
၂၀၂၂ ခုနှစ်သည် အခြားသောနှစ်များနှင့်မတူဘဲ ပါကစ္စတန်နိုင်ငံတွင် ပြင်းထန်သည့် ရေကြီးရေလျှံမှုမှ စံချိန်တင် အပူလှိုင်းကျရောက်သည်အထိ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း အဖြစ်အပျက်အပြောင်းအလဲများစွာဖြင့် ပြည့်နှက်နေခဲ့ပါသည်။ သဘာဝဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုထူးခြားဖြစ်စဉ်များကို စုစည်းဖော်ပြအပ်ပါသည်။
(ယမန်နေ့မှအဆက်)
ဇန်နဝါရီ
အီသီယိုးပီးယား လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း
လက်နက်ကိုင်ပဋိပက္ခများ၊ ရာသီဥတုဖောက်ပြန်မှုများ၊ ရောဂါဖြစ်ပွားမှု များနှင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများက အီသီယိုးပီးယား နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များကို ပိုမိုဆိုးရွားစေခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံ လူဦးရေ၏ ငါးပုံ တစ်ပုံကျော်ဖြစ်သော လူပေါင်း ၂၅ ဒသမ ၉ သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်ခဲ့သည်။ နိုဝင်ဘာလတွင် အီသီယိုးပီးယားအစိုးရနှင့် တီဂရေးပြည်သူ့ လွတ်မြောက်ရေးတပ်ဦးတို့ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် တီဂရေးဒေသတွင် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေ အနေများ ဖန်တီးပေးခဲ့သော နှစ် နှစ်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။
ဇန်နဝါရီ
မလေးရှားနိုင်ငံ၌ ရေကြီးမှုဖြစ်ပွား
မလေးရှားနိုင်ငံ၌ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ တစ်လနှင့် သုံးရက်ကြာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ ကျွန်းဆွယ်တစ်လျှောက် ပြည်နယ်ရှစ်ခု ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရပြီး ၅၄ ဦး သေဆုံးခဲ့ကာ နှစ်ဦးပျောက်ဆုံးခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၇၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စုစုပေါင်း ၁၂၅၀၀၀ကျော် ရေဘေး သင့်ခဲ့သည်။ မလေးရှားနိုင်ငံ၌ ၁၉၉၆ ခုနှစ်တွင် လူပေါင်း ၂၃၈ ဦး သေဆုံးပြီး ၁၀၂ ဦးပျောက်ဆုံးခဲ့သော အပူပိုင်းမုန်တိုင်း ဂရဂ် ပြီးနောက် အဆိုပါ ရေကြီးရေလျှံမှုသည် အပူပိုင်းဆိုင်ကလုန်းနှင့် ဆက်နွှယ်သော လူသေဆုံးမှုများသည့် သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။
မေ
အရှေ့အလယ်ပိုင်း၌ သဲမုန်တိုင်းတိုက်ခတ်
အီရန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းရှိ နိုင်ငံအများအပြားတွင် သဲနှင့် ဖုန်မုန်တိုင်းများ ဝင်ရောက်တိုက်ခတ် ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် လူ ပေါင်း ၁၀၀၀ ကျော် ဆေးရုံတက်ရောက်ခဲ့ရ သည့်အပြင် မြို့အများအပြား၏ လေယာဉ်အဝင် အထွက် ခရီးစဉ် များ နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ဇွန်
စားနပ်ရိက္ခာမလုံလောက်မှု ကြုံတွေ့နေရ
