မှန်ကန်မှုမရှိ၊ ဘက်လိုက်သော တစ်ဖက်သတ်ထုတ်ပြန်ပြောဆိုချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချ

 

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်မှု  နှစ်နှစ်ပြည့်ခဲ့ခြင်းနှင့် ပတ်သက်၍   နိုင်ငံအချို့နှင့်  ကုလသမဂ္ဂတာဝန်ရှိသူအချို့က  အပြု သဘော မဆောင်သော သတင်းများထုတ်ပြန်ခဲ့ကြသည်။ ၎င်းထုတ်ပြန် ပြောဆိုချက်များတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ နှင့်စပ်လျဉ်း၍    ကျူးလွန်သူကို  ထုတ်ဖော်ပြောကြားခြင်း  မပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် အစိုးရအပေါ် အပြစ်တင်ကာ၊ အကြမ်းဖက် အုပ်စုများဖြစ်သည့် NUG ၊  CRPH နှင့်   ၎င်းတို့၏  လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ဝဝဝ ကျော်   အသက်ဆုံးရှုံးရသည်ကို   ဖုံးကွယ်ထားခြင်းကြောင့် အများပြည်သူကိုအထင်အမြင် လွဲမှားစေသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် ကိုထမ်းဆောင်ရာတွင်  ရှေ့လုပ်ငန်းစဉ်  (၅)  ရပ်ကို   ချမှတ်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပိုမိုအားကောင်းလာစေမည့်   ထုတ်ပြန်မှုများ  ပြုလုပ်နေမည့်အစား ပြည်သူများ၏ဆန္ဒနှင့်အညီ          ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှဆောင်ရွက်နေသည့် ကြိုးပမ်း အားထုတ်နေမှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံ များ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို  လေးစားလျက်  အပြု သဘော အထောက်အကူပြုသင့်သည်။

 


နိုင်ငံတော်အစိုးရအနေဖြင့်  ၂ဝ၂ဝ  ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   ဖြစ်ပေါ်ခဲ့သည့်  မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင်    အုပ်ချုပ်ရေးအာဏာကို  အလွဲသုံးစားပြုမှုများကို သက်သေပြခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဒီမိုကရေစီ အခွင့်အရေး   မဆုံးရှုံးစေရန်   တစ်နိုင်ငံလုံး  အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး       ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေ လိုအပ်သည့်   အခြေခံလမ်းစဉ်တစ်ရပ်ဖြစ်သည်။     နိုင်ငံအချို့နှင့်  ကုလသမဂ္ဂတာဝန်ရှိသူအချို့အနေဖြင့်   မြန်မာနိုင်ငံကို  ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းလျက်ရှိသော်လည်း တစ်ဖက်တွင်  လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပရေး အစိုးရ ၏ ကြိုးပမ်းမှုများအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်မှာ ရှေ့နောက် မညီကြောင်းတွေ့ရှိရသည်။ 

 


လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကျရောက်မှုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန   (AHA Centre) နှင့်လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံ  အေဂျင်စီများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီ များအနေဖြင့် မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ အမှန်စင်စစ်အားဖြင့် ၎င်းတို့ရရှိသင့်သည့်လုပ်ဆောင်ခွင့် (access) ရရှိနေမှုအပေါ် မေးခွန်း ထုတ်ရန်ပင် မလိုအပ်ပါ။ 

 


မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာ အစိုးရမှ ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ဆက်လက် အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် နိုင်ငံတော် အေးချမ်းတည်ငြိမ် ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု အပေါ် အသိအမှတ်ပြုရန် လိုအပ်သည်။ ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး ကို    စွက်ဖက်နေသည့်   နိုင်ငံအချို့နှင့်   လုပ်ပိုင်ခွင့်ကိုကျော်လွန် လုပ်ဆောင်နေသူ   ကုလသမဂ္ဂမှတာဝန်ရှိသူအချို့၏   တာဝန်မဲ့ ပြောဆိုလုပ်ဆောင်ချက်များကို     မြန်မာနိုင်ငံက    ပြတ်သားစွာ  ကန့်ကွက်ပယ်ချသည်။

 


နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄  ရက်။ 
***************