
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၇၅) နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့်
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်း ဆိုင်ရာ အကျိုးစီပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(လေ)များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV၊ ရုရှားတပ်မတော် ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral IGOR MUKHAMETSHIN နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစု များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
လွှဲပြောင်းပေးအပ်
အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘော ကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ် စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက် စာတမ်းများကို လည်းကောင်း၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှူးက မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးအပ်သည့် စစ်ရေယာဉ်နှင့် ပတ်သက် သည့် စာရွက်စာတမ်းများကို လည်းကောင်း လွှဲပြောင်းပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ် များနှင့် (၆၅) နှစ်မြောက် တပ်မတော်(ရေ)နေ့မှ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နေ့အထိ ၁၁ နှစ်တာ ကာလအတွင်း တပ်တော်ဝင်၊ တိုးတက် ဖွဲ့စည်းခဲ့သည့် စစ်ရေယာဉ်များ၏ အထိမ်းအမှတ် တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ စစ်ဦးစီးအရာရှိချုပ် (ရေ) က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း (၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက် သည်။
တပ်တော်ဝင်ရေယာဉ်များ ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စင်း အပါအဝင် တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် နှစ်စင်းနှင့် ရေသယ် ရေယာဉ်တစ်စင်း၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်သည့် တပ်တော်ဝင်သော ရေယာဉ်များနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲ သိင်္ခသူ)တို့ကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ချီတက်အလေးပြု
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် ( ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်) တို့က အမြောက် (၂၁)ချက် ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ဂုဏ်ပြုအလေးပြုကြသည်။ ထို့နောက် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ် စစ်ရေယာဉ် (အောင်ဇေယျ) ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ် (ကျန်စစ်သား)၊ ဖရီးဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ် (တပင်ရွှေထီး)၊ ကမ်းလွန် ကင်းလှည့်ရေယာဉ်(အင်းလေး)နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွား ကင်းလှည့် ရေယာဉ်တို့က Single Line Formation ပုံစံဖြင့် လည်းကောင်း၊ အမြန်သွား တိုက်ခိုက်ရေးရေယာဉ် ရှစ်စင်းတို့က Line Abreast ပုံပြု ပုံစံများဖြင့် လည်းကောင်း ပုံပြုမောင်းနှင်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ဂုဏ်ပြု အလေးပြု ပစ်ခတ်ထားသည့် ပထမဆုံးအမြောက် ကျည်ဆန်ခွံအား အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင် ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တပ်မတော်(ရေ)၏ (၇၅)နှစ် မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်သကဲ့သို့ တပ်မတော်(ရေ)အတွက် ပဉ္စမနှင့် ဆဋ္ဌမမြောက် Super Dvora အမြန်သွား ကင်းလှည့်ရေယာဉ်များအပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားဖြစ်ပြီး တပ်မတော် အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ပင်ဖြစ် ကြောင်း၊ ထို့ပြင် ပြည်ပမှ နည်းပညာ လွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စင်း အပါအဝင် တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် နှစ်စင်းနှင့် ရေသယ် ရေယာဉ် တစ်စင်းတို့ကို အောင်မြင်စွာ တပ်တော်ဝင် နိုင်ခဲ့ကြောင်း။
တပ်မတော်(ရေ)ကို ယခင်ကစစ်ရေယာဉ်(မေယု)ဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက် ရေး ရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေယာဉ်များ အဖြစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ လွန်ခဲ့ သည့်(၇၅) နှစ်ကစပြီး အဆင့်ဆင့်တည်ဆောက်လာ ခဲ့သည်မှာ ယခုအခါ ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်စွမ်း အဆင့် ရောက်ရှိအောင် မိမိတို့ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။
တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ရောက်ရှိ
နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အကောင်းဆုံးအာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် အဆင့် လိုက် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy)အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ ရေရှည်မျှော်မှန်းချက် အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည် ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း။
ရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေတပ် သင်္ဘောကျင်းဌာနချုပ်ကို အဆင့်ဆင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ ရေယာဉ်တည်ဆောက်မှု အတွေ့အကြုံ များပြားလာသည်နှင့့်အမျှ အရည် အသွေးများ ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင် စစ်ရေယာဉ်များ ဖြစ်စေရေးအတွက် စစ်ရေယာဉ် တစ်စင်းချင်းစီ၏ စွမ်းဆောင် နိုင်မှုများ တိုးတက်ကောင်းမွန်လာစေရေး ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည်ဖြစ် ကြောင်း၊ ထိုသို့စစ်ရေယာဉ် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် (ရေ)မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံးကို ချီးကျူး မှတ်တမ်းတင် ဂုဏ်ပြုကြောင်း။
တစ်ဖက်တွင်လည်း ဒုတိယအဆင့် မြန်မာ့ ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်(Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှ သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီ ရန် ဒေသတွင်း အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက် သွားရမည်ဖြစ်ကြောင်း။
အမြဲတမ်းလေကျင့်နေရန် လိုအပ်
မိမိတို့နိုင်ငံသည် ပင်လယ်ပြင်အကျယ်အဝန်း စတုရန်းရေမိုင် ၁၄၀၀၀၀ ကျော် ရှိပြီး ကမ်းရိုးတန်း အရှည် ရေမိုင် ၁၃၀၀ ခန့်ရှိသည့်အတွက် ဆိပ်ကမ်း ကြီးများနှင့် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) များကို အပြည့်အဝ အသုံးချပြီး သမုဒ္ဒရာဖြတ်ကျော် ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း (Seaborne Trade)များကို ထိထိရောက်ရောက်ဖော်ဆောင်ရန် အခွင့်အလမ်းများ ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက် ဖြစ်သည့် မိမိတို့၏ အကျိုးစီးပွားများရှိရာ ရေပြာ သမုဒ္ဒရာများဆီသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition)အဖြစ် အဆင့်လိုက် မျှော်မှန်းတည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ ရည်မှန်းချက်အဆင့်တိုင်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုက်စွမ်းရည် မြင့်မားသည့် စစ်ရေယာဉ်ကြီးများ လိုအပ်သကဲ့သို့ ယခုစစ်ရေယာဉ်ကြီးများကို ကိုင်တွယ်မောင်းနှင်နိုင် မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ်စစ်သည် တော်များ ဖြစ်စေရေး အမြဲတမ်းလေကျင့်နေရန် လိုအပ်မည် ဖြစ်ကြောင်း။
တိုက်စွမ်းရည်ပြည့်ဝစေရန်အတွက် တိုက်ပွဲဝင် စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်မည့် စစ်သည်တော်များကိုလည်း အရည်အချင်းပြည့်ဝ သည့် စစ်သည်တော်ကောင်းများဖြစ်အောင် ပြုစု ပျိုးထောင်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထိုသို့ လေ့ကျင့်သည့်အခါတွင် တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန်အတွက် ပြည်တွင်းသင်တန်းများ၌ ထူးချွန်စွာအောင်မြင်ကြသည့် အရာရှိ၊ စစ်သည် များကို ပြည်ပနိုင်ငံများသို့ စေလွှတ်တက်ရောက် စေလျက်ရှိရာ ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံ များအပါအဝင် နိုင်ငံအများအပြားသို့ အရာရှိ၊ စစ်သည်များ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်ပြီး ပြည်တွင်း၌လည်း Mobile Training Team နည်းပြများအား ခေါ်ယူသင်ကြားစေလျက်ရှိရာ အရာရှိ၊ စစ်သည် အများအပြားကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ရေတပ်သားများ လေ့ကျင့်ရေးဆိုင်ရာ တိုးတက်မြင့်မားစေရန်အတွက် လေ့ကျင့်ရေး သင်ထောက်ကူ Simulator နှင့် Trainer များ ဖြည့်ဆည်းပေးခြင်း၊ လေ့ကျင့်ရေးအထောက်အကူပြု အဆောက်အဦများ တိုးချဲ့တည်ဆောက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဖွဲ့လိုက် စွမ်းရည် တိုးတက်စေရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ၊ Sea Shield လေ့ကျင့်ခန်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲ ကင်းလှည့်မှုလေ့ကျင့်ခန်းများ၊ ပြည်ပနိုင်ငံများနှင့် ရေကြောင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ခန်းများကို နှစ်စဉ်ပုံမှန် ဆောင်ရွက်စေလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတကာ ရေတပ်များနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေ သကဲ့သို့ တပ်ဖွဲ့အချင်းချင်း အတွေ့အကြုံများဖလှယ် နိုင်ခြင်း၊ အပြန်အလှန်ယုံကြည်မှုရရှိစေနိုင်ခြင်း၊ ပင်လယ်ပြင် တာဝန်ထမ်းဆောင်နိုင်မှု အတွေ့အကြုံ၊ သမုဒ္ဒရာဖြတ်ကျော်မောင်းနှင်ရသည့် အတွေ့အကြုံ များ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်ပြီး အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးအရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်များတွင် တာဝန်ပေးအပ် ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့်ရေး များတွင်ပါ လက်ရှိတာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း။
တပ်မတော်(ရေ)အင်ဂျင်နီယာများ တည်ဆောက်
