
မင်းဘူး ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသတွင်းမီးလောင်မှု အကြိမ်ရေ လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရေး နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်း နယ်မြေမီးသတ်စခန်းသစ်ကိုးခုကို တိုးချဲ့ဆောက်လုပ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ထိုသို့ဆောက်လုပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ များဖြင့် မကွေးမြို့နယ် မကွေးနယ်မြေ မီးသတ်စခန်း၊ ကံပြား နယ်မြေ မီးသတ်စခန်း၊ မြင်ကွန်းနယ်မြေ မီးသတ်စခန်း၊ မင်းဘူး (စကု)မြို့နယ် ကျောက်စံနယ်မြေမီးသတ်စခန်း၊ ပခုက္ကူမြို့နယ် အရာတော်နယ်မြေမီးသတ်စခန်း၊ အောင်လံမြို့နယ် မိုးကောင်း နယ်မြေ မီးသတ်စခန်း၊ မြို့လှနယ်မြေ မီးသတ်စခန်း၊ မင်းလှ မြို့နယ် ရှမ်းတပ်နယ်မြေ မီးသတ်စခန်းနှင့် စလင်းမြို့နယ် သရက်တောနယ်မြေ မီးသတ်စခန်း စုစုပေါင်း နယ်မြေမီးသတ် စခန်းသစ်ကိုးခုကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း သိရ သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခု၊ မြို့နယ် ၂၅ မြို့နယ်တွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး တစ်ရုံးအပါအဝင် ခရိုင်မီးသတ်ဦးစီးမှူးရုံး ခုနစ်ရုံး၊ ခရိုင်မီးသတ်စခန်းခုနစ်ခု၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ၂၅ ရုံး၊ မြို့နယ်မီးသတ်စခန်း ၂၅ ခု နှင့် နယ်မြေမီးသတ်စခန်း ၆၉ ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရ သည်။
မောင်မောင်(မင်းဘူး)