တန်ဖိုးထားတတ်ခြင်းဖြင့် တန်ဖိုးမြင့်သူဖြစ်ပါစေ

Type

 

ဒေါက်တာမြတ်မိုး
 

တန်ဖိုး (Value) ဟူသည့် စကားလုံးတစ်ခုအပေါ် သင်မည်သို့နားလည်ပါသနည်း။ “တန်ဖိုးရှိတယ်၊ တန်ဖိုးမဲ့တယ်၊ တန်ဖိုးဖြတ်တယ်၊ တန်ဖိုးထားတယ်” မတူညီ သည့် တန်ဖိုးများ စသည်ဖြင့် အမျိုးမျိုးသုံးနှုန်းဖူးကြသလို ဖွင့်ဆိုချက်လည်း အမျိုးမျိုး ရှိကြသည်။ ဘ၀တန်ဖိုး၊ လူ့တန်ဖိုး၊ စည်းကမ်းတန်ဖိုး၊ လွတ်လပ်ရေး၏တန်ဖိုး၊ ငြိမ်းချမ်းခြင်း၏ တန်ဖိုး၊ ဝန်ဆောင်မှုတန်ဖိုးဟူ၍လည်း အမျိုးမျိုးသုံးစွဲကြလိမ့်မည်။ 
အချို့နေရာများတွင်  မိမိကိုယ်မိမိ တန်ဖိုးထား (Self Esteem) ၍ မိမိတစ်ဦးချင်း၏ တန်ဖိုးကို မြင့်မား အောင် ကြိုးစားအားထုတ်ပြီး အဖွဲ့အစည်းတန်ဖိုးကို မြှင့်တင်နေသူများလည်းရှိကြရာ   ၎င်းတို့အနေဖြင့် တန်ဖိုးဟူသည့်   သဘောတရားတစ်ခုကို   ဧကန် နားလည်သူများဟု ဆိုထိုက်ပါသည်။ သို့သော် နေရာ အတော်များများတွင် တန်ဖိုးကို နားလည် လက်ခံပုံ၊ သဘောပေါက်ပုံများ   မတူညီကြသည်ကိုလည်း တွေ့ရပြန်သည်၊၊ 
တန်ဖိုးထားပုံတွေ မတူညီကြ၍ မငြိမ်းချမ်းခြင်းဖြစ် 
အကြောင်းမှာ  တစ်ဦးတစ်ယောက်၏   တန်ဖိုး အပေါ် တိုင်းတာသော ချိန်ခွင်မတူကြ၍  ဖြစ်မည် ထင်သည်။ ထင်သာမြင်သာသော ရုပ်ပစ္စည်းတစ်ခု၏ အရည်အသွေး တန်ဖိုးအပေါ် ကျပ်၊  ဒေါ်လာ၊  ယွမ် စသည့်   ကိန်းဂဏန်းအတိအကျဖြင့်   တိုင်းတာ သတ်မှတ်နိုင်သော်လည်း မမြင်သာသော စိတ်ပိုင်း ဆိုင်ရာသဘောတရားများ ပါဝင်သည့် အရည်အချင်း တန်ဖိုးကိုမူ တိုင်းတာရန်ခက်ခဲလှသည်။ မိမိတန်ဖိုး မိမိကိုယ်တိုင် မသိသူများ ရှိနိုင်သလို အခြားသူ၏ တန်ဖိုးကို   မသိတတ်သူ၊   အကဲမဖြတ်တတ်သူ၊ တန်ဖိုးနားမလည်သူ၊     တန်ဖိုးမထားတတ်သူများ လည်း  ရှိနေနိုင်ပါသည်။ လူတွေ၏  တန်ဖိုးဖြတ်မှုများ ကွာခြား၍ တန်ဖိုးထားပုံများ ကွဲပြားသွားရသည်။ 
တစ်ဦးနှင့်တစ်ဦး ရှိရင်းစွဲ တန်ဖိုးများ မတူညီကြ သည့်အပြင် သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုး အပြန်အလှန် သိမြင်နားလည်ပုံများ ကွာခြား၍လည်း တန်ဖိုးထား မှုများ မတူညီကြခြင်း ဖြစ်ဟန်တူသည်၊၊ အခြေခံကား သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုး