
နေပြည်တော် ဖေဖော်ဝါရီ ၃
အနော်ရထာတံတား(ချောက်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် (၅)နှင့် (၆)အကြားမှလည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် (၄)နှင့် (၅)အကြားမှလည်းကောင်း သတ်မှတ်ပေးထားပါသည်။ ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေ တိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်၊ အဆန် ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ ၁၁၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၁၇ မီတာရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားပါမည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်