နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များကို တွေ့ဆုံနှုတ်ဆက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၄


၂၀၂၃   ခုနှစ်   (၇၆)   နှစ်မြောက်  ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်  အားကစားလေ့ကျင့်ရေးစခန်း  စားရိပ်သာ၌  (၇၆) နှစ်မြောက်    ပြည်ထောင်စုနေ့   အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့်    တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ    တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များကို တွေ့ဆုံနှုတ်ဆက်သည်။ 

 


တွေ့ဆုံပွဲသို့       ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊    ကော်မတီအတွင်းရေးမှူး၊   တွဲဖက် အတွင်းရေးမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု     အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


တွေ့ဆုံစဉ်    နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနေ့   အမျိုးသားဦးတည်ချက်များနှင့် အညီ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အတူတကွ   လက်တွဲ၍   တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင်   ပြည်တွင်းအားဖြင့် ကြိုးပမ်းတည်ဆောက်သွားရမည်    ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ် ခိုင်မာသည့်   ညီညွတ်သောစုစည်းအားဖြင့်    နိုင်ငံ ထာဝစဉ်တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက   တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း။ 
တိုင်းရင်းသားညီအစ်ကိုမောင်နှများ၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့်  ဓလေ့ထုံးတမ်းအစဉ် အလာများ    ဖွံ့ဖြိုးတိုးတက်   တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့်       မြှင့်တင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး       တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များနှင့်  အဖွဲ့ဝင်များကို  ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

 


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ   တည်းခို နေထိုင်သည့် တည်းခိုဆောင်များ၊  ဆပ်ကော်မတီ ရုံးခန်းများ၊ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် စာပေ ဗိမာန်စာအုပ်ဆိုင်တို့ကို ကြည့်ရှုသည်။ 

 


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တွင် မန္တလေးတိုင်းဒေသကြီးမှ ၃၈ ဦး၊ ကချင်ပြည်နယ် မှ ၃၉ ဦး၊ ကယားပြည်နယ်မှ ၃၈ ဦး၊ ကရင်ပြည်နယ် မှ  ၄၀ ၊ ချင်းပြည်နယ်မှ ၃၂ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၃ ဦးနှင့် ရှမ်းပြည်နယ်မှ ၃၈ ဦး စုစုပေါင်း ၂၉၂ ဦး ပါဝင်ဖျော်ဖြေသွားကြမည် ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ များသည် နေပြည်တော်၏ အထင်ကရနေရာများ ဖြစ်သော      မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်      ဆောင်ရွက်နေမှုများ၊ ဥပ္ပါတသန္တိစေတီတော်၊   နေပြည်တော်ဗုဒ္ဓဂါယာ၊ လွှတ်တော်အဆောက်အအုံ၊    စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊       အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊   နက္ခတာရာပြခန်း၊   ကျောက်မျက်ရတနာ ပြတိုက်၊ နေပြည်တော်မြို့မဈေး၊ တိရစ္ဆာန်ဥယျာဉ်၊ နေပြည်တော်ရေပန်းဥယျာဉ်နှင့် Junction Center တို့ကို      သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - ဟိန်းမင်းစိုး (သတင်းစဉ်) 
ဓာတ်ပုံ- ကျော်ရဲဆွေ