အပြန်အလှန် လေးစားမှုမရှိ၊ တန်ဖိုးဖြတ်နိုင်စွမ်းမရှိဘဲ တန်ဖိုးမဲ့အောင် ပြုလိုက် သကဲ့သို ပြုမိခြင်းကြောင့်ဖြစ်သည်။ ထိုအခါ တစ်ဦး နှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားတွေလည်း မတူကြတော့။            သဘောထား        ခံယူချက်များ မတိုက်ဆိုင်သည့်အခါ   ပဋိပက္ခအသွင်ဖြစ်လာပြီး လူ့အဖွဲ့အစည်းအတွင်းမှာ မငြိမ်းချမ်းမှုများ ဖြစ်ပေါ် လာတော့သည်၊။  ထိုအခါ   တန်ဖိုးများကို   ဘယ်လို ညှိကြမလဲ။ ညှိယူကြရန်  လိုအပ်ကောင်း လိုအပ်လာ နိုင်ပါသည်။ 
ကိုယ်ပိုင်တန်ဖိုးထားမှုများအပေါ် နားလည်ပေးရန်လို 
ထိုအခါ မတူညီသည့်တန်ဖိုးများအကြား တစ်ဦး ချင်း၏   ကိုယ်ပိုင်တန်ဖိုးထားမှုသည် အလွန်ပင် အရေးပါကြောင်း နားလည်လက်ခံရမည်သာ   ဖြစ် သည်။ အကြောင်းမှာ လူများသည်  မိမိတန်ဖိုးထား သည့်အတိုင်း ထိုက်တန်သည်ဟု ယူဆဆုံးဖြတ်၍ ပြုမူကြ၊   နေထိုင်တတ်ကြခြင်းကြောင့်  ဖြစ်သည်။ မိမိကိုယ်တိုင်   တစ်စုံတစ်ရာအပေါ်   တန်ဖိုးထားမှု သည် မိသားစုဆွေစဉ်မျိုးဆက် လက်ခံထားကြသည့် အစဉ်အလာအတိုင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကျင်လည်ရာပတ်ဝန်းကျင်၊       လုပ်ငန်းခွင်ကြောင့် လည်းကောင်း၊ ရုန်းကန်ရပုံချင်း မတူညီခြင်းကြောင့် လည်းကောင်း    ဖြစ်နိုင်သည်။   တန်ဖိုးထားမှုများမတူညီကြခြင်းမှာလည်း       သူလက်ခံသောအရာ၊ ကိုယ်လက်ခံသောအရာ၊   သူနှစ်သက်သောအရာ၊ ကိုယ်နှစ်သက်သောအရာ   မတူကြ၍   ဖြစ်သလို လွတ်လပ်စွာ    ရွေးချယ်ပုံခြင်း     မတူကြ၍လည်း ဖြစ်နိုင်သည်။ 
တန်ဖိုးဖြတ်ရန် ခက်ခဲတတ်သော်လည်း 
အသိအမှတ် ပြုနိုင်ရန်လို 
မည်သို့ဆိုစေ သူတစ်ဦးတစ်ယောက်၏ တန်ဖိုး ထားမှုနှင့်  အပြုအမူသည် အပြန်အလှန် လွှမ်းမိုးမှု ရှိပါသည်။ တန်ဖိုးတစ်ခုသည်  သူနှင့်ထိုက်တန်မှု၊ မထိုက်တန်မှု၊  အောင်မြင်မှု၊ မအောင်မြင်မှု၊ လူရာ ဝင်မှု၊  မဝင်မှုကို  ရှေးရှုပါသည်။  တန်ဖိုးဟူသည့် အဓိပ္ပာယ်တွင် ရုပ်ပစ္စည်း၏ ထိုက်တန်မှုကို ငွေစက္ကူ မျှဖြင့်   တန်ဖိုးဖြတ်၍   ထိုက်သည်၊  မထိုက်သည် သဘောတရားများ သက်ဝင်သော်လည်း သက်ရှိတို့ ၏   တန်ဖိုးကိုမူ  တန်ဖိုးဖြတ်ရန် ခက်ခဲတတ်သည်။ အချို့က ကျဉ်းထဲကျပ်ထဲ၊ အကျပ်အတည်းတွေ့မှ သူ၏ အရည်အချင်းကိုပြသခွင့်ရပြီး သူ၏တန်ဖိုးကို အသိအမှတ်ပြုခြင်းခံရသည်လည်း ရှိသည်။ 
