
စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဆီလွှာ အရည်အသွေး ရေရှည်ထိန်းသိမ်းနိုင် ရေးသည် တောင်သူလယ်သမားများ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးမြေဆီလွှာ အရည်အသွေးကို စစ်ဆေးကြည့်ပါက မြေဆီအာဟာရဓာတ် ကြွယ်ဝခြင်း၊ မြေချဉ်ငန်ဓာတ် အနိမ့်အမြင့် မျှတခြင်း၊ သဘာဝဟန်ချက်များ ညီမျှခြင်း တို့သည် အဓိကအချက်များဖြစ်သည်ကို တွေ့ရှိရ သည်။
အများလို အာဟာရများဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ် ပိုတက်ဆီယမ် ဓာတ်တို့သည် သီးနှံတစ်ခုချင်း ဖြစ်ထွန်း ကောင်းမွန်လာစေရေးအတွက် အဓိက လိုအပ်ပြီး ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာဓာတ်တို့သည် ဒုတိယအများဆုံး လိုအပ်သော ဓာတ်များဖြစ်သည်။ သံ၊ မဂ္ဂနီဆီယမ်၊ သွပ်၊ ကြေးနီ၊ မော်လစ်ဒီနမ်၊ ဘိုရွန်၊ ကလိုရင်းဓာတ်တို့မှာ ပျမ်းမျှအား ဖြင့် အနည်းငယ်မျှသာ လိုအပ်သည့်ဓာတ် များ ဖြစ်ကြသည်။ ထိုကဲ့သော လိုအပ် သောအာဟာရဓာတ်များကို ဖြည့်ဆည်း ပေးရန် မိမိတို့၏လယ်ယာမြေများသို့ ဓာတုမြေဩဇာ၊ သဘာဝ မြေဩဇာများ ထည့်သွင်းခြင်းကို လုပ်ဆောင်ကြရသည်။
နွေ၊ မိုး၊ ဆောင်း ကာလသုံးပါးလုံး စီးပွားဖြစ် ရေရှည် စိုက်ပျိုးပြီးသည့်နောက် မြေဆီလွှာအာဟာရဓာတ်များနှင့် မြေဆီ လွှာအတွင်းရှိ အဏုဇီဝများ၏ သဘာဝ ဟန်ချက်များ၊ မြေဆီလွှာချဉ်ငန်ဓာတ် များ ယုတ်လျော့ပျက်စီးလာရသည့် အကြောင်းရင်းများမှာလည်း ထိုကဲ့သို့ ဓာတုဗေဒမြေဩဇာပိုးသတ်ဆေး မှိုသတ် ဆေးပေါင်းသတ်ဆေးများကို အလွန်အကျွံ သုံးစွဲခြင်း၊ သဘာဝမြေဩဇာများ တစ်စ တစ်စ ရှားပါးလာခြင်း၊ သဘာဝနည်း စနစ်များကို အသုံးပြုမှုနည်းပါးလာခြင်း စသည့် အကြောင်းရင်းများကြောင့်ပင် ဖြစ်နေပြန်သည်။
ထို့ကြောင့် တောင်သူများအနေဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လိုအပ်မှ သာ နည်းစနစ် မှန်မှန်ကန်ကန်အသုံးပြု သင့်သည်။ ရာသီအလိုက် ပိုးမွှားကျရောက် မှုနှင့် မှိုနှင့် ဘက်တီးရီးယားရောဂါများ ကျရောက်မှုဖြစ်ပွားလာပါက နီးစပ်ရာ ဓာတုဆေးဝါးများကို ဝယ်ယူအသုံးပြုရာ တွင် အနာနှင့်ဆေး တည့်အောင်အသုံးပြု ပြီး အချိုးအဆ/နှုန်းထား မှန်ကန်စွာ အသုံးပြုရေးကို အထူးဂရုပြုသင့်ပါသည်။ ပတ်ဝန်းကျင်နှင့် မိမိကိုယ်တိုင်၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရန် လက်အိတ်၊ နှာခေါင်းစည်း၊ ဦးထုပ် စသည့် အကာအကွယ်တို့ကိုလည်း ဝတ်ဆင် အသုံးပြုရပါမည်။
ထို့ပြင် ပိုးမွှားရောဂါ ဖြစ်ပေါ်စေ တတ်သော အကြောင်းအရင်းများကို စနစ်တကျလေ့လာပြီ သဘာဝမြေဩဇာ နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးများကို စိုက်ခင်းအတွင်း လိုအပ်သလို အသုံးပြု ခြင်း၊ အသီးအရွက်၊ အသားငါးများ၏ စွန့်ပစ်ပစ္စည်းများကို ဆွေးမြေ့အောင် ပြုလုပ်ထားသော အကျိုးပြုအဏုဇီဝ EM (Effective Micro-Organisms)များ တိုးပွားစေသော သဘာဝမြေဩဇာများ သုံးစွဲပေးခြင်း၊ သဘာဝနည်းလမ်းများဖြင့် ထုတ်လုပ်ထားသော မြေဩဇာအမှတ် တံဆိပ်များကို ရွေးချယ်သုံးစွဲခြင်းတို့ဖြင့် လည်း တစ်ဖက်တစ်လမ်းမှ ကုစားပေး နိုင်ပါသည်။
ဤသို့ဖြင့် မြေဆီလွှာ၏ သဘာဝ ဟန်ချက်မျှခြေများ ပြန်လည်ကောင်းမွန် လာခြင်း၊ သီးနှံအထွက်နှုန်းနှင့် သီးနှံ အရည်အသွေးများ တိုးတက်ကောင်းမွန် လာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု သက်သာခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု လျော့နည်းလာခြင်း၊ မြေဆီ လွှာသဘာဝဟန်ချက် ညီညွှတ်မျှတ လာခြင်းတို့ဖြင့် ပြည့်စုံပြီး ရေရှည် တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ကောင်းများကို ဖော်ဆောင်သွားနိုင်မည် ဖြစ်ပေသည်။
နန်းထက်ထက်ချစ်