
နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပ သည်။
အစည်းအဝေးတွင် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဘွဲ့တံဆိပ်တော် ဆက်ကပ်မှု အခြေအနေမှာ ပြည်တွင်းဘွဲ့ခံ ရဟန်းတော် ၃၈၂ ပါး၊ သီလရှင် ၃၈ ပါး၊ ပြည်ပဘွဲ့ခံရဟန်းတော် ၂၁ ပါး၊ သာသနာပြုလူပုဂ္ဂိုလ် ခုနစ်ဦးနှင့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူ ပုဂ္ဂိုလ် ၃၅ ဦး စုစုပေါင်း ၄၈၃ ပါး/ဦး ရှိကြောင်းနှင့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်း၊ အခမ်းအနား ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဆပ်ကော်မတီ အသီးသီးအနေဖြင့် အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဆပ်ကော်မတီ အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်