အချို့ကလည်း  လိုအပ်နေသော  ကျွမ်းကျင်မှု သို့မဟုတ်   လက်နက်ကိရိယာတစ်ခုခု   တပ်ဆင် ဆင်ယင်ပေးလိုက်မှ တန်ဖိုးတက်လာခြင်းမျိုးလည်း ရှိသည်။ ဘာသာတရား အဆုံးအမနှင့် ဘာသာတစ်ခု ၏ တန်ဖိုးကို ဒုက္ခရောက်မှ၊ သေခါနီးမှ သိနားလည်၍ မဖြစ်သလို       မိဘ၏တန်ဖိုး ကို     မိဘများမရှိတော့မှ သိနေ၍ မည်သို့ထူးလာမည်နည်း။ အချို့ ဝန်ထမ်း အငြိမ်းစားကြီးများ လုပ်ငန်းဌာနမှ ထွက်ခွာသွား သော်လည်း    သူတို့ကိုယ်သူတို့     ဘယ်တော့မှ အငြိမ်းစားယူသည်မမှတ်၊ အချို့က အကြံပေး၊ အချို့ က    အလှူဒါန   ဘာသာ   သာသနာအတွက်၊ ကျန်းမာရေးအတွက်   ငွေကြေးရှာဖွေဆဲ၊  ငွေကြေး မရဘဲဖြစ်ဖြစ်၊ ရ၍ဖြစ်ဖြစ်  ဆက်လက်ကြိုးစား လှုပ်ရှားသူတွေ များစွာရှိသည်။ သူတို့သည် တက်ကြွ အောင်မြင်စွာဖြင့်   သူတို့၏   ကိုယ်ပိုင်ထုတ်လုပ်မှု တန်ဖိုး (productive value) ကို မြှင့်တင်ဆဲဖြစ်သလို လူ့အဖွဲ့အစည်းအတွက်လည်း သူတို့၏တန်ဖိုးများ မြင့်မားဆဲဖြစ်သည်ကို တွေ့ဖူးပါသည်။ 
တန်ဖိုးများကို နားလည်တတ်မှသာ 
အမှန်တရား၏   တန်ဖိုးကို    အမှားတွေ့မှသာ ရှာဖွေတွေ့ရှိနိုင်သည်။   စည်းကမ်း၏   တန်ဖိုးကို တရားဥပဒေစိုးမိုးမှုမရှိ ပရမ်းပတာဖြစ်မှ သိမြင်လာ သည့်အခါ  ပြုပြင်ရန်  အတော်နောက်ကျနေပေပြီ။ ကျန်းမာခြင်း၏တန်ဖိုးကို   ရောဂါဖြစ်မှ၊   ဆရာဝန်၊ သူနာပြုတန်ဖိုးကို ဆရာဝန် သူနာပြု မရှိမှ နားလည် နေ၍လည်း ရောဂါက ကျွမ်းနေလောက်ပါပြီ။ လူပုံ အလယ်မှာ  အနှိမ်ခံရမှ  လူတန်းစေ့မနေရတော့မှ ပညာ၏တန်ဖိုးနှင့် ဆရာကောင်းတစ်ဆူ၏ တန်ဖိုး ကို သဘောပေါက်၍ မဖြစ်သေးပါ။ 
လွတ်လပ်မှုမရှိမှ၊  အချုပ်အခြာဆုံးရှုံးသွားမှ လွတ်လပ်ခြင်း၏ အရသာကို ပြန်လည်ခံစားချင်၍ မရသကဲ့သို့ ငြိမ်းချမ်းမှုမရှိမှ စည်းလုံးညီညွတ်ခြင်း ၏တန်ဖိုးကို၊ အဓိပ္ပာယ်ကို ဖော်နေ၍လည်း မည်သို့မှ ဖြစ်လာမည်မဟုတ်။          အမြော်အမြင်ရှိသော  ခေါင်းဆောင်ကောင်းတစ်ယောက်၏     တန်ဖိုးကို ထိုခေါင်းဆောင်မရှိတော့မှ   သို့မဟုတ်  အောင်မြင်မှု မရတော့မှ  သိမြင်လာ၍လည်း အကျိုးရှိတော့မည် မဟုတ်၊  ခေါင်းဆောင်ကောင်း   လက္ခဏာများကို  နားလည်နိုင်စွမ်းရှိမှသာ   ခေါင်းဆောင်မှု  အရည် အချင်းကို တန်ဖိုးထားတတ်သူဖြစ်ပါမည်။
