နိုင်ငံတော်က စာပေပညာရှင် ၅၁ ဦးကို အလှူငွေကျပ် ၅ သိန်းစီထောက်ပံ့ချီးမြှင့်

 

နေပြည်တော်   ဇန်နဝါရီ  ၃


နိုင်ငံတော်သည် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ စာပေမျက်စိကို အလင်းဖွင့်ပေးရေးအတွက်   ဆောင်ရွက်နေသည့်    စာပေဗိမာန်နှင့် မြန်မာစာပေအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် စာပေ ပညာရှင်ကြီးများ၏    ဂုဏ်ကျေးဇူးကို  အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ကျင်းပခဲ့သည့် စာပေဗိမာန် (၇၅)နှစ် ပြည့် စိန်ရတုအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များနှင့် အလှူရှင်များက စာပေရန်ပုံငွေအတွက် ငွေကျပ်သိန်းပေါင်း  ၂၂၁၅  သိန်းကို  လှူဒါန်းခဲ့သည်။ 

 


အဆိုပါ စာပေရန်ပုံငွေကို မြန်မာစာပေဖွံ့ဖြိုးရေးအကျိုးငှာ ဆောင် ရွက်သည့် လုပ်ငန်းများ ပိုမိုသွက်လက်စေရေး၊ စာပေဝန်ကို ထမ်းဆောင် နေသူ  စာပေပုဂ္ဂိုလ်များကို  အားဖြည့်ကူညီပေးရေးလုပ်ငန်းများတွင် အသုံးပြုသွားရန် ရည်ရွယ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် စာပေဗိမာန်၏ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စာပေပညာရှင် ၅၁ ဦးကို ဖိတ်ကြား၍ နိုင်ငံတော်က လှူဒါန်းသော ငွေကြေးထောက်ပံ့ပွဲ အခမ်း အနားကို စာပေဗိမာန်၌ ကျင်းပခဲ့သည်။ 

 


အဆိုပါအခမ်းအနားတွင်   စာပေပညာရှင်   တစ်ဦးလျှင်  ငွေကျပ်   ၅ သိန်းစီဖြင့် လှူဒါန်းငွေစုစုပေါင်း  ၂၅၅ သိန်းကျပ်ကို  အမျိုးသားစာပေ တစ်သက်တာဆုရရှိသူများအနက်  သက်ရှိထင်ရှားရှိနေသေးသူများ၊  အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆု ရွေးချယ်ရေးအဖွဲ့ဝင်များ၊ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ဝင် များ၊ စာပေဗိမာန်မှ သက်ပြည့်၊ နှစ်ပြည့် အငြိမ်းစားယူသွားပြီး စာပေ အကျိုး ဆက်လက်ဆောင်ရွက်ပေးနေကြသူ ပညာရှင် ၅၁ ဦးထံ စာပေ ဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က လက်ရောက်ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးစာပေ ပညာရှင်များကို လည်း   စာပေဗိမာန်က   အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။

 


ဆက်လက်၍လည်း ကျန်ရှိသည့် စာပေရန်ပုံငွေကို မြန်မာစာပေ လောကအကျိုးအတွက် အသုံးပြုသွားမည်ဖြစ်သည်။      

သတင်းစဉ်