ယနေ့တပ်တော်ဝင်ခဲ့သည့် Super Dvora အမြန် သွား ကင်းလှည့်ရေယာဉ်များကို ပြည်ပမှနည်းပညာ လွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) အင်ဂျင်နီယာ ပညာရှင်များကိုယ်တိုင် နည်းပညာမြင့် တည်ဆောက် နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ပြီး ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့် ခုတ်မောင်းနိုင်ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက်ရေး တာဝန်များကိုပါ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် ကမ်းရိုးတန်းရေပြင်တွင် မည်သည့် ကျူးကျော်မှုမျိုး ကိုမဆို ကျွန်းကြိုကျွန်းကြားမှ စစ်နည်းဗျူဟာမြောက် မြန်နှုန်းမြင့် မောင်းနှင်ပြီး တားဆီးချေမှုန်း တိုက်ခိုက် နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းပင် ဖြစ်ကြောင်း၊ Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံ များစွာရှိပြီးဖြစ်သဖြင့် ယခုထက် အရွယ်ပမာဏ ပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွားရန်လို ကြောင်း။
မျက်မှောက်ခေတ် ကြုံတွေ့နေရသည့် စစ်ဆင် ရေး သဘောသဘာဝအရ တပ်မတော်(ရေ)အနေဖြင့် သမားရိုးကျစစ်ဆင်ရေးများအတွက် ပင်လယ်ပြင် တိုက်ပွဲဝင်နိုင်ရေး (Open Sea Battle) ကို ပြင်ဆင် နေရသကဲ့သို့ လက်ရှိလုံခြုံရေးအခြေအနေများအရ
မြစ်တွင်းစစ်ဆင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လာရကြောင်း၊ ယခုတပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ ရေမြေ လိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ယခုစစ်ရေယာဉ်များပေါ်တွင် ခြေလျင် တပ်ဖွဲ့များတင်ဆောင်ပြီး ရေကြောင်းပစ်ကူပေးနိုင် ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့ ခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ တင်ဆောင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်တာဝန်များကိုပါ ထမ်းဆောင်သွား နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ရှည်လျားလှသည့် မြစ်ကြီး များအတွင်း ရေကြောင်းလုံခြုံရေးများ၊ စစ်ဆင်ရေး များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။
သီးသန့်စီးပွားရေးဇုန်ကာကွယ်နိုင်ရေး
ဟန်ချက်ညီသည့် ရေတပ်တစ်ခုတည်ဆောက် ရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရေး၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနိုင်ရေးအတွက် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များအပါအဝင် အမြန်သွား ကင်းလှည့်ရေယာဉ်၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်၊ အုပ်ချုပ်ထောက်ပံ့ရေး ရေယာဉ်များကိုပါ အချိုး အစားမျှတစွာ လိုက်လျောညီထွေရှိအောင် စနစ် တကျ တည်ဆောက်ပေးလျက်ရှိကြောင်း။
ပင်လယ်ပြင်သည် နိုင်ငံတော်၏ အနာဂတ် အကျိုးစီးပွားကို ပုံဖော်နေသည့်အတွက် ပင်လယ်ပြင် ကို ကာကွယ်စောင့်ရှောက်ရေး၌ တပ်မတော်(ရေ)၏ အဓိက တာဝန်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ပင်လယ်ပြင် ရေကြောင်းလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ)သည် ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းကြောင်း တစ်လျှောက် တပ်မတော်(ရေ)၌ တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်(ရေ)၏ ပဲ့ကိုင်ရှင်များ၊ လက်တွဲဆောင်ရွက်ခဲ့ကြသည့် စစ်သည်တော်များ၏ ကြိုးပမ်းတည်ဆောက်ခဲ့မှု အစဉ်အလာကောင်းများ ကြောင့် နိုင်ငံတော်နှင့် တပ်မတော်က အားထား ရသည့် ပြည်သူက အားကိုးရသည့် စွမ်းအားနှင့် စွမ်းရည်ပြည့်ဝသော ရေတပ်တစ်ခုအဖြစ်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း။
ယနေ့အခါသမယတွင် လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသည့်အရာရှိ၊ စစ်သည်များအနေဖြင့် ရှိရင်းစွဲ သမိုင်းအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကာ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ)၌ ပါဝင်ထမ်းဆောင်ခွင့် ရရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ထမ်းဆောင်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃) ရေတပ်ဆိပ်ခံတံတား မှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ် (ရတနာပုံ) ဖြင့် ထွက်ခွာကြသည်။
ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၅)နှစ်မြောက် တပ်မတော်(ရေ) စိန်ရတုနှစ်ပတ် လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်လှီးခြင်းအားဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ)များနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က (၇၅) နှစ်မြောက် တပ်မတော်(ရေ) စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်း အမှတ်တံဆိပ်များအား အမှတ်တရလက်ဆောင် အဖြစ် ပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၅)နှစ်မြောက် တပ်မတော်(ရေ) စိန်ရတုနှစ်ပတ် လည်နေ့ အထိမ်းအမှတ်ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်း အမှတ်စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး ကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်း ဌာနချုပ်အလိုက် ခင်းကျင်းပြသထားသည့်ပြခန်းများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ အရောင်းဆိုင်များ၊ စာအုပ် အရောင်းဆိုင်နှင့် တပ်မတော်ထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ တပ်မတော် (ရေ)စစ်တီးဝိုင်းတပ်ဖွဲ့ ၏ တီးမှုတ်ဖျော်ဖြေမှုများနှင့် ပဒေသာကပွဲများ၊ တိုင်းရင်းသားရိုးရာတေးသီချင်းအကအလှတို့ဖြင့် ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းခြင်း နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်