ကိုဗစ် ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေအမျိုးမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဌာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်

ကိုဗစ် ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေအမျိုးမျိုးအပေါ်မူတည်၍

စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဌာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်

==============================================================

နေပြည်တော် ဇန်နဝါရီ ၁၃

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေ အမျိုးမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဌာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက သဏ္ဌာန်တူစားပွဲတင်လေ့ကျင့်ခြင်း (tabletop exercise) မှာ ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ ကြီးမားသော ကိစ္စရပ်အသစ်တစ်ခုခုကို မပြုလုပ်ခင် ကြိုတင်လေ့ကျင့် ပြုလုပ်ရသည့် အလေ့အထတစ်ခုဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ကိစ္စရပ်မှာ ယခင်ဆယ်စုနှစ်ပေါင်း များစွာ ကာကွယ်ဆေးထိုးနှံနေသည့် စီမံချက်နှင့် မတူညီဘဲ ခြားနားသည့် အချက်များစွာ ရှိပါကြောင်း။

ဖြည့်ဆည်းပေးနိုင်မည်

 

သို့ဖြစ်၍ အသုတ်လိုက်ရရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တွင် ရရှိမည့် ပမာဏအပေါ်မူတည် ၍ လည်းကောင်း၊ အချိန်အပိုင်းအခြားအလိုက် ရရှိမှုအပေါ် မူတည်၍လည်းကောင်း၊ ရရှိလာမည့် ကာကွယ်ဆေး အမျိုး အစားအပေါ်မူတည်၍လည်းကောင်း အခြေအနေအမျိုးမျိုး အတွက် သဏ္ဌာန်တူစားပွဲတင်လေ့ကျင့်ခန်း ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးမရရှိမီ အချိန်ကာလတွင် ဗဟိုအဆင့်၌ သဏ္ဌာန်တူလေ့ကျင့်ခန်း အနည်းဆုံး (၃) ကြိမ်ခန့်ပြုလုပ်ပြီး လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ မွမ်းမံ အချောသတ်ခြင်းများ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌လည်း အနည်းဆုံး တစ်ကြိမ်ခန့် ပြုလုပ်မည်ဟု လျာထားပါကြောင်း၊ သဏ္ဌာန်တူ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်း ကဏ္ဍအရပ်ရပ်၌ လိုအပ်ချက်အမျိုးမျိုးကို ကြိုတင် သိရှိနိုင်ကာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ပြင်ဆင်ထားသော်လည်း မထင်မှတ်သော အခြေအနေ အကြောင်းအချက်များ ပေါ်ပေါက်လာနိုင်သဖြင့် ထိုမထင် မှတ်သော အကြောင်းအချက်များကိုလည်း ကြိုတင်စဉ်းစား ကာ တက်ရောက်လာကြသူများက ဖော်ထုတ်၍ အကြံပြု ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေး ဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ် ဆေး ပံ့ပိုးဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေ အရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တာဝန်ရှိသူ များက မြန်မာနိုင်ငံအတွက် အသုတ်လိုက်ရရှိလာနိုင်ခြေ ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအရေအတွက် ပမာဏ၊ ကာကွယ်ဆေး အမျိုးအစား၊ ကာကွယ်ဆေး အမျိုးအစား အလိုက် အအေးလမ်းကြောင်းမပျက် သိုလှောင်ရမည့် အခြေအနေအမျိုးမျိုးတို့အပေါ်မူတည်၍ ဦးစားပေးလူအုပ်စု များ ရွေးချယ်ထိုးနှံသွားမည့် အစီအစဉ်၊ ကျန်းမာရေးဝန်ထမ်း များနှင့် အသက် (၆၅) နှစ်အထက် ပြည်သူများအား ပထမ ဦးစားပေး လူအုပ်စုအဖြစ် ရွေးချယ်သတ်မှတ်ထားမှု၊ ပုံမှန်အအေးလမ်းကြောင်းဖြင့် သိုလှောင်ထိန်းသိမ်းရမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားရရှိပါက သိုလှောင် ဖြန့်ဖြူးမည့် အစီအစဉ်၊ အလွန်အမင်းအေးသော အအေး လမ်းကြောင်းသိုလှောင်မှု(အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold chain storage) လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားရရှိပါက အအေးလမ်းကြောင်း မပျက်စေဘဲ ထိုးနှံမည့်နေရာသို့ အမြန်ဆုံးသယ်ယူပို့ဆောင် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ သိုလှောင်ဖြန့်ဖြူးမည့် အခြေအနေနှင့် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှုလိုသည့် ကာကွယ်ဆေး အမျိုးအစားအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ် ဆေး အအေးခန်းများသို့ ကုန်းလမ်းခရီး(သို့မဟုတ်) လေကြောင်းခရီးဖြင့် (၂၄) နာရီအတွင်း အရောက်ပို့မည့်  အစီအစဉ်၊ မတူညီသော အအေးလမ်းကြောင်းစနစ် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားများ ပြိုင်တူရောက်ရှိလာပါက ဆောင်ရွက်ရမည့်အစီအစဉ်၊ စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS-2) ကို အသုံးပြုကာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင် စာရင်းသွင်း မှတ်ပုံတင်ခြင်း ဆောင်ရွက်မည့် အစီအစဉ်၊ ပြည်သူလူထုထံသို့ ရရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် ကာကွယ်ဆေးဆိုင်ရာအချက်များ၊ ထိုးနှံရမည့် အကြိမ်ရေ၊ သတိပြုလိုက်နာရမည့် အချက်များ စသည့် သိသင့်သိထိုက်သော အချက်များ အသိပေး ဆက်သွယ် ဖြန့်ဝေမည့် အစီအစဉ်၊ ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse Event Following Immunization) စောင့်ကြပ်ကြည့်ရှုခြင်း (AEFI Surveillance) လုပ်ဆောင်မည့် အစီအစဉ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး လက်တွေ့ထိုးနှံရာ၌ အထွေထွေကုန်ကျမည့် ခန့်မှန်းစရိတ် များ စသည့်အချက်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရောက်ရှိလာသည့်အခါ ထိုသို့ကြိုတင် ပြင်ဆင်သတ်မှတ်ချက် အစီအစဉ်များအတိုင်း အမြန်ဆုံး သယ်ယူပို့ဆောင် ထိုးနှံနိုင်ရေးကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သက်ဆိုင်ရာ ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်အအေး လမ်းကြောင်းအတိုင်း အမြန်ဆုံးဖြန့်ဖြူးထိုးနှံနိုင်ရေးသည် အဓိကကျပါကြောင်း၊ ကာကွယ်ဆေးထိုးစီမံချက် တစ်ခု လုံး၏ အောင်မြင်မှုရရှိစေရန် အဓိကအချက်မှာ စီမံခန့်ခွဲမှု အပိုင်းကို ပိုမိုပီပြင်ရေး ဆောင်ရွက်ရန်နှင့် အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်များပေးရမည်ဆိုသော အချက် ဖြစ်ပါကြောင်း၊ ယနေ့တင်ပြချက်များအပေါ် မူတည်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာအဖွဲ့နှင့် ယခင်ဖွဲ့ထားသော လုပ်ငန်း အဖွဲ့များကို လိုအပ်သလို ပြန်လည်သုံးသပ်ကာ ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့များ ချိတ်ဆက်မှုသည် အရေးကြီးပြီး ချိန်သားကိုက် လုပ်ဆောင်နိုင်ရန် မိမိတို့ကြိုးစားရမည် ဖြစ်ပါကြောင်း။

 