သူ့တန်ဖိုးနှင့်သူဖြစ်၍          မူလတည်ရှိနေသော တန်ဖိုးများကို ဖော်ထုတ်နိုင်စွမ်းရှိရန်သာ  လိုသည်။ တန်ဖိုးထားရကောင်းမှန်း  သိနေရန်သာလိုပါသည်။  ထိုသို့ဖော်ထုတ်နိုင်စွမ်းအားနည်း၍  မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်းများ   ဖြစ်နေရခြင်းဖြစ်သည်။  မူလ တန်ဖိုးများကို မညှိနိုင်၍ ပဋိပက္ခများကို မဖြေရှင်း နိုင်ခြင်းဖြစ်သည်။ လုပ်ငန်းဌာနတစ်ခုရှိ သန့်ရှင်းရေး အလုပ်သမားတစ်ဦးသည်ပင်      အခြားဝန်ထမ်းများ ကဲ့သို့ပင်    သူ့တန်ဖိုးနှင့်သူ  ရှိသည်။    အမှိုက်သရိုက် များနှင့်   ညစ်ပတ်သောလုပ်ငန်းခွင်သည်   ဝန်ထမ်း များ၏ ကျန်းမာရေး၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု များအထိ ဖြစ်သွားနိုင်သည့်အတွက် သူ၏တန်ဖိုးကို အသိအမှတ်ပြုနိုင်ရပါမည်။           တန်ဖိုးဟူသည်ကို အကြီးဆုံးသော   အကြီးအကဲမှသည်   အောက်ခြေ ဝန်ထမ်းအထိ   ပိုင်ဆိုင်ထားသည်ကို   ဆိုလိုခြင်း ဖြစ်ပါသည်။ 
ယုံကြည်ချက်မှ တန်ဖိုး၊ တန်ဖိုးမှသည် အောင်မြင်မှု 
လူတစ်ဦး၏ ယုံကြည်မှု၊ ယုံကြည်စိတ်သည် ထိုသူ၏ဘဝတန်ဖိုးဖြစ်သွားသည်ဟု ဆိုကြပါသည်။ ယုံကြည်မှု (belief) အပေါ် အောင်မြင်မှုက ထပ်ဆင့် လိုက်လျှင် ထိုသူ၏ တန်ဖိုးသည် ပို၍ပင် မြင့်မားသွား သည်။ ယုံကြည်မှုတစ်ခုက အတွေးကို ပွားစေပြီး၊ ထို    အတွေးကဖြစ်လာသော   စကားလုံးများ၊ အပြုအမူနှင့် လှုပ်ရှားမှုများမှတစ်ဆင့် အောင်မြင်မှု ကို ဖန်တီးပေးပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ တန်ဖိုးကို ထိုသူ၏ ယုံကြည်ချက်နှင့်  အောင်မြင်မှုကို ကြည့်၍လည်း တန်ဖိုးသတ်မှတ်ကြသည်ဟု ဆိုပါ သည်။ ယုံကြည်ချက်အရပြုမူသော ဆောင်ရွက်ချက် နှင့်တကွ    ရရှိလာသော    အောင်မြင်မှုသည်သာ မှန်ကန်သောတန်ဖိုးဖြစ်လာပြီး   ထိုတန်ဖိုးကပင် သင်လျှောက်လှမ်းနေသော ပန်းတိုင်ဆီသို့ အရောက် တွန်းပို့ပေးသည်ဟုဆိုသော မဟတ္တမဂန္ဒီ၏ အဆို တစ်ခုကို အမှတ်ရမိပါသည်။ ယုံကြည်ချက်ကြောင့် ဖြစ်တည်လာသော တန်ဖိုးများမှတစ်ဆင့် ရည်မှန်း ထားသောပန်းတိုင်အထိ တက်လှမ်းနိုင်ပုံကို ဖော်ပြ ခြင်းဟု မှတ်ယူရပါမည်။ 
တန်ဖိုးသတ်မှတ်နိုင်စွမ်းရှိသည့် 
အရည်အချင်းလည်း ရှိမှသာ 
ကြားခံပစ္စည်းတစ်ခုဖြင့် သက်မဲ့ပစ္စည်းတစ်ခု၏ တန်ဖိုးကို သတ်မှတ်နိုင်သော်လည်း သက်ရှိလူသား တစ်ဦး၏    တန်ဖိုးကိုမူ   မည်သို့သတ်မှတ်နိုင်ပါ သနည်း။ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးပြုနေပါက ထိုသူ ကို   အရေးပါသူတစ်ဦး    လူ့အဖွဲ့အစည်းအတွက် အဖိုးထိုက်တန်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပါမည်။ ထိုအခါတန်ဖိုးသတ်မှတ်ရာတွင်    ဘယ်သူတွေက ဘယ်လို ဘယ်ပေတံနှင့်   သတ်မှတ်သနည်းဆိုသည် မှာ    အရေးကြီးလာသည်။     သတ်မှတ်ချင်သလို သတ်မှတ်၍မရ။ ဥပမာ- ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးဟုဆိုသော     တန်ဖိုးများကိုပင် ကြည့်ရအောင်ပါ။ တန်ဖိုးသတ်မှတ်ချက်ကို ငါတို့ပဲ သတ်မှတ်ခွင့်ရှိသည်၊    ငါတို့သတ်မှတ်တဲ့အတိုင်း လိုက်နာရမည်ဆိုပြီး        မောင်ပိုင်စီးထား၍မရ။ တစ်နေရာမှာ    သတ်မှတ်ချက်တစ်မျိုး၊    အခြား တစ်နေရာကျတော့   တစ်မျိုး။  သတ်မှတ်ချင်တိုင်း သတ်မှတ်၍မဖြစ်ဟု     ပြောချင်တာဖြစ်သည်။ ထို့ကြောင့် တန်ဖိုးသတ်မှတ်သူတွင် ဆိုင်ရာနယ်ပယ် အလိုက်    ထိုက်သင့်သည့်    အရည်အချင်းတစ်ရပ် ရှိသင့်သည်ဟုသာ မြင်ပါသည်။ တန်ဖိုးသတ်မှတ်နိုင် သည့် အရည်အချင်းရှိသူက သတ်မှတ်သောတန်ဖိုး အတိုင်းအတာသည်သာ    မှန်ကန်မည်ဟု   ယူဆပါ သည်။ 
တစ်ခါတစ်ရံ  မိမိ၏တန်ဖိုးကို  မသိကျိုးကျွန်ပြု တန်ဖိုးမရှိအောင် ပုံဖော်ဖန်တီးခြင်းခံရပြီးမှ တန်ဖိုး မဲ့သည်၊ တန်ဖိုးမရှိဟု စွပ်စွဲကင်ပွန်းတပ်ခြင်းခံရသူများ၊ ချောက်တွန်းခံရသူများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ပုံဖျက်၍ မရသော မူလကိန်းအောင်းနေသည့် ပကတိတန်ဖိုးများကိုကား   လျစ်လျူရှု၍မရနိုင်ပါ။ လူတစ်ဦးတွင် မွေးကတည်းက ပါလာတတ်သော ကိုယ်ရည်ကိုယ်သွေး (personal values)၊ ကိုယ်ကျင့် တရားနှင့်   moral   values   များသည်ကား ဖျောက်ဖျက်၍မရသော      မူလတန်ဖိုးများပင်ဖြစ် သည်။ စံပြုထိုက်သော လူကောင်းတစ်ဦး၏စံနှုန်းများ လည်းဖြစ်သည်။  ဥပမာ-    ရိုးသားဖြောင့်မတ်မှု၊ စည်းကမ်းရှိမှု၊ သဘောထားကြီးမှု၊ တရားမျှတစိတ် ရှိမှု၊ လူမှုဝန်ထမ်းစိတ်ရှိမှု စသည်တို့သည် လူတစ်ဦး ၏ အရည်အသွေးများဖြစ်သလို ထိုသူ၏ အခြေခံ တန်ဖိုးများဟုလည်း ဆိုထိုက်ပါသည်။ 
ထိုအရည်အသွေးများ၊ ထိုကိုယ်ကျင့်တရားများ သည်  ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊  မှန်ကန်သည့်လမ်းကြောင်းပေါ်     လျှောက်လှမ်းရာ တွင်လည်းကောင်း    အပေါင်းလက္ခဏာဆောင်သည့် တန်ဖိုးများဖြစ်သောကြောင့် ဖြစ်သည်၊၊ တန်ဖိုးရှိလာ သည့်အခါ လုပ်ဖော်ကိုင်ဖက်များ၏  ယုံကြည်မှုကို ရရှိလာစေပြီး  အခက်အခဲကိုလည်း ကျော်လွှားနိုင် လာသည်။ အခြားသူတွေ၏ မတူညီသောတန်ဖိုးများ ကိုလည်း သိမြင်လွယ်လာသည်။  ထိုတန်ဖိုးများဖြင့် ပင်  လူ့အဖွဲ့အစည်း၏ အောင်မြင်မှုတိုးတက်မှုများ ကို ဖော်ဆောင်လာနိုင်ပါသည်။ 
အားလုံးတွင်    သူ့တန်ဖိုး၊   ကိုယ့်တန်ဖိုးဟူ၍ အပြန်အလှန်ထားရှိစေချင်ပါသည်။ မိမိတန်ဖိုးက ဘယ်လောက်ကြီးကြောင်းလည်း   ပြချင်ကြမှာပါ။ ကိုယ့်တန်ဖိုးကို သူတို့  သိစေချင်လျှင်  သူ့တန်ဖိုးကို လည်း မြင်အောင်ကြည့်ရန်သာ လိုပါသည်။ ဒါက သူ့မှာရှိတဲ့၊ ထိုက်တန်တဲ့၊ အရေးပါတဲ့ တန်ဖိုးတစ်ခုပါ လား...ဟူ၍လည်း   တစ်နည်းအားဖြင့်   သူ့အပေါ် အဆိုးမြင်မိတိုင်းမှာ သူ့မှာလည်း သူ့တန်ဖိုးနှင့် သူပါ လား၊ သူ၏ ကောင်းကွက်တွေကို ပို၍ တွေးစေချင်၊ အဖန်ဖန်တွေးစေချင်ပါသည်။ အပြုသဘော ထပ်ခါ ထပ်ခါတွေးခြင်းသည်ပင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့် မှုတစ်မျိုးဖြစ်၍ သူ့ဘက်၏ အဆိုးသဘောကို များများ ဖယ်ရှားနိုင်လေလေ မိမိထံတွင် အကောင်းမြင်စိတ် များတိုးပွားလာလေဖြစ်ပြီး   သူ၏တန်ဖိုးကိုလည်း အလေးအနက်အသိအမှတ်ပြုရာ   ရောက်သွားစေ ပါသည်။ 
တစ်ပါးသူ၏တန်ဖိုးကို အသိအမှတ်မပြုတတ်သူ များသည် ထိုသူ၏တန်ဖိုးမဲ့မှုများကို  ဆန့်ကျင်ဘက် သဘော အလိုလိုအသိအမှတ်ပြုရာ ရောက်သွား တတ်သည်ကိုလည်း   ဆင်ခြင်သတိထားရန်လိုပါ လိမ့်မည်။ ဤသို့ဖြင့် တစ်ပါးသူကို အပြုသဘောဖြင့် အသိအမှတ်ပြုတတ်ခြင်းသည်ပင်  မိမိ၏  တန်ဖိုး တစ်ခုပါလား ဟူ၍ တွေးဆဆင်ခြင် မိပါတော့သည်။ သို့မှသာ တန်သလောက် ပေးရကျိုးနပ်၍ ကိုယ့်ဘက် က   ပေးရသလောက်လည်း   တန်ဖိုးထိုက်နေပါ လိမ့်မည်။       ။