
နေပြည်တော် ဇန်နဝါရီ ၂၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) Assessment Center သို့ ရောက်ရှိပြီး အကူသူနာပြုကျွမ်းကျင်အဆင့် (၂) (Nurse Aid Level-2) အလုပ်အကိုင်အတွက် ဖြေဆိုသူ ၁၄ ဦး ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ် နိုင်ရေးအတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အရည်အသွေးပြည့်မီသော အခြေခံကျွမ်းကျင် လုပ်သားကောင်းများ ပေါ်ထွက်လာနိုင်ရေး မွေးထုတ် ပေးနိုင်ရန် လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာ ကိရိယာများအား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု တတ်စေရေး လေ့ကျင့်သင်ကြား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး က ကျွမ်းကျင်လုပ်သား များအား အရည်အသွေးပိုင်းဆိုင်ရာ စိစစ်မှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး များ၌လည်း မြှင့်တင်ဆောင်ရွက်သွားရန် အရေး ကြီးပါကြောင်း၊ သူနာပြုသင်တန်းများကို ပုဂ္ဂလိက ကဏ္ဍတွင် ဖွင့်လှစ်ပေးလျက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနနှင့် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ပေးရေးကော်မတီတို့က ဝိုင်းဝန်းထိန်းသိမ်း ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း (နေပြည် တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်း က Assessment Center နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သူနာပြု သင်တန်းကျောင်း (နေပြည်တော်) ကို Nurse Aid Level-2 (အကူသူနာပြု) အလုပ်အကိုင်အတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ၂၀၂၂ ခုနှစ်ဇူလိုင် ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ သက်တမ်း ကာလ နှစ်နှစ်ဖြင့် အသိအမှတ်ပြုပေးခဲ့ပြီး အမျိုးသား အဆင့် အကူသူနာပြု ကျွမ်းကျင်မှုအဆင့် (၂) ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက် မှ ၂၈ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကာ NSSA အနေဖြင့် အကူ သူနာပြုအလုပ်အကိုင်အတွက် ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးစစ်ဆေးခြင်းကို ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီး ဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် NSSA အနေဖြင့် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် ၃၅ မျိုးအတွက် ဖြေဆိုသူ ၂၃၀၄၈ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ၂၁၀၄၇ ဦးကို အသိအမှတ် ပြုပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသတ်မှတ်ထားပြီး အလုပ်အကိုင် ၂၅ မျိုး အတွက် ဖြေဆိုသူ ၄၁၂၇ ဦးကို စစ်ဆေးအကဲဖြတ် နိုင်ခဲ့၍ အရည်အသွေးပြည့်မီသူ ၃၉၄၄ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်းနှင့် လျာထားချက် ပြည့်မီ အောင် ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်