(၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်

 

မြစ်ကြီးနား   ဇန်နဝါရီ   ၁၀


(၇၅) နှစ်မြောက်  စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားကို  ယနေ့နံနက် ၈ နာရီတွင်  ကချင် ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    Jeng   Phang  နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်       ဖြိုးသန့်နှင့်    ဦးဇော်အေးမောင်တို့ တက်ရောက်ကြရာ   ပြည်နယ်ဝန်ကြီးချုပ်   ဦးခက် ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊   ပြည်နယ်ဥပဒေချုပ်နှင့်  တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက     ရိုးရာဧည့်ကြိုအကဖြင့် ဂုဏ်ပြု ကြိုဆိုကြသည်။

 


သဝဏ်လွှာဖတ်ကြား


ဦးစွာ    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   Jeng    Phang နော်တောင်က ဖတ်ကြားသည်။

 


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်  ဦးခက် ထိန်နန်က နှုတ်ခွန်းဆက်  အမှာစကားပြောကြား သည်။
ထို့နောက်         နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က   ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား (Solar Home System Planens 120 w) အစုံ ၁၀၀ ကို ပေးအပ် လှူဒါန်းရာ    ပြည်နယ်ဝန်ကြီးချုပ်က  လက်ခံရယူသည်။

 


တပျော်တပါး စုပေါင်းက


ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်း ပြင်ရှေ့ မနောကွင်း၌ (၇၅)နှစ်မြောက်စိန်ရတု ကချင် ပြည်နယ်နေ့  အထိမ်းအမှတ်အပိတ် မနောအကကို ဦးဆောင်အဖွဲ့မှ ဦးဆောင်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊  တိုင်းမှူးနှင့်   ဇနီး၊ တပ်မတော်အရာရှိကြီးများ၊  ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့်ဇနီး၊  ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊  ကချင်၊   ရှမ်းနှင့်   ဗမာ တိုင်းရင်းသားမျိုးနွယ်စုများ၊   ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ      အကြီးအကဲများ၊ မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့်  နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ရိုးရာအစဉ်အလာ နှင့်အညီ     တပျော်တပါး     စုပေါင်းကကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ကချင်ပြည်နယ်နေ့သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်    မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဇန်နဝါရီ  ၁၀  ရက်တွင်  ကချင်ပြည်နယ်ကောင်စီ ညီလာခံ၏    ပထမဆုံးသော   အစည်းအဝေးကို မြစ်ကြီးနားမြို့    စီတာပူမနောကွင်း၌   ကျင်းပရာ မြန်မာနိုင်ငံ၏  ပထမဆုံးသော  သမ္မတ စဝ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်၍ ဝန်ကြီးချုပ် ဦးနုနှင့်အတူ မနောမဏ္ဍပ်ကို    ဖွင့်လှစ်အလံတင်ကာ    ကချင် ပြည်နယ်အစိုးရအဖွဲ့ကို  ဖွဲ့စည်းခဲ့သဖြင့်  ယင်းနေ့ ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ နှစ်စဉ် ကျင်းပရာ ယခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

 


ဂုဏ်ထူးဆောင်ဆု ချီးမြှင့်


ဆက်လက်၍   (၇၅)နှစ်မြောက်  စိန်ရတုကချင် ပြည်နယ်နေ့    အထိမ်းအမှတ်   ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့်   အေးချမ်းတည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို   ဂုဏ်ထူး ဆောင်ဆုများနှင့် မှတ်တမ်းတင်  ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ပွဲ  အခမ်းအနားကို  မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ထူးဆောင်ဆုနှင့်    ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေးဆောင်ရွက်ခဲ့မှုကို ရှင်းလင်း ပြောကြားပြီး       ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး ဘက်စုံ၊   ထောင့်စုံ၊   ကဏ္ဍစုံမှ   ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့ အမိနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၊ လူငယ်၊ လူရွယ်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးစားထမ်းဆောင်ကြ ရေး  တိုက်တွန်းမှာကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်ကြည်လင်း က ဂုဏ်ထူးဆောင်ဆုနှင့်  မှတ်တမ်းတင်ဂုဏ်ပြုလွှာ များ    ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက်   လုပ်ငန်း ကော်မတီများ   ဖွဲ့စည်းပြီး   ဥပဒေနှင့်အညီ    စိစစ် ရွေးချယ်ဆောင်ရွက်ခဲ့မှုကို  ရှင်းလင်းတင်ပြသည်။

 


ပေးအပ်ချီးမြှင့်
ယင်းနောက်  ဂုဏ်ထူးဆောင်ဆုနှင့်  မှတ်တမ်း တင်ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်း လုံးဆိုင်၊   ဦးရွှေကြိမ်းတို့က   စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်)ရ  ပုဂ္ဂိုလ်များကိုလည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီးများက စီမံခန့်ခွဲရေး ဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်)နှင့်  (တတိယ အဆင့်) ရ ပုဂ္ဂိုလ်များ၊ စီးပွားရေးဆိုင်ရာ(ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) ရပုဂ္ဂိုလ်များနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများကို လည်းကောင်း၊  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဆင့်မြင့် ပညာနှင့်အခြေခံပညာတို့မှ  စာစီစာကုံးနှင့်  ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်း သူများကိုလည်းကောင်း  ဂုဏ်ပြုဆုငွေနှင့်  ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

 


သာသနာရေးဆိုင်ရာများလျှောက်ထား


မွန်းလွဲပိုင်းတွင်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် မြစ်ကြီးနား မြို့  အံတော်ရှင်းကျောင်းတိုက်သို့  သွားရောက်ပြီး ဝန်သိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ နှင့်     ဆရာတော်သံဃာတော်များအား    ဖူးမြော် ကြည်ညိုကြပြီး                 သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ ဆရာတော်/ သံဃာတော်များထံ ဆန်အိတ်  ၂၀ ၊ ဆီ ငါးပုံးနှင့်  လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက် မြစ်ကြီးနားမြို့  အောင်နန်းရပ်ကွက် အတွင်းရှိ  စိန့်ကိုလန်ဘန်ကက်သလစ်အသင်းတော် ဘုရားကျောင်းသို့ သွားရောက်ပြီး မြစ်ကြီးနားမြို့နယ် အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ ဖာသာများ၊ သိက္ခာတော်ရဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အပြန်အလှန်   မိတ်ဆက်ကြပြီး  အသင်းတော်များ အတွက်   သစ်သီးခြင်းများနှင့်   အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 


ပြည်နယ်(ပြန်/ဆက်)