
မော်လမြိုင် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဗိုလ်ချုပ်မြင့်နွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ် များဖြင့် မြိတ်မြို့မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ကျိုက်မရော မြို့နယ် ကျိုက်မရော- စံပယ်ဂူ - ကော့ပနော လမ်းပေါ်ရှိ အတ္ထရံတံတား (စံပယ်ဂူ) တည် ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်မိုးလွင် က တံတားဆိုင်ရာအချက်အလက်များနှင့် တံတားတည်ဆောက်ပြီးစီးခဲ့မှုများကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ က တံတားချဉ်းကပ်လမ်း နှစ်ဖက်ဝဲ/ယာတွင် အရိပ်ရအပင်များ စိုက်ပျိုး ရေးနှင့် တံတားရေရှည်တည်တံ့စွာအသုံးပြု နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေး တို့ကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် အတ္ထရံ တံတား (စံပယ်ဂူ)ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အတ္ထရံတံတား(စံပယ်ဂူ) သည် ကျိုက်မရော - စံပယ်ဂူ - ကော့ပနော လမ်းပေါ်တွင်တည်ရှိပြီး ကျိုက်မရောမြို့၏ အရှေ့ဘက် (၃) မိုင် အကွာတွင် တည်ရှိပြီး သံကူကွန်ကရစ် သံမဏိသံပေါင်ခုံးတံတား အမျိုးအစား ဖြစ်ကာ တံတား အရှည် ၂၁၁၃ ပေ ၂ လက်မ၊ တံတားအကျယ် ၃၄ ပေ ၆ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၂၃ ပေ ၇ လက်မ၊ ရေလမ်း ကင်းလွတ်အမြင့် ၄၆ ပေနှင့် ရေလမ်း ကင်းလွတ်အကျယ် ပေ ၃၆၀ ရှိကြောင်း၊ အတ္ထရံတံတား (စံပယ်ဂူ) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် တွင် တည်ဆောက်ပြီးစီးခဲ့သည်။ တံတားစီမံကိန်းတန်ဖိုး မှာ ငွေကျပ်သန်း ၁၈၀၀၀ ဖြစ်ကြောင်း သိရသည်။
ယခင်က အတ္ထရံမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၉၇ ရွာမှ ဒေသခံပြည်သူများသည် ကျိုက်မရောမြို့သို့ ရောက်ရှိရန် အချိန်ကြာမြင့်စွာ အသုံးပြုသွားလာခဲ့ကြ ရသည်။ ယခုအခါ အတ္ထရံမြစ်ကူး အတ္ထရံတံတား(စံပယ်ဂူ) တည်ဆောက်ပြီးစီးပြီဖြစ်၍ အတ္ထရံမြစ် အရှေ့ဘက်ခြမ်း ရှိ ကျေးလက်ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက် မြန်ဆန်လာကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ် ယာဉ်များဖြင့် မော်လမြိုင်မြို့မှ နေပြည်တော်သို့ပြန်လည် ရောက်ရှိကြသည်။
သတင်းစဉ်