အထူးသတိပြု စောင့်ကြပ်ကြည့်ရှုရမည်

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း သဏ္ဌာန်တူ စားပွဲတင်လေ့ကျင့်ခန်းကို ကြိုတင်လုပ်ဆောင်ထားသော် ငြားလည်း ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေအရပ်ရပ် ကို ကြိုတင်မသိရှိနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံ နေသည့် အချိန်ကာလ၌ပင် မိမိတို့သည် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အမြဲတမ်းမျက်ခြည်မပြတ် သုံးသပ်၍ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) သို့ ချက်ချင်းသတင်းပို့ရမည်ဖြစ်ပြီး ကော်မတီကလည်း ချက်ချင်းတုံ့ပြန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး သည် ကာကွယ်ဆေးအသစ်ဖြစ်သည့်အပြင် ထုတ်လုပ်မှု နည်းပညာမှာလည်း အသစ်ဖြစ်သည့်အတွက် ကာကွယ် ဆေး ထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse Event Following Immunization) ကို အထူးသတိပြု စောင့်ကြပ် ကြည့်ရှုရမည် ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် ဗဟိုမှ တိုင်းဒေသကြီး/ ပြည်နယ်၊ တိုင်းဒေသကြီး/ ပြည်နယ် မှ ခရိုင်/ မြို့နယ်တို့သို့ သက်ဆိုင်ရာအအေးလမ်းကြောင်း မပျက် အမြန်ဆုံး ဖြန့်ဖြူးထိုးနှံနိုင်ရေးအတွက် သဏ္ဌာန်တူ ကြိုတင်ပြင်ဆင်မှု လေ့ကျင့်ခန်းငယ်များ လုပ်ဆောင် ထားရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် ဖြန့်ဖြူးမည့် လမ်းကြောင်းနှင့် သယ်ပို့မည့် ယာဉ်အမျိုးအစား၊ အစီအစဉ် တို့ကို သေချာစွာသတ်မှတ်ထားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ပြင်ဆင်ထားရှိ ရမည့် အသေးစိတ်အချက်အလက်စာရင်းကို ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် ဆေးရုံ/နေရာများကို သေချာစွာ ရွေးချယ် သတ်မှတ်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်မည့် ကျန်းမာရေး ဝန်ထမ်းများကို ရက်ပိုင်းအတွင်း လေ့ကျင့်ပေးမည်ဟု သိရှိရသည့်အတွက် ကောင်းမွန်ပါကြောင်း၊ ဗဟိုအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ်ဆေးတာဝန်ခံများအကြား ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သတင်းချက်အလက်များကို ဖလှယ် မျှဝေနိုင်ရေး အီးမေးလ်ဖြင့် အမြဲမပြတ် ချိတ်ဆက်ရမည် ဖြစ်ပါကြောင်း။

ကြိုးပမ်းလျက်ရှိ

အလွန်အမင်းအေးသော အအေးလမ်းကြောင်း သိုလှောင်မှု လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများ ဆေးအာနိသင်မပျက်စေရေးအတွက် သယ်ယူပို့ဆောင်မှု မနှောင့်နှေးစေဘဲ သက်ဆိုင်ရာနေရာသို့ ရောက်ရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အသေးစိတ်ကြိုတင်ပြင်ဆင်မည်ဟု သိရှိရသဖြင့် ကောင်းမွန် ပါကြောင်း၊ မိမိတို့အားလုံးပေါင်းစပ်၍ မြန်မာနိုင်ငံပြည်သူ များ အမြန်ဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် လာကြသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူးများက ဦးစားပေးအုပ်စုများကို မည်သည့်အချက်အပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်သည်ကို ပြည်သူများထံ ကြိုတင်အသိပေး ရှင်းလင်းပြောကြား ထားရန် အရေးကြီးမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေး သယ်ယူ ပို့ဆောင်ခြင်း၊ နေရာသတ်မှတ်ထိုးနှံခြင်းတို့တွင် လုံခြုံရေး ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာနိုင်မှု အခြေအနေအမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေ ထိုးနှံနိုင်ရေးအတွက် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေး တင်ပြကြသည်။

 

အဆိုပါ ကြိုတင်ပြင်ဆင်ခြင်း အစီအစဉ်သို့ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ် ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်း အဖွဲ့ (COVAX National Technical Working Group-CTWG) တို့မှ အဖွဲ့ဝင်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်