ဘရာဇီးနိုင်ငံ၌ကျင်းပမည့် (၂၃) ကြိမ်မြောက် လယ်ယာစီးပွားရေးဆိုင်ရာပြပွဲသို့ ပါဝင်တက်ရောက်နိုင်

 

ရန်ကုန်  ဇန်နဝါရီ   ၁၃


ဘရာဇီးနိုင်ငံ   Nao-Me-Toque မြို့၌ မတ်လ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့်   (၂၃)   ကြိမ်မြောက်  လယ်ယာစီးပွားရေးဆိုင်ရာ ပြပွဲ(The 23rd Edition of the Expodireto Cotrijal International Agribusiness Fair)တွင် မြန်မာနိုင်ငံမှ   စိတ်ဝင်စားသည့် ကုမ္ပဏီများ ပါဝင်တက်ရောက်နိုင်ကြောင်း ကုန်သည်/စက်မှုအသင်းချုပ်မှ သိရသည်။

 


အဆိုပါပြပွဲတွင် ဧရိယာ ၉၈ ဟက်တာ အကျယ်အဝန်း၌ ပြခန်း ပေါင်း ၅၀၀ ကျော်ဖြင့် နိုင်ငံပေါင်း ၇၀ ကျော်မှ ကိုယ်စားပြုတင်သွင်းသူ များ၏ ပြခန်းများကို လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပြပွဲတွင် ပြသသူ များနှင့် ကြိုတင်စီစဉ်ထားသော အစည်းအဝေးများ သို့မဟုတ် နိုင်ငံတကာ ပြခန်းဆောင်များကို ကိုယ်တိုင်အသုံးပြု၍ စီးပွားရေးဆိုင်ရာ ဝိုင်းဖွဲ့ ဆွေးနွေးမှုများ ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ပြပွဲတွင် စိုက်ပျိုးရေးလုပ်ငန်း များ၊   စက်ပစ္စည်းများ၊    စက်ကိရိယာများနှင့်   စိုက်ပျိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ အစေ့အဆန်များ (ပဲပိစပ်၊ ပြောင်း၊ ဂျုံ၊ ဘာလီ၊ မုန်ညင်းစေ့၊ ဆန်)၊ အသား (ကြက်၊ နွား၊ ဝက်) နှင့် နို့ထွက်ပစ္စည်း ထုတ်ကုန်များ ကဲ့သို့သော ဘရာဇီးနိုင်ငံ၏ လယ်ယာစီးပွားရေးလုပ်ငန်း အမျိုးမျိုးမှ ထုတ်လုပ်သူများက ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါပြပွဲကို     စိတ်ပါဝင်စား၍   ပါဝင်တက်ရောက်လိုသည့် ကုန်သည်/စက်မှုအသင်းချုပ်အောက်ရှိ      ညီနောင်အသင်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြပွဲနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို  https://linktr.ee/mmconnection တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အီးမေးလ်  expodiretointerna-cional@gmail.com နှင့် Ph: +55 (51) 98617.8535 သို့   တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်း၍လည်း အမည်စာရင်းပေးသွင်းနိုင်သည်။

 


ပါဝင်တက်ရောက်မည်ဆိုပါက   တက်ရောက်မည့်သူ၏   အမည်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ ဆက်သွယ်ရန် အီးမေးလ် နှင့် ဖုန်းနံပါတ်တို့ကို ကုန်သည်/စက်မှုအသင်းချုပ်၊ အသင်းသားရေးရာ ဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com နှင့် ဖုန်း၀၁-၂၃၁ ၄၃၄ (လိုင်းခွဲ: ၃၀၁)သို့ မိတ္တူပူးတွဲ၍ ပေးပို့ပေးနိုင်ကြောင်း ကုန်သည် စက်မှုအသင်းချုပ်မှ သိရသည်။                                            

 ကိုရိုး