ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

=====================================================

နေပြည်တော် ဇန်နဝါရီ ၇

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အဓိကတာဝန်ဖြစ်

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ကို ဖွဲ့စည်းပေးခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်းရှစ်နှစ် ကျော်ပြီဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်ရမည့် တာဝန်များ ပိုမိုကြီးမားလာသည်ကို အားလုံး သတိပြုမိကြမည်ဖြစ်ပါ ကြောင်း၊ လက်ရှိပစ္စုပ္ပန်တွင် သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးနိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ၊ ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက် များကို ရေးဆွဲချမှတ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ အဓိကတာဝန်ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့ရာ ယခုဆိုလျှင် ဝန်ထမ်း အင်အား စုစုပေါင်း ၁၄၁၁ ဦးထိ ရှိလာပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ရုံး ၁၅ ရုံး၊ ခရိုင်အဆင့်ရုံး ၄၅ ရုံးနှင့် မြို့နယ်အဆင့်ရုံး ခုနစ်ရုံးတို့ကိုလည်း ဖွင့်လှစ်နိုင် ခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ်၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များကို အခြေခံပြီး ဆက်စပ်ကအသီးသီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများကို ပေါင်းစပ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုသည် အတိုင်းအတာတစ်ခု အထိ အောင်မြင်မှုရလဒ်ကောင်းများ ဖော်ဆောင်နိုင်သည်ကို တွေ့ရပါကြောင်း၊ ယခုတက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများအနေဖြင့် ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်း၊ အင်အားဖြည့်တင်းရေးနှင့်ပတ်သက်ပြီး အစိုးရ အဖွဲ့မှ အတည်ပြုထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်ကာလအတွင်း ခရိုင်ရုံး ၄၃ ရုံးနှင့် မြို့နယ်ရုံး ၁၉၄ရုံး ဖွင့်လှစ်သွားရန် လျာထားချက် အပေါ် ဘဏ္ဍာနှစ်အလိုက် ရုံးများဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများ ခန့်ထားနိုင်ရေး၊ ဘဏ္ဍာငွေ ရရှိရန်အတွက် လုပ်ငန်းအစီအစဉ်များနှင့် ဘဏ္ဍာငွေများကို ထည့်သွင်းလျာ ထား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ် မည့် ခရိုင်/မြို့နယ်ရုံးများကိုလည်း ဘဏ္ဍာနှစ်အတွင်း အချိန်မီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။

ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေး

ဒုတိယသမ္မတ ဦးစီးသည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးကို ဒသမအကြိမ်အထိ ကျင်းပနိုင်ခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များကို ပြည်ထောင်စုဝန်ကြီးဌာနအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အဆင့်များသာမက ခရိုင်/ မြို့နယ် အဆင့်ထိ ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည် ဖော်နိုင်ရေးအတွက် တစိုက်မတ်မတ် ညှိနှိုင်းဆောင်ရွက် ရန် လိုပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကဏ္ဍအားလုံးနှင့် သက်ဆိုင်နေသည့်အတွက် ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ဆက်စပ်ဌာနများပါဝင်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) ရည်မှန်းချက်များ ရရှိရန် အတွက် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် “အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ”၊ ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရန် “ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်”၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်နိုင်ရန် “စွန့်ပစ်ပစ္စည်း ဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ”ကို အခြေခံ၍ တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲရေး နှင့် အစီအမံများကို မြေပြင်တွင် လက်တွေ့အကောင် အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ NGO၊ CSO များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ် ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့

ထို့ပြင် နယ်ပယ်အသီးသီး၏ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများကို ရှောင်ရှားလျှော့ချ ထိန်းချုပ်နိုင်ရန်အတွက် ပတ်ဝန်းကျင် ဆိုင်ရာ အစီအမံများအပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းတွင် အစီအမံများနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိရသည့်အတွက် အားရမိပါကြောင်း၊ အချို့သော တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များကို ခွင့်ပြု ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင်၊ လူမှု ဘဝကို အထောက်အကူပြုမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု အနည်းဆုံးနှင့် ထိန်းချုပ် နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် သတ္တုကဏ္ဍမှဌာန/ လုပ်ငန်းများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကို တင်ပြပြီး ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို မပျက်မကွက် ပေါင်းစပ်ဆောင်ရွက်ရန် လိုပါကြောင်း။

 

ထို့ပြင် ယခုဘဏ္ဍာနှစ် လျာထားချက်ပါ အဆောက် အဦ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းတို့တွင် တင်ဒါ လုပ်ထုံးလုပ်နည်းအတိုင်း သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီတွင် မီးလောင်ကျွမ်းမှုများ ထိန်းချုပ်နိုင် ရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် အရာထမ်း/ အမှုထမ်းများကို နည်းပညာသာမက စီမံ အုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ အဂတိ ကင်းရှင်းစွာဖြင့် မိမိတာဝန်များကို တာဝန်ယူမှု/တာဝန် သိမှု စိတ်ဓာတ်အပြည့်အဝဖြင့် ကျေပွန်စွာ ထမ်းဆောင် ကြရန်၊ ဝန်ထမ်းအချင်းချင်းကြားတွင် စည်းလုံးညီညွတ် စွာဖြင့် ခိုင်မာသောယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ဦးစီးဦးဆောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြည့်စွက် မှာကြားလိုပါကြောင်း။

 

ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်

အမျိုးသားအကျိုးစီးပွား ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ပတ်ဝန်းကျင် ညစ်ညမ်း မှု ထိန်းချုပ်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ် ရည်မှန်းချက်များကို အပြည့်အဝ အကောင် အထည်ဖော် ပေါင်းစပ်နိုင်ရေးအတွက် အတွေ့အကြုံနှင့် သင်ခန်းစာများ၊ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လေ့လာသုံးသပ်ပြီး မူဝါဒနှင့် ဥပဒေဆိုင်ရာ၊ အဖွဲ့အစည်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ EIA အကောင်အထည်ဖော် ရေးနှင့် စောင့်ကြည့်စစ်ဆေးအရေးယူခြင်းဆိုင်ရာ၊ သဘာဝ သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စသည့် ဘက်စုံပါဝင်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး ဦးစီးရုံးချုပ်၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ ဝန်ထမ်း အားလုံး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများ၊ တာဝန်ခံများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (ပတ်ဝန်းကျင်) တာဝန်ခံများ က သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ကို ဆွေးနွေးတင်ပြကြပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ က ပြန်လည်သုံးသပ်ဆွေးနွေးကြကာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်