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ထုတ်ပြန်ချက်အရ လူသန်းပေါင်းများစွာ သည် ညစဉ်ညတိုင်း ဗိုက်ဆာလျက် ညအိပ်ရာဝင်ကြရသည်ဟု သိရ သည်။ ထိုကဲ့သို့ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရသည့် လူဦးရေ အရေအတွက်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း လူပေါင်း ၁၃၅ သန်း မှ ၃၄၅ သန်းအထိ မြင့်တက်လာခဲ့သည်။ ထို့ပြင် နိုင်ငံပေါင်း ၄၅ နိုင်ငံ မှ လူသန်း ၅၀ သည် ငတ်မွတ်ခေါင်းပါးမှုဘေးသို့ တစ်ဟုန်တိုး မြင့်တက်လာနေသည်ဟုလည်း ဆိုသည်။ အာဖရိက ဦးချိုဒေသ၌ လေးနှစ်ဆက် မိုးရွာသွန်းမှုမရှိသောကြောင့် ပြင်းထန်သော မိုးခေါင် ရေရှားမှုနှင့် ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် အာဖရိက ဦးချိုဒေသ ၌ ဆိုမာလီယာနိုင်ငံသည် အခြားသောနိုင်ငံများထက် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ရှိနေသည်။ ဆယ်စုနှစ် သုံးစုကြာ ပြည်တွင်းစစ်ဖြစ်ပွားမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် စံချိန်တင် အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုက ဆိုမာလီယာနိုင်ငံကို ငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ်သို့ အရောက် တွန်းပို့နေခြင်း ဖြစ်သည်။
ဇူလိုင်
ပြင်သစ်နိုင်ငံ၌ တောမီးလောင်မှု
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ ဂျီရွန်ဒီ၌ ဇူလိုင်လက တောမီးလောင်မှုဖြစ်ပွားခဲ့ရာ ဧကပေါင်း ၅၁၀၀၀ ပျက်စီးဆုံးရှုံးခဲ့ သည်။ ထို့ပြင် လူပေါင်း ၃၆၇၅၀ လည်း တောမီးကြောင့် ဘေးလွတ် ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ဩဂုတ် ၁၂ ရက်အထိ ဂျီရွန်ဒီဒေသတွင် အကြီးအကျယ်လောင်နေသော တောမီးကို မီးသတ်သမား ၁၀၀၀ ကျော်က မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသည်။ အဆိုပါ တောမီးကြောင့် သစ်တောဧက ၁၈၀၀၀ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၀၀၀၀ အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထို့ပြင် အဆိုပါ တောမီးကို ပိုလန်၊ ရိုမေနီးယား၊ ဩစတြီးယားနှင့် ဂျာမနီနိုင်ငံတို့မှ မီးသတ်သမားများနှင့် ဂရိ၊ အီတလီနှင့် ဆွီဒင်တို့မှ ရဟတ်ယာဉ်များကလည်း တောမီး လောင်မှု ငြှိမ်းသတ်ရာတွင် ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။ တော မီးလောင်မှုသည် ပြင်သစ်နိုင်ငံအပြင် အယ်ဘေးနီးယား၊ အယ်ဂျီး ရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ လက်ဘနွန်၊ မော်လ်တာ၊ မော်ရိုကို၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗေး နီးယား၊ စပိန်၊ တူရကီ၊ တူနီးရှား၊ ဗြိတိန်နိုင်ငံတို့တွင်လည်း တောမီးလောင်မှု ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ
တရုတ်နိုင်ငံ၌ ငလျင်လှုပ်ခတ်
အင်အားပြင်းထန်သော ငလျင်တစ်ခု တရုတ်နိုင်ငံ အနောက်တောင် ဘက်ဒေသရှိ လူဒင်ကောင်တီဒေသ၌ လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်မှာ လူပေါင်း သန်း ၂၀ နီးပါးနေထိုင်သော စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူမှ မိုင် ၁၄၀ ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ် သည်။ အမေရိကန်ဘူမိဗေဒစစ်တမ်းအရ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်တွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ထိုငလျင်ပြင်းအားမှာ ၆ ဒသမ ၆ အဆင့် ရှိသည်ဟု ဆိုသည်။ ငလျင်ဗဟိုချက်နှင့် မိုင်ရာချီဝေးသော တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းရှီးပြည်နယ်နှင့် ကွေကျိုး ပြည်နယ်အပါအဝင် အနီးပတ်ဝန်းကျင်ရှိ လူတစ်သန်းကျော် အဆိုပါ ငလျင်လှုပ်မှုဒဏ်ကို ခံစားခဲ့ကြရသည်ဟု ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ် Lianyungang မြို့၌ ဇူလိုင်လက လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လေဆင်နှာမောင်း သည် Lianyungang အပြင် ဖိုရှန်မြို့၊ ချောင်ကျိုးမြို့၊ ဂွမ်ဒေါင်း ပြည်နယ်တို့တွင်လည်း တိုက်ခတ်ခဲ့သည်။
ဇူလိုင်
အပူလှိုင်းကျရောက်
အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများအတွင်း စံချိန်တင်အပူလှိုင်း ကျရောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ဇူလိုင်လတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ် တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ကျော်အထိ ရောက်ရှိခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အပူချိန်သည်လည်း နွေရာသီတွင် ယခင်တင်ထားခဲ့သော စံချိန်ထက် ၁ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ် ကျော်လွန်ခဲ့သည်။ ဂျာမနီနိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသူပေါင်း ၈၁၃၈ ဦးအထိ ရှိသည်။ ထို့ပြင် ဗြိတိန်၊ စပိန်၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ ပိုလန်နိုင်ငံတွင်လည်း အပူလှိုင်းကျရောက်ပြီး လူပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ
ကမ္ဘာတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အထိ ကမ္ဘာတစ်ဝန်း သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရသူပေါင်း ၃၇၆၆၁၅၃ ဦးရှိပြီး သေဆုံးသူပေါင်း ၃၅၈၂ ဦးအထိ ရှိကြောင်း အစီရင်ခံစာများအရ သိရသည်။ သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု အများဆုံးမှာ ဘရာဇီးနိုင်ငံက ၂၁၈၂၂၂၉ ဦးနှင့် အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံ က ၃၂၅၆၀၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံက ၂၀၁၅၀၉ ဦး၊ အိန္ဒိယနိုင်ငံက ၁၁၀၄၇၃ဦး၊ အင်ဒိုနီးရှားနိုင်ငံက ၉၄၃၅၅ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ရောဂါကြောင့် သေဆုံးသူ အများဆုံးစာရင်းတွင်လည်း ဘရာဇီးနိုင်ငံက ၉၂၉ ဦး ဖြင့် အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံ ၁၁၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံက ၆၅၆ ဦး၊ အိန္ဒိယနိုင်ငံက ၈၆ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံက ၈၅၃ ဦးရှိကြောင်း သိရသည်။
ဒီဇင်ဘာ
အင်ဒိုနီးရှား ဆီမီရူမီးတောင်ပေါက်ကွဲ
ဒီဇင်ဘာ ၄ ရက်က ဆီမီရူမီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အင်ဒို နီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်တွင် အလွန်ကြီးမားသော မီးခိုးလုံးကြီးများ ဖုံးလွှမ်းမြင့်တက်ခဲ့သည်။ လူပေါင်းနှစ်ထောင်သည် ၎င်းတို့၏ ရွာများ ကို မီးခိုးပြာများ ဖုံးလွှမ်းသွားသောကြောင့် နေအိမ်စွန့်ခွာထွက်ပြေး ခဲ့ရသည်။ သိပ်သည်းထူထပ်သည့် ပြာပူပြာခိုးများကြောင့် နေရောင်ခြည် ကိုပင် မမြင်တွေ့ရကြောင်း၊ အဆိုပါ ပြာပူပြာခိုးတွေဟာ မုတ်သုံမိုးနှင့် ပေါင်းစပ်သွားပြီး ညစ်ပေသော ပြာအနှစ်များ ဖြစ်သွားသည်ဟု ဆို သည်။ ဆီမီရူမီးတောင် အကြီးအကျယ်ပေါက်ကွဲမှုမှာ ယမန်နှစ်က ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၀ သေဆုံးခဲ့ကြောင်း သိရသည်။ ယခု အကြိမ် ပေါက်ကွဲမှုသည် လူရာနှင့်ချီ သေဆုံးမှုဖြစ်စေခဲ့သည့် ငလျင်အပါ အဝင် ငလျင်များ ဆက်တိုက်လှုပ်ခတ်မှုအပြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သတင်းအဖွဲ့ - စုစည်းတင်ပြသည်