
ရန်ကုန် ဇန်နဝါရီ ၁၁
အများပြည်သူများ စိတ်အပန်းပြေ စေရန်နှင့် စိတ်ခွန်အားရရှိစေရန် အတွက် ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံကြီး၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနက စီစဉ်တင်ဆက် သည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး” တင်ဆက်ဖျော်ဖြေနေမှုကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။
“အသက်ထက် မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး” သည် မြန်မာ့သမိုင်းတွင် ရတု ရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ပဒေသရာဇ် များ၏ အားပြိုင်မှုမှဖြစ်ပေါ်လာ သော နိုင်ငံရေး၊ စစ်ရေး၊ အခင်း အကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိ သည်သာမက အနုသုခုမပညာ တွင်လည်း လက်ရာပြောင်မြောက် သော နတ်သျှင်နောင်သည် မိမိတို့ ၏ နိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်း တစ်ပါးသားကို အကြွင်းမဲ့ယုံစား ၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်း တစ်ကွေ့၏ သတိမူစရာ သင်ခန်းစာဖြစ်ရပ် တစ်ခုအနေ ဖြင့် တင်ဆက်ကပြရခြင်း ဖြစ် သည်။
ဇာတ်တော်ကြီး အပြီးတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို အဆိုပါ ဇာတ်တော်ကြီးမှ ကိုယ်စီရရှိလိုက် သည့် သင်ခန်းစာယူစရာအချက် များကို မေးမြန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။
ဇန်နဝါရီ ၁၂ ရက်နှင့် ၁၄ ရက် များတွင် အဆိုပါဇာတ်တော်ကြီး ကို အများပြည်သူများ၊ နိုင်ငံ့ တာဝန် ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ တပ်မတော်သားများနှင့် မိသားစု များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို မွန်းလွဲ ၁ နာရီမှ စ၍ တင်ဆက်ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)