မုတ်သုံလေနှင့် မြန်မာ့ရာသီဥတု

Type

 

  ကျော်နိုင်ဦး(ပတ်ဝန်းကျင်)
 

 

ရာသီအလိုက် အချိန်မှန်မှန်ပြောင်းလဲတိုက်ခတ်နေသော လေများကို မုတ်သုံ သို့မဟုတ် ရာသီလေဟု ခေါ်ဆိုကြပါသည်။ မုတ်သုံဟူသော စကားလုံးသည် Mausim ဟူသည့် အာရေဗျဘာသာစကားမှ ဆင်းသက် လာခြင်းဖြစ်ပြီး “ရာသီ” ဟုအဓိပ္ပာယ်ရသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် မိုးရာသီကိုဖြစ်ပေါ်စေသော အနောက်တောင်မုတ်သုံရာသီလေနှင့် အေးမြခြောက်သွေ့သော ရာသီဥတုကို   ဖြစ်ပေါ်စေသည့် အရှေ့ မြောက်မုတ်သုံရာသီလေဟူ၍ နှစ်မျိုးရှိပါသည်။ ကမ္ဘာပေါ်တွင် မုတ်သုံလေ ရရှိသောဒေသများမှာ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ အင်ဒိုချိုင်းနားဒေသများ၊ သြစတြေးလျတိုက် အနောက်မြောက်ပိုင်း၊ အာဖရိကတိုက်အရှေ့ဘက် ကမ်းရိုးတန်းဒေသအချို့နှင့် တောင်အမေရိကတိုက် အနောက်မြောက်ပိုင်းဒေသတို့ ဖြစ်ကြသည်။
အီကွေတာမျဉ်းနှင့် မြန်မာနိုင်ငံတည်နေရာ
မုတ်သုံအကြောင်းကို    လေ့လာရာ တွင် ကမ္ဘာ့အီကွေတာမျဉ်းအကြောင်း နှင့် ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ တည်နေရာ အနေအထားကို  ရှေးဦးစွာ   သိရှိထားရန် လိုအပ်ပါသည်။  အီကွေတာမျဉ်းသည် ကမ္ဘာ့တောင်ခြမ်းနှင့်   မြောက်ခြမ်းကို အလယ်တည့်တည့်မှ        ပိုင်းခြားကာ စိတ်ကူးယဉ်ရေးဆွဲထားသည့်     မျဉ်း တစ်ကြောင်းပင်ဖြစ်သည်။   လတ္တီကျု မျဉ်းများနှင့် မျဉ်းပြိုင်ဖြစ်ပြီး  သုညဒီဂရီ အဖြစ် သတ်မှတ်ထားရှိသည်။ အီကွေတာ   မျဉ်းဖြတ်သန်းသွားသော ၇၈ ဒသမ ၈ ရာခိုင်နှုန်းသည် ရေပြင်မျာ ဖြစ်ပြီး ကျန် ၂၁ ဒသမ ၃ ရာခိုင်နှုန်းမှာ ကုန်းမြေများ ဖြစ်ကြပါသည်။     အီကွေတာမျဉ်း ဖြတ်သန်းသွားသော ကုန်းမြေနိုင်ငံပေါင်း ၁၃    နိုင်ငံရှိပြီး        အီကွေတာမျဉ်း ဖြတ်သန်းသွားသော   သမုဒ္ဒရာများမှာ အတ္တလန္တိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ နှင့်ပစိဖိတ်သမုဒ္ဒရာတို့  ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် အီကွေတာ မျဉ်း၏မြောက်ဘက်၊ ကမ္ဘာ့မြောက်ဘက် အခြမ်းတွင်  တည်ရှိပြီး   အရှေ့တောင် အာရှကုန်းမြေမကြီး၏ အနောက်မြောက် ဘက်အကျဆုံးနိုင်ငံဖြစ်ကာ တောင်ဘက် တွင် ဘင်္ဂလားပင်လယ်အော်၊   အိန္ဒိယ သမုဒ္ဒရာတို့နှင့် ထိစပ်နေပါသည်။   ကမ္ဘာ မြေကြီးသည် ကမ္ဘာ့ဝန်ရိုးတိမ်းစောင်း ခြင်းနှင့်    နေကို   တစ်ပတ်ပြည့်အောင် တစ်နှစ်အကြာ    လှည့်ပတ်နေသည့်အခါ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက် ခြမ်းသည် ကမ္ဘာပတ်လမ်းပေါ်မူတည်၍ တစ်နှစ်ပတ်လုံး နေမှဝေးခြင်း၊ နီးခြင်း တစ်လှည့်စီက         ကြုံကြရပါသည်။ နေရောင်ခြည်သည်    အီကွေတာပေါ်သို့   တိုက်ရိုက်ကျရောက်သည့်အချိန်  ရှိသလို အီကွေတာ၏          တောင်ဘက်နှင့်    မြောက်ဘက်သို့ တည့်မတ်စွာ  ကျရောက် သည့်  အချိန်ကာလများလည်း   ရှိသည်။ 
မုတ်သုံလေများ ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်း 
မုတ်သုံလေများ    ဖြစ်ပေါ်လာရခြင်း မှာ  ကုန်းမြေနှင့်    ပင်လယ်သမုဒ္ဒရာတို့ သည် နေမှအပူချိန်ရရှိမှု  မတူညီကြသော ကြောင့် ရာသီအလိုက် ဖြစ်ပေါ်လာသော လေကြောင်းပြောင်းလဲမှု    ဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု မိုးလေဝသပညာရှင်များက အကျဉ်းအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြပါ သည်။ မုတ်သုံလေများ ဖြစ်ပေါ်လာရခြင်း အကြောင်းကို စတင်လေ့လာရာ၌  ပူနွေး သော လေများသည်  အထက်ကောင်းကင် သို့ တက်သွားလေ့ရှိကြပြီး   ထိုနေရာသို့ အခြားအရပ်မှ အေးမြသော လေများက ဝင်ရောက်လာလေ့ရှိသည်    ဟူသည့် လေထု၏ သဘောသဘာဝကို သိရှိထား ရပါမည်။  နေ၏တိုက်ရိုက်အပူရှိန်သည် အီကွေတာမြောက်ဘက်၌  တည့်မတ်စွာ ကျရောက်သည့်အခါ      အာရှတိုက် အလယ်ပိုင်းရှိ   ကျယ်ပြန့်သည့်  ကုန်းမြေ များသည် အလွန်ပူပြင်း၍ တောင်ဘက် အိန္ဒိယသမုဒ္ဒရာနှင့်   အရှေ့ဘက်ပစိဖိတ် သမုဒ္ဒရာတို့သည်   များစွာအေးနေမည် ဖြစ်ပါသည်။     ထိုအခါ     အာရှတိုက် ကုန်းတွင်းပိုင်းရှိ        လေပူများသည် အထက်ကောင်းကင်သို့ အမြောက်အမြား လွင့်တက်သွားကြပါသည်။      ထိုသို့ လွင့်တက်သွားသော နေရာသို့  တောင်ဘက် အိန္ဒိယသမုဒ္ဒရာမှ      လေအေးများသည် အာရှတိုက်အတွင်းဘက်သို့    အဟုန် ပြင်းထန်စွာဖြင့် တိုက်ခတ်ဝင်ရောက်လာ ကြပါတော့သည်။   ယင်းလေများသည် မြန်မာနိုင်ငံတွင်းသို့ အနောက်တောင် ဘက်မှ   ဝင်ရောက်တိုက်ခတ်လာသော ကြောင့် အနောက်တောင်မုတ်သုံ ရာသီ လေဟု  ခေါ်ဆိုကြပါသည်။  အနောက် တောင်မုတ်သုံလေ  တိုက်ခတ်လာသည့် အခါ   လေထဲတွင်   ရေခိုးရေငွေ့များ များစွာပါလာပါသည်။ ထိုလေများသည် ကုန်းမြေသို့      ရောက်ရှိသည့်အခါ တောင်တန်းများနှင့် တွေ့ဆုံကာ အထက် ကောင်းကင်သို့     တက်သွားကြသဖြင့် လေ၌ပါလာသော ရေခိုးရေငွေ့များသည် ကောင်းကင်၏   အအေးဓာတ်ကြောင့် ငွေ့ရည်ဖွဲ့ပြီးလျှင် မိုးအဖြစ်  သည်းထန် စွာရွာသွန်းချပါတော့သည်။ ထို့ကြောင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှင့် တောင်တန်းဒေသများတွင် မိုးသည်း ထန်စွာ    ရွာသွန်းလေ့     ရှိသည်။ မြန်မာနိုင်ငံတွင်      အနောက်တောင် မုတ်သုံလေသည်   နှစ်စဉ်    မေလမှ အောက်တိုဘာလအထိ    တိုက်ခတ်ရာ ထိုအချိန်တွင် မိုးများစွာ  ရွာသွန်းသဖြင့် မိုးဥတုဟု  ခေါ်ဆိုကြသည်။ 
တစ်ဖန်  နေ၏    တိုက်ရိုက်အပူရှိန် သည်        အီကွေတာတောင်ဘက်၌ တည့်မတ်စွာ     ကျရောက်သည့်အခါ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ သည် အလွန်ပူပြင်းလာပြီး  မြောက်ဘက် အာရှတိုက်အလယ်ပိုင်းရှိ    ကုန်းမြေများ သည် များစွာအေးနေမည် ဖြစ်ပါသည်။ ထိုအခါ အဆိုပါသမုဒ္ဒရာများမှ လေပူများ သည် အထက်ကောင်းကင်သို့  လွင့်တက် သွားကြသဖြင့်  အာရှတိုက်ကုန်းတွင်း ပိုင်းရှိ   လေအေးတို့သည်   ပူနွေးသည့် သမုဒ္ဒရာများဆီသို့   တိုးဝင်ရောက်ရှိ တိုက်ခတ်လာကြပါတော့သည်။    ထို မုတ်သုံလေသည် မြန်မာနိုင်ငံတွင် အရှေ့ မြောက်ဘက်မှ တိုက်ခတ်သောကြောင့် အရှေ့မြောက်မုတ်သုံလေ       သို့မဟုတ် မြောက်ပြန်လေဟု ခေါ်ဆိုကြပြီး ရာသီဥတု မှာ အေးသောကြောင့်   ဆောင်းဥတုဟု သတ်မှတ်ကြသည်။ 
အရှေ့မြောက်    မုတ်သုံလေသည် အနောက်တောင်မုတ်သုံလေကဲ့သို့ အရှိန် အဟုန် မပြင်းထန်ပါ။   အဘယ်ကြောင့် ဆိုသော် အိန္ဒိယသမုဒ္ဒရာ၌ ဖြစ်ပေါ်သည့် အပူရှိန်သည် အီကွေတာမြောက်ဘက်၌ အပူရှိန် တည့်မတ်စွာကျရောက်စဉ်က အာရှတိုက် ကုန်းမြေကြီးများ ပူသလောက် အပူချိန်မများသဖြင့်   ပင်လယ်လေပူ တို့သည် အထက်သို့   အမြောက်အမြား တက်ရောက်ခြင်းမရှိကြပေ။ ထို့ကြောင့် အာရှတိုက်ကုန်းမြေဘက်မှ  လေအေးတို့ သည်         ပင်လယ်သမုဒ္ဒရာများဆီသို့ ညင်သာစွာသာ        တိုက်ခတ်လာကြခြင်း ကြောင့် ဖြစ်ပါသည်။     မြန်မာနိုင်ငံ၌ ယင်းမုတ်သုံလေတို့သည်     အချိန်မှန် တိုက်ခတ်ကြသဖြင့်   စိုစွတ်သောမိုးဥတု နှင့်အေးမြခြောက်သွေ့သော ဆောင်းဥတု တို့ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ 
မုတ်သုံလေနှင့် မြန်မာ့ရာသီဥတုပြောင်းလဲမှု 
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန် လာမှုနှင့်အတူ ကျွန်ုပ်တို့    မြန်မာနိုင်ငံ သည်လည်း လွန်ခဲ့သော  ၁၉၇၈ ခုနှစ်မှ စတင်ကာ   ပြင်းထန်သည့်   ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ  တွေ့ကြုံခံစား လာခဲ့ရပါသည်။      မြန်မာ့ရာသီဥတု ပြောင်းလဲမှုသည် မုတ်သုံရာသီပြောင်းလဲ မှုကြောင့်ဖြစ်ပြီး     အဓိကအားဖြင့် အနောက်တောင်    မုတ်သုံလေသည် အဝင်နောက်ကျခြင်း၊ အထွက်စောခြင်း နှင့် မုတ်သုံကာလ   တိုတောင်းသွားခြင်း၊ မုတ်သုံကာလအတွင်း    မုတ်သုံလေ အတည်တကျမရှိခြင်း၊   မုတ်သုံလေ အားပြတ်ခြင်းနှင့် မကြာခဏ ပျောက်ကွယ် နေခြင်း၊ မုတ်သုံမုန်တိုင်းများ လျော့နည်း သွားခြင်း၊ မုတ်သုံမိုးများ လျော့နည်းလာ ခြင်း၊ အပူချိန်အညွှန်းကိန်းများ မြင့်တက် လာခြင်း၊      သမားရိုးကျမဟုတ်သော မိုးလေဝသအခြေအနေများ  မကြာခဏ ကြုံတွေ့လာရခြင်း စသည့်ပြောင်းလဲမှု များနှင့် ရင်ဆိုင်ကြုံတွေ့လာရပါသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ အနောက် တောင်   မုတ်သုံလေ    ဝင်ရောက်မှု နောက်ကျပြီး စောစီးစွာထွက်ခွာခြင်းတို့ကြောင့်     ပျမ်းမျှမုတ်သုံကာလသည် တိုတောင်းလာနေပြီဖြစ်ပါသည်။ ယခင် က အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ မေ ၁၅ ရက်တွင် စတင် ဝင်ရောက်လေ့ရှိသော်လည်း   ယနေ့ အချိန်အခါတွင် မေလကုန်မှသာ စတင် ဝင်ရောက်လာပြီး ယခင်က အောက်တို ဘာ ၁၀ ရက်ရောက်မှသာ ထွက်ခွာလေ့ရှိ သည့် မုတ်သုံလေသည် ယနေ့အချိန်အခါ တွင် စက်တင်ဘာ ၁၅ ရက်ကတည်းက ဆုတ်ခွာနေပြီဖြစ်ပါသည်။ ထို့ကြောင့် ယခင်က    မြန်မာ့မိုးရာသီသည် မေ  ၁၅ ရက်မှ   အောက်တိုဘာ  ၁၀ ရက်အထိ ရက်ပေါင်း ၁၄၅  ရက်  ရှိခဲ့ရာမှ   ယနေ့ အချိန်အခါတွင်  မိုးရာသီကာလသည် မေလကုန်မှ    စက်တင်ဘာ   ၁၅ ရက် အထိသာဖြစ်သဖြင့် ရက်ပေါင်း   ၁၀၅  ရက်သာ ကျန်ရှိပါတော့သည်။  မုတ်သုံ မိုးရာသီ ရက်ပေါင်း ၄၀ ခန့် ပျောက်ဆုံး သွားခဲ့ပြီဖြစ်ပါသည်။ ထိုကဲ့သို့   မုတ်သုံ ကာလ    တိုတောင်းလာသော်လည်း နိုင်ငံ၏        အချို့နေရာဒေသများ၌ တိုတောင်းသည့်      အနောက်တောင် မုတ်သုံကာလအတွင်း ပျမ်းမျှမိုးရွာသွန်း မှုပမာဏမှာ ထူးကဲစွာ များပြားလာသဖြင့် ရေကြီး၊ရေလျှံမှုပြဿနာများ ရင်ဆိုင် ကြုံတွေ့လာကြရပြန်သည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌    ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်ပါက အဓိက   ခံစားရသူများ မှာ  နိုင်ငံ၏အရေးအပါဆုံး    စီးပွားရေး လုပ်ငန်းကို           လုပ်ကိုင်နေကြသည့် ကျေးဇူးရှင်      စိုက်ပျိုးရေးတောင်သူ လယ်သမားများပင် ဖြစ်ပါသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှု၏      ဆိုးကျိုး သက်ရောက်မှုများသည် နိုင်ငံ၏  ဖွံ့ဖြိုး တိုးတက်မှုကို   ထိခိုက်စေနိုင်ပြီး ၎င်းတို့ကို ထိရောက်စွာ      ကိုင်တွယ်ဖြေရှင်းနိုင်မှ သာလျှင် မြန်မာနိုင်ငံ၏ အနာဂတ်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင် မည်ဖြစ်ပါသည်။ ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှု    ဟန့်တားတိုက်ဖျက်ရေး အတွက်  လက်တွဲကြိုးပမ်းဆောင်ရွက်နေကြသည့် ကဏ္ဍအသီးသီး၊ အဖွဲ့အစည်း အသီးသီးနှင့်   နိုင်ငံသူ   နိုင်ငံသားများ အနေဖြင့် မုတ်သုံလေနှင့်  မြန်မာ့ရာသီ ဥတုအကြောင်းကို     အခြေခံဗဟုသုတ အဖြစ် ပိုမိုသိရှိကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူ    ဖြစ်စေရေးအတွက် ရေးသားပြုစုတင်ပြအပ်ပါသည်။     ။