
နေပြည်တော် ဇန်နဝါရီ ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့် အနေဖြင့် တတိယအကြိမ် ဂျပန် ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှု ပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိ ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အာဆီယံ-ဂျပန် ဗဟိုဌာနနှင့် ပူးပေါင်းကျင်းပ သော ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးပွဲ ကိုယ်စားလှယ်များ သည် ဂျပန်ခရီးသွားဧည့်သည် များ၏ ရိုးရာဓလေ့နှင့် လူနေမှုဘဝ ပုံစံများ၊ အပြုအမူသဘောသဘာဝ များကို သိရှိနားလည်လာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန် သော ဝန်ဆောင်မှုများပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန၏ ၂၀၂၃ ခုနှစ်အတွက် National Acticvity နှင့် အခြား အစီအစဉ်များတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ-ဂျပန် ဗဟိုဌာနမှ အကြီးတန်းအမှုဆောင် အရာရှိ Dr. Yuka KUBOTA က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ - ဂျပန် ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ဂျပန်ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် ဆက်လက်ဆွေးနွေး ပို့ချကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ရှိ အင်းယားကန် ဟိုတယ်၌ ကျင်းပသော မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စု ဝန်ကြီးက ယခုအခါ တရုတ်ခရီး သွားဈေးကွက်သည် မြန်မာနိုင်ငံ အတွက် အလားအလာရှိပြီး အားထားရသည့် ဈေးကွက်တစ်ခု ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာ လအတွင်း နေပြည်တော်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့် မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်း ရေးမှူးချုပ် မစ္စတာ ကျောက်ကျား အောက်ဝ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ချုံချင့်မြို့၌ တရုတ် - မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွား မိတ်ဖက်မြို့တော် ရက်သတ္တပတ် အစီအစဉ် ကျင်းပပြုလုပ်မည့် အခြေအနေများ၊ ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ပါဝင်ခင်းကျင်း ပြသသွားနိုင်ရေး အတွက် ဝန်ကြီးဌာနနှင့် ခရီးသွား အသင်းအဖွဲ့များအား ဖိတ်ကြား ထားပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ မြှင့်တင်ရေးစင်တာတွင် လည်း မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများနှင့် ဆွဲဆောင်မှုများ ကို ပါဝင်ပြသရန် ကမ်းလှမ်းထား ပါကြောင်း၊ အဆိုပါ ကုန်စည်ပြပွဲ တွင် ပါဝင်ပြသခြင်းဖြင့် ချုံချင့် မြို့နှင့်သာမက တရုတ်တစ်နိုင်ငံ လုံးသို့လည်း မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင် ကြော်ငြာနိုင်မည့် အခွင့်အလမ်း များ ရရှိမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေနှင့် ပြပွဲတွင် ပါဝင်ပြသနိုင်ရေးအပြင် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း မြှင့်တင် နိုင်ရေးအတွက် အခြားဆွေးနွေး လိုသည့် ကိစ္စရပ်များရှိပါကအားလုံး ဝိုင်းဝန်းဆွေးနွေး၍ အကြံပြုပေးစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမ အတွင်းဝန်တို့က ဆွေးနွေးတင်ပြ ကြပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း က ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား ကုန်စည်ပြပွဲတွင် ပါဝင်ပြသနိုင် မည့် အခြေအနေများနှင့် စပ်လျဉ်း ၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူ များက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်