နိုင်ငံတော်အတွက် အားထားရသော စာရင်းပညာရှင်များဖြစ်အောင် ကြိုးပမ်းသွားကြရန် ပြည်ထောင်စုစာရင်းစစ်ချုပ် တိုက်တွန်းပြောကြား

 

ရန်ကုန်    ဇန်နဝါရီ    ၁၀


စာရင်းပညာရပ်ဆိုင်ရာ   ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် နိုင်ငံတော် အတွက် အားထားရသော စာရင်းပညာရှင်များဖြစ်အောင် ကြိုးပမ်းသွားကြရန် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်သည်။

 


ပြည်ထောင်စုစာရင်းစစ်ချုပ်သည်       ယနေ့ နံနက်ပိုင်းက        ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရန်ကုန်သင်တန်းကျောင်း၌ ကျင်းပသည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်စာမေးပွဲ (၁၈)  ကြိမ်မြောက်   အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 


သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုခဲ့


ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာ နိုင်ငံ  စာရင်းကောင်စီမှ    ကြီးမှူးဖွင့်လှစ်ခဲ့သည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းကို စတင် ဖွင့်လှစ်ခဲ့သည့် ၁၉၇၂ ခုနှစ်မှစ၍ ယနေ့အထိ ၂၆၆၆ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင်   စာရင်းကောင်စီမှ  ဖွင့်လှစ်သည့်  သင်တန်း ကျောင်းအပြင်     ကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယနေ့အထိ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း  ၁၂ ကျောင်း ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း။  

 


နိုင်ငံတော်အတွက်   အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ   တိုးတက်များပြားလာရေးကို ရည်ရွယ်၍ နိုင်ငံခြားတိုင်းပြည်များမှ စာရင်းပညာဘွဲ့၊ စာရင်းပညာလက်မှတ်ရရှိထားသူ နိုင်ငံသားများကို လက်မှတ်ရ         ပြည်သူ့စာရင်းကိုင်များအဖြစ် အသိအမှတ်ပြုနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် အရည်အချင်းစစ်စာမေးပွဲ ကျင်းပပေးလျက် ရှိပြီး  ယနေ့အထိ စာရင်းပညာရှင် ၉၆ ဦးကို အသိအမှတ်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒီပလိုမာစာရင်းကိုင် သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယခုအောင်လက်မှတ် ပေးအပ်မည့်သူများအပါအဝင် ၄၇၁၄ ဦး ရှိပြီးဖြစ်ကြောင်း။

 


အောင်လက်မှတ်ရရှိပြီးသူများအနေဖြင့် မိမိတို့ ၏ အရည်အချင်းကို တိုးတက်သည်ထက် တိုးတက် စေရန် စာရင်းပညာရပ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု များကို   စဉ်ဆက်မပြတ်  လေ့လာသင်ယူကြစေလို ကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်များ ကို   လိုက်နာ၍  မိမိ၏ဂုဏ်သိက္ခာ၊  အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို   ထိန်းသိမ်းစောင့်ရှောက်နိုင်သူများ နိုင်ငံတော်အတွက် အားထားရသော စာရင်းပညာရှင် များအဖြစ် အောင်မြင်မှုများရရှိစေရန် ကြိုးပမ်းသွား ကြစေလိုကြောင်း ပြောကြားသည်။

 


အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်


အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်း ကိုင်စာမေးပွဲ အောင်မြင်သူများကို အောင်လက်မှတ် များ ပေးအပ်ချီးမြှင့်ပြီး(အပေါ်ပုံ) စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။    

     သတင်းစဉ်