လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

==================================================

နေပြည်တော် ဇန်နဝါရီ ၁၄

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကမ္ဘာ့လူသားအများစုသည် သင့်တော်ကောင်းမွန်သည့် လူမှုကာကွယ်စောင့်ရှောက်မှုများ မရရှိသဖြင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် သိသာထင်ရှားသည့် အတားအဆီးများဖြစ်နေပြီး နိုင်ငံအသီးသီးအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်မှု အခွင့်အရေးများကို အားလုံးခံစား ရရှိနိုင်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ်စောင့်ရှောက်မှုစနစ်ကို အားဖြည့်နိုင်ရန် ရေရှည် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား တွင် “အလုပ်သမားများ၏ဘဝ စိုပြည်သာယာရေးအတွက် ရေတိုကာလတွင် အလုပ်သမားများ၏ လူမှုဖူလုံရေး ရန်ပုံငွေကို အလုပ်သမားများအတွက် ထိထိရောက်ရောက် စီမံပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟု ထည့်သွင်းလမ်းညွှန်မှာကြားခဲ့ပါကြောင်း။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်ကစုပေါင်းထည့်ဝင် ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစု ဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိ ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသော ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် အတွက် ပြုပြင်ပြောင်းလဲမှု(၄)ရပ်ဖြစ်သည့် IT Reform၊ Medical Reform၊ Administrative Reform နှင့် Legal Reform တို့ကို ILO ၏ နည်းပညာအကူအညီရယူပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် Stakeholders များနှင့် ညှိနှိုင်းဆွေးနွေး၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

အာမခံအလုပ်သမားပေါင်း ၁ ဒသမ ၃၄ သန်းခန့်

လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း ၁ ဒသမ ၃၄ သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ်သမားဆေးရုံကြီး သုံးရုံ၊ ရုံးခွဲပေါင်း ၇၈ ရုံး၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၈ ခန်း၊ PPS စနစ်ဖြင့် (fee for services payment) ဆေးခန်း ရှစ်ခန်း၊ PPS စနစ်ဖြင့် (Capitation payment) ဆေးခန်း ၁၀ နှင့် တိုင်းရင်းဆေးကုခန်း တစ်ခန်း အပြင် ရွေ့လျားဆေးကုသယာဉ် နှစ်စီးဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာစံနှုန်းများ နှင့်အညီ ဥပဒေပါအာမခံစနစ်များ တိုးချဲ့အကောင်အထည် ဖော်ခြင်း၊ အကျုံးဝင်အလုပ်ဌာနများ၊ မြို့နယ်များအပါအဝင် အာမခံအလုပ်သမားများ တိုးချဲ့အကျုံးဝင်မှတ်ပုံတင်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါ ကြောင်း၊ ယင်းသို့လူမှုဖူလုံရေးစီမံကိန်းကို တိုးချဲ့အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ လူမှုဖူလုံရေးအဖွဲ့၏ အဓိက လုပ်ငန်းစဉ်များ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်လေးရပ်ကို ILO ၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် IT Reform အရ SSB Information System- SSBIS စနစ်ကို ILO Korea Project မှ နည်းပညာအကူအညီများရယူ၍ သုံးနှစ်စီမံကိန်း အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများနှင့် အလုပ်ရှင်များအား လူမှုဖူလုံရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန်၊ ထည့်ဝင်ကြေးများနှင့် အကျိုး ခံစားခွင့်များအား အွန်လိုင်းမှ လွယ်ကူလျင်မြန်စွာ ပေးသွင်း နိုင်ရန်၊ အသိပညာပေးလုပ်ငန်းများအား ထိထိရောက် ရောက် ဆောင်ရွက်ပေးနိုင်ရန်နှင့် Ease of Doing Business တွင်ပါရှိသည့် Paying Tax Indicator အဆင့်နှင့် ရမှတ် တိုးတက်လာစေရန်တို့အတွက် SSB Information System ၏ e-Services လုပ်ငန်းစဉ်များဖြစ်သည့် SSB Mobile Application၊ SSB Website၊ e-Contribution စနစ်၊ e-Benefit စနစ်နှင့် e-Mail Server စနစ်စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုးချဲ့ဆောင်ရွက်သွားမည်

ကိုဗစ်-၁၉ ကာလအတွင်း၌ တတ်နိုင်သမျှ ရောဂါ ကူးစက်မှုမှ အကာအကွယ်ဖြစ်စေရန်အတွက် လူမှုဖူလုံရေး အဖွဲ့မှ e-Payment စနစ်အရ Wave Money ဖြင့် အာမခံ အလုပ်သမားများ၏ ဆေးဖိုးပြန်အမ်းငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ Pilot project ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဆက်လက်ပြီး ကျန်ရှိသည့်အကျိုး ခံစားခွင့်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အလုပ်ရှင်၊ အလုပ်သမားများ၏ ထည့်ဝင်ကြေးကို e-Payment စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိက ဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ဇန်နဝါရီလထည့်ဝင်ကြေးကို ထည့်ဝင်ကြေးပေးသွင်းနေသည့် ပုဂ္ဂလိကဘဏ်များနှင့် စမ်းသပ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေး ပြောကြားလိုပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံခန့် ခွဲမှုစနစ် SSB Information System လုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အထက်ဌာနများက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံ ခန့်ခွဲမှုစနစ်အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ နည်းပညာ အကူအညီပေးသည့် ILO အဖွဲ့နှင့် ILO Korea Project မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ နည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် သင့်တော်ကောင်းမွန်သည့် SSBIS စနစ် ပေါ်ပေါက်လာရေးအတွက် ယနေ့အခမ်းအနား တက်ရောက် လာသူများက လိုအပ်သည့်အကြံဉာဏ်များ၊ အကူအညီများ ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ILO ၏ Liaison Officer Mr. Donglin Li က အမှာစကားပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ်အား နှစ်အလိုက် အကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ILO ၏ Senior Consultant Mr. Alain Perras က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် SSB(IS) Phase 2 TOR ရေးဆွဲထားမှုကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၊ သတင်းအချက်အလက်နှင့် နည်းပညာ ဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိအိစိုးထွန်းက SSB Information System နှင့် e-Services လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင် ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းနှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များ ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ILO မှ တာဝန်ရှိသူများနှင့် နည်းပညာအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်