နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ကလေးငယ်များအတွက် စေတနာအလှူရှင်များ စုပေါင်းလှူဒါန်း

 

 

 

နေပြည်တော် ဇန်နဝါရီ ၁၇

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နေပြည်တော် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်မည့် ရင်ခွင်မဲ့ကလေးသူငယ် များအတွက် စေတနာအလှူရှင်များ စုပေါင်းလှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိ ရပ်ကွက်ရှိ ကလေးပြုစုရေးဌာန (နေပြည်တော်)စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည် တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ပြုစုစောင့်ရှောက်ပေးလျက်ရှိ

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မိဘအစုံအလင်နှင့် မိဘ ရင်ခွင်ထဲတွင် စောင့်ရှောက်မှုခံရပြီး အသက်ရှင်သန်ခွင့်ရသော ကလေးများ သည် အကောင်းဆုံးဖွံ့ဖြိုးမှုအခြေ အနေကို ရရှိကြမည်ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိဘ ရင်ခွင်တွင် ခိုလှုံခွင့်မရကြသူများ၊ စွန့်ပစ်ခံကြရသူများသည် ရင်ခွင်မဲ့များ ဖြစ်ကြကြောင်း၊ ယင်းကလေးများ ကို ကလေးသူငယ်အခွင့်အရေးအရ အစောင့်ရှောက်ခံရရေး မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်၍ အစိုးရ က ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ပရဟိတများ၊ လူမှုအဖွဲ့အစည်းများက လည်း ဆောင်ရွက်ပေးလျက်ရှိကြ ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အဆိုပါ လုပ်ငန်းကို ခေတ်စနစ်နှင့်အညီ ဆောင်ရွက်ရန် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန် ခဲ့ပြီး အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် ကတည်းက အသစ်ပြန်လည်ပြဋ္ဌာန်း ခဲ့ပြီးလည်း ဖြစ်ပါကြောင်း။

ဖွင့်လှစ်နိုင်တော့မည်ဖြစ်

လူမှုဝန်ထမ်း ဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ် သော ကလေးသူငယ်များကို အသက် ခြောက်လမှစတင်၍ စောင့်ရှောက်ပေး လျက်ရှိပြီး ကလေးပြုစုရေးဌာန ခုနစ် ခုကို ရန်ကုန်၊ မန္တလေး ၊ မကွေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ ပုသိမ်နှင့် စစ်တွေမြို့တို့တွင် ကလေးငယ်ဦးရေ ၁၀၀ ဆံ့ ကလေးပြုစုရေးဌာနများကို ဖွင့်လှစ်ပြီး ပြုစုပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ ယခုအခါတွင် မြန်မာ နိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် နေပြည်တော်တွင် ဦးရေ ၁၀၀ ဆံ့ ကလေးပြုစုရေးဌာနအသစ် တစ်ခုကို မြန်မာနိုင်ငံ၏ ရှစ်ခုမြောက် ကလေး ပြုစုရေးဌာနတစ်ခုအဖြစ် ဖွင့်လှစ်နိုင် တော့မည်ဖြစ်ပါကြောင်း။

ကလေးပြုစုရေး ဌာနများတွင် အသက် သုံးလမှ ရှစ်နှစ်အထိ ကလေး သူငယ်များကို ပြုစုစောင့်ရှောက်ပေး လျက်ရှိပြီး အသက် ရှစ်နှစ်ကျော်ပါက ရန်ကုန်မြို့ရှိ လူငယ်သင်တန်းကျောင်း သုံးကျောင်းနှင့် အမျိုးသမီးသင်တန်း ကျောင်း နှစ်ကျောင်း၊ မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်း နှစ်ကျောင်း နှင့် အမျိုးသမီးသင်တန်းကျောင်း တစ်ကျောင်း၊ မော်လမြိုင်၊ လပွတ္တာ၊ လားရှိုးမြို့များရှိ လူငယ်သင်တန်း ကျောင်း တစ်ကျောင်းစီတို့တွင် ပညာ သင်ကြားရေး၊ အလုပ်အကိုင်ရရှိရေး များကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

သာတူညီမျှခံစား

အစိုးရအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ဘဝမှစ၍ ဥပဒေနှင့် အညီ ကလေးသူငယ်များ၏ အခွင့် အရေး လေးမျိုးကို အပြည့်အဝရရှိ စေရေး ဖော်ဆောင်ပေးရာတွင်ရင်ခွင်မဲ့ ကလေးငယ်များကို ကာကွယ် စောင့်ရှောက်ပေးမှသာ ကလေး အားလုံးတစ်ပြေးညီ သာတူညီမျှခံစား ရရှိစေမည် ဖြစ်ပါကြောင်း။

စနစ်တကျပြုစုစောင့်ရှောက်

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်းသာ ဆောင်ရွက် ၍မရဘဲ စေတနာရှင်များ၊ ပရဟိတ များ၊ လူမှုအဖွဲ့အစည်းများပါ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ပြင်ပကလေး ပြုစု စောင့်ရှောက်ရေးဌာနများနှင့် ပရဟိတဂေဟာများမှ ကလေးငယ် များကို စနစ်တကျ ပြုစုစောင့်ရှောက် နိုင်ရေးအတွက် ရည်ရွယ်ပြီး ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ရေးနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန် စံညွှန်းများကိုလည်း ၂၀၁၇ ခုနှစ် ကတည်းက ထုတ်ပြန်ထားရှိပြီး ကြီးကြပ်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများမှ ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများကို ငွေကြေးနှင့် နည်းပညာအကူအညီများ ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း။

မကြာမီ ဖွင့်လှစ်တော့မည့် ရှစ်ခု မြောက် နေပြည်တော် ကလေးပြုစု ရေးဌာန အဆောက်အအုံကို လှူဒါန်း ပေးသော မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် စေတနာ ရှင်များ၊ ပူးပေါင်းဆောင်ရွက်ကြသည့် မြန်မာနိုင်ငံ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကလေးများ ပြုစုစောင့်ရှောက် ရာတွင် အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြ သည့် အလှူရှင်များအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အလှူရှင် များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ထို့နောက် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဒါန်း သည့်ပစ္စည်းများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

ပေးအပ်လှူဒါန်း

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းမှတစ်ဆင့် စေတနာရှင် များ၏ စုပေါင်း လှူဒါန်းမှုဖြင့် အဆောက်အအုံအတွင်းပိုင်း ပြင်ဆင် ရေးနှင့် လိုအပ်သည့် ကိစ္စရပ်များ အတွက် ပစ္စည်းတန်ဖိုး စုစုပေါင်းငွေ ကျပ်သိန်း ၅၃၈၁၉၄၀၀ ကို လည်းကောင်း၊ Diplomatic and International Golfers’ Affiliation of Yangon (DIGAY) အဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံဆိုင် ရာ သံအမတ်ကြီးများ၊ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ Min Tun Company Limited, ဒေါ်အမာဝေ (အထောက်အကူပြုအဖွဲ့ဝင်) မြန်မာ နိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(ဗဟို) နှင့် Camera Baby World Company Limited တို့က စုစုပေါင်းငွေကျပ်သိန်း ၅၆၉၉၇၀၀ တန်ဖိုးရှိ ကလေးအသုံးအဆောင် ပစ္စည်းများကိုလည်းကောင်း ပေးအပ် လှူဒါန်းခဲ့ကြသည်။

ယနေ့အခမ်းအနားကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်