
နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပ နိုင်ငံများတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ သို့ ပြန်လာရန်အခက်အခဲရှိသော မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးကို ထိုင်းနိုင်ငံ တာဝန်ရှိသူများထံမှ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာန ချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့က ထိုင်းနိုင်ငံ ရနောင်းမြို့ အကောက်ခွန်တံတားတွင် စနစ်တကျ သွားရောက်လွှဲပြောင်းလက်ခံ၍ ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင် ခဲ့ရာ ကော့သောင်းမြို့ ရွှေဝက်ဝံဆိပ်ခံတံတားသို့ ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင်
ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ ရောက်ရှိလာသော နေရပ်ပြန် မြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးရင်ထွေး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အစားအသောက်နှင့် အဝတ်အထည် များ ထောက်ပံ့ပေးအပ်သည်။
အမိမြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိလာသော မြန်မာ နိုင်ငံသားများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းများမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေး ပေးခြင်း၊ နယ်မြေခံတပ်မတော်ဆေးကုသရေးအဖွဲ့များက လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသည်။
ကော့သောင်းမြို့၌ ရောက်ရှိနေသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် တနင်္သာရီတိုင်းဒေသကြီးမှ ၃၉၇ ဦးကို ကော့သောင်းမြို့မှ တစ်ဆင့် မိသားစုများရှိရာ မြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ရန်ကုန်နှင့် အခြားမြို့ကြီးများမှ နေရပ်ပြန် ၁၇၁ ဦးကို ရန်ကုန်မြို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လည်း ကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၁၁၁ ဦးကို စစ်တွေမြို့နှင့် ကျောက်ဖြူ မြို့များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့်လည်းကောင်း မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သောကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းတို့ကို စစ်ရေယာဉ် များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မိမိတို့ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း အလုပ်အကိုင်ရရှိရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းကပင် မလေးရှားနိုင်ငံမှ ၁၀၈၆ ဦးနှင့် မတ်လအတွင်း အိန္ဒိယနိုင်ငံ ပို့ဘလဲယား (Port Blair)မှ ၇၀ တို့ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နှစ်ကြိမ် သွားရောက်ခေါ်ဆောင်၍ မိဘများထံ ကောင်းမွန်စွာ စနစ်တကျ အပ်နှံပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်လည်း ဖော်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ် (တနင်္သာရီရေတပ်စခန်းဌာနချုပ်)
အခုခရီးစဉ်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံသားတွေ၊ ကိုယ့်နိုင်ငံပြန်ဖို့ အခက်အခဲရှိတဲ့ နိုင်ငံသား တွေကိုပြန်ခေါ်ဖို့ ထိုင်းနိုင်ငံ ရနောင်းမြို့ (---- ) ဆိပ်ကမ်းမှာ သွားရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း မြန်မာနိုင်ငံသား ၆၇၉ ဦးကို သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် အနေနဲ့ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်ပြီးတော့ ကော့သောင်းအခြေချစစ်ဗျူဟာ စစ်ဗျူဟာ မှူး ခရိုင်........... အဖွဲ့နဲ့ ကျန်တဲ့ရုံးအဖွဲ့တွေပါဝင်ပြီးတော့ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ တပ်မတော် (ရေ) ရဲ့ လုပ်ငန်း တာဝန် (၄) ရပ်ထဲမှာ လူသားချင်းစာနာထောက်ထားခြင်း (HATR) လုပ်ငန်းကလည်း တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံသား တွေကို တခြားနိုင်ငံကနေ ဒုက္ခရောက်နေချိန်မှာ ပြန်လည်ခေါ်ယူနိုင် ခဲ့တာကလည်း တပ်မတော်(ရေ)ရဲ့ ရည်မှန်းချက်တာဝန်တစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တာမို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ပြန်လည်ခေါ်ဆောင်လာတဲ့ နေရပ်ပြန် ပြည်သူပြည်သားတွေကိုတော့ ကော့သောင်းရောက်ရင် နွေးထွေးစွာ ကြိုဆိုလက်ခံပြီးတော့ ဆေးစစ် တာတွေ ဆောင်ရွက်ပေးမယ်။ နေရပ်ပြန်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေ ဆောင်ရွက်ပေးထားတာရှိပါတယ်။ ဒီမှာလည်း ဆက်လက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုတွေဆောင်ရွက်ထားပေးတာ ရှိပါတယ်။
ဦးကိုကိုနိုင် (ဒုတိယညွှန်ကြားရေးမှူး)
လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ယခုမြင်တွေ့နေရတဲ့အခမ်းအနားကတော့ ကျွန်တော်တို့မြန်မာနိုင်ငံ သားတွေ တစ်ဖက်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားပြီး တစ်ဖက်နိုင်ငံမှာ ပြစ်မှုနဲ့ပြစ်ဒဏ်အမျိုးမျိုး ကျခံခဲ့ရပါတယ်။ ကျခံပြီး ပြန်လည်စေလွှတ်တဲ့အချိန်မှာလည်း နှောင့်နှေးကြန့်ကြာမှုလေးတွေ ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲက အမြန်ဆုံးပြန်လည်ခေါ်ယူဖို့အတွက် လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒီလိုလမ်းညွှန်မှာကြားမှုနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ဌာနဆိုင်ရာအင်အားပေါင်းမြောက်မြားစွာနဲ့ ပြန်လည်လက်ခံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ဥပဒေအချက်အလက်တွေနဲ့ ခိုင်လုံစွာ ပြန်လည်လက်ခံဆောင်ရွက်လျက် ရှိပါတယ်။
နေရပ်ပြန်အမျိုးသားတစ်ဦး
အခုလို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင် ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်သား တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မြန်မာ ပြည်ကို ပြန်ရောက်ပြီဆိုတော့ သူများနိုင်ငံကို ထပ်သွားဖို့ အစီအစဉ် မရှိတော့ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင် စားသောက်ချင်ပါတယ်။ သူများနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကြမယ် ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ Passport, Visa အခိုင်အမာနဲ့ သွားပါလို့ ကျွန်တော် အနူးအညွတ်ပြောကြားလိုပါတယ်။
နေရပ်ပြန်အမျိုးသားတစ်ဦး
စီးပွားရေးကအဆင်မပြေတော့ ထိုင်းကိုသွားတယ်။ ထိုင်းကို သွားတော့ တစ်ခါတည်းမိပါတယ်။ ကျွန်တော်တို့ ခြောက်လနေခဲ့ရ ပါတယ်။ အချုပ်ထဲမှာနေတော့ အစားလည်းမဝ၊ ရေချိုးရတာလည်း မဝ၊ ဆေးဝါးကလည်း မပြည့်စုံဘူး။ ကျွန်တော်တို့ မြန်မာပြည်ကို ပြန်လာချင်လို့ အကြာကြီးမျှော်လင့်ခဲ့ရတယ်။ အခုချိန်မှာပြန်လာရတော့ ဝမ်းသာပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူး တင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။
နေရပ်ပြန်အမျိုးသားတစ်ဦး
အဲဒီမှာနေရတာ သိပ်အဆင်မပြေဘူး။ သူတို့ထားတဲ့ပုံစံတွေက ခန္ဓာကိုယ်တွေမှာ ယားနာတွေ ပေါက်တယ်။ ဆေးဝါးတွေလည်း တင်လို့မရဘူး။ တင်ခွင့်မပေးဘူး။ စားစရာတွေလည်း တင်ခွင့်မပေးဘူး။ မှာချင်တာမှာလို့မရဘူး။ ရောဂါတွေဖြစ်၊ ခန္ဓာကိုယ်တွေမှာ ယားနာတွေ ပေါက်တာက ထမင်းစားရတာ၊ အစားအသောက်တွေကလည်း မဝဘူး လေ။ နည်းနည်းလေးပဲကျွေးတယ်။ အခုလိုမျိုး မြန်မာပြည်ကို ပြန်လာ လို့ရအောင် စီစဉ်ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုလောလောဆယ်တော့ ကိုယ့် ရခိုင်ပြည်နယ်ကိုပဲ ပြန်ပြီးတော့ ကိုယ့်မိသားစုနဲ့ပဲအတူနေပြီး စည်းစည်း လုံးလုံးနဲ့ ပြန်ပြီးလုပ်ကိုင်စားသောက်တော့မယ်လို့ ဆုံးဖြတ်ထား ပါတယ်။
နေရပ်ပြန်အမျိုးသမီးတစ်ဦး
ကျွန်မကတော့ ကျန်းမာရေးကောင်းပါတယ်။ အနေအစားကတော့ ခက်ခဲတာပေါ့နော်။ ကျန်းမာရေးမကောင်းတဲ့သူတွေ အများကြီးပေါ့။ အစားစားရတာရော၊ ဆေးဝါးကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးရတာပေါ့။ နေရတာတော့ အဆင်မပြေပါဘူးရှင်။ အခုလိုလာခေါ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလွန်ကျေးဇူးတင်ပါတယ်။ ပီတိဝမ်းသာလည်း ဖြစ်ရပါတယ်ရှင်။ ဒီထက်မက အသက်ရာကျော် ရှည်ပါစေရှင်။
နေရပ်ပြန်အမျိုးသမီးတစ်ဦး
ကျွန်မဟိုမှာဖမ်းမိခဲ့တဲ့အချိန်မှာ အလွန်ကို ခက်ခဲဆင်းရဲခဲ့တယ်။ စားချင်တိုင်းလည်းမစားရဘူး။ အစားအသောက်လည်း အလွန် ဆင်းရဲတယ်။ အနေအထိုင်လည်းဆင်းရဲတယ်။ အစားအသောက်လည်း လုံးဝအဆင်မပြေဘူး။ ပို့တော့လည်း တချို့တဝက်ပဲရောက်တယ်။ ဝယ်စားတော့လည်း ၂ / ၃ ဆပေးရတယ်။ ကျွန်မတို့အလွန်ခက်ခဲပြီး နေခဲ့ရတယ်။ ဘယ်အချိန် ဘယ်နေ့ပို့မယ်ဆိုတာလည်း မသိဘူး။ မသိဘူးဘဲဖြေနေတော့ ကျွန်မတို့တွေ အလွန်ခက်ခဲရပါတယ်။ လမ်းတွေ ပျောက်နေခဲ့တဲ့နေ့တွေ အများကြီးပဲ။ ၂၈ ရက်နေ့မှာ ပြန်ခေါ်မယ်လို့ သတင်းကြားရတော့ တစ်ဖွဲ့လုံး အလွန်ဝမ်းသာခဲ့ရပါတယ်။ ခုလို ပြန်ခေါ်တဲ့နေရာမှာလည်း စစ်သင်္ဘောတွေနဲ့ အဆင်ပြေပြေ ချောချော မွေ့မွေ့ နွေးနွေးထွေးထွေးနဲ့ ကြိုကြိုဆိုဆိုနဲ့ ရှိခဲ့တဲ့အတွက် အလွန် ဝမ်းသာပါတယ်။ ကျွန်မတို့ မိသားစုတွေနဲ့လည်း ပြန်တွေ့ရတော့မယ်။ ကျွန်မတို့ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အမြန်ဆုံးခေါ်ဆောင်ပေး ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်မတစ်ယောက်တည်း မဟုတ်ဘဲ ကျွန်မတို့အားလုံး အလွန်ကိုကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်။
သတင်းစဉ်