမြင်နိုင်ဘဲ ဓာတ်ခွဲစစ်ဆေးမှသာ တွေ့ရှိနိုင်မည့် အဖြေများကို မှန်ကန်တိကျစွာ ဖော်ထုတ်နိုင်ရန်နှင့် မြေဆီ အာဟာရဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန်အတွက် မြေနှင့် အပင်နမူနာဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက် ရပါသည